DVB Logo
Home
မြန်မာသတင်း
ရခိုင်ကော်မရှင် သမ္မတထံတင်ပြထားချက် လူသိရှင်ကြားထုတ်ပြန်
DVB
·
December 25, 2012
Donate to DVB

ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်က နိုဝင်ဘာလလယ်ပိုင်းက သမ္မတထံ တင်ပြတဲ့ ကြားဖြတ်အစီရင်ခံစာပါ အချက်တွေကို ဒီဇင်ဘာ ၂၄ ရက် ရက်စွဲနဲ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

ကြားဖြတ်အစီရင်ခံစာပါ တင်ပြချက်တွေထဲမှာ ပဋိပက္ခ္ခချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်သင့်တာတွေအပေါ် အကြံပြုချက် ၄ ချက်၊ နိုင်ငံတော်အစိုးရအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်တွေအပေါ် အကြံပြုချက် ၂၆ ချက်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အကြံပြုချက် ၉ ချက်တို့ ပါဝင်ပါတယ်။

ကော်မရှင်ရုံးအဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌက သတင်းမီဒီယာတွေကို တွေ့ရှိချက်တချို့ ရှင်းလင်းသလို အခါအားလျော်စွာ ရှင်းလင်းသွားမယ်လို့ ပြောဆိုအပြီးမှာ ရခိုင်ကော်မရှင်ဘက်ကလည်း လိုက်ပါလုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) အကြီးအကဲနဲ့ အီရန်လွှတ်တော်အမတ်တွေ  မြန်မာပြည်ကိုလာဖို့ ရှိနေစဉ်မှာ  သတင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရခိုင်စုံစမ်းရေးကော်မရှင်ဟာ ပဋိပက္ခဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ဒေသတွေကို အောက်တိုဘာလကုန်ထိ ကွင်းဆင်းလေ့လာ သုတေသနလုပ်လို့ ရရှိတဲ့ အချက်အလက်တွေနဲ့ ပြည်တွင်းပြည်ပက ရရှိတဲ့ စာအုပ်စာတမ်း အထောက်အထားတွေကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ပြီး ကြားဖြတ်အစီရင်ခံစာကို သမ္မတထံ နိုဝင်ဘာ ၁၆ ရက်က တင်သွင်းခဲ့တာလို့ ဆိုပါတယ်။

အဲဒီအချက်တွေထဲမှာ နိုင်ငံတကာ လူ့အခွင့်အရေးစံတွေနဲ့အညီ ဆောင်ရွက်နိုင်ရေး၊ ဆောင်ရွက်မှုတွေ ပွင့်လင်းမြင်သာမှုရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူတွေ လုံလုံခြုံခြုံနေထိုင်နိုင်ရေး၊ အစားအစာဖူလုံရေး၊ ကျန်းမာရေးလုံခြုံမှုရှိရေး၊ ဒုက္ခသည်တွေရဲ့ စိတ်ဓာတ်ရေးရာ မတည်ငြိမ်မှု၊ အကြောက်တရားလွှမ်းမိုးမှုတွေကို အမြန်ကုစားနိုင်ရေး၊ သတင်းမှန်တွေကို တိတိကျကျမှန်မှန်ကန်ကန်နဲ့ လျင်လျင်မြန်မြန် ထုတ်ပြန်နိုင်ရေးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် လမ်းပန်းဆက်သွယ်မှု ပိုကောင်းအောင်လုပ်ပေးဖို့၊ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့တွေပူးပေါင်းပြီး ဒုက္ခသည်တွေကို အကောင်းဆုံး ကူညီနိုင်မယ့်လုပ်ငန်းလမ်းညွှန်တခု အမြန်ရှာဖွေဖော်ထုတ်ရေး၊ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကိုမဆို ဖြစ်ခဲ့တဲ့ပဋိပက္ခအပေါ် မိမိအကျိုးနဲ့ မိမိအဖွဲ့အစည်းအကျိုးအတွက်  အသုံးချခြင်းမှ တားမြစ်ကာကွယ်ရေး၊ ဘာသာရေးအစွန်းရောက်အတွေးအခေါ်များ ၀င်မလာရေးအတွက် ကာကွယ်ရေး၊ တရားမ၀င်ခိုးဝင်လာသူများမရှိစေဖို့နဲ့ ထိရောက်စွာကာကွယ်ဖို့။ လာဘ်ပေးလာဘ်ယူကင်းရှင်းစေဖို့နဲ့ လှုံ့ဆော်သူတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဖို့ တင်ပြထားပါတယ်။

ဆက်လက်ပြီး နိုင်ငံသားဥပဒေပြုရေးကိစ္စတွေ၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးအတွက် နှစ်ဘက်အဖွဲ့အစည်းက ရပ်တည်ချက်သဘောထားမှန်တဲ့ ခေါင်းဆောင်တွေပါဝင်တဲ့ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မယ့်အဖွဲ့ (Task Force) တခုဖွဲ့စည်းရေး၊ လူနေမှုအဆင့်အတန်းပိုမြင့်လာဖို့ မိသားစုစီမံကိန်းတွေ၊ သားဆက်ခြားအစီအစဉ်တွေနဲ့ အချင်းချင်း မယုံကြည်မှုတွေ လျော့ကျစေမယ့် ပညာပေးအစီအစဉ်တွေနဲ့ ဖိုရမ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးဖို့၊ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အပြင် စနစ်မကျတဲ့ ဘာသာရေးကျောင်းတွေကို စိစစ်ကြပ်မတ်ရေး စတဲ့ အကြောင်းအရာတွေကို အစီရင်ခံခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်းရေးကော်မရှင်ရဲ့ ရုံးအဖွဲမှူး ဦးထန်ကျင်ထောင်းက “ကျနော်တို့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကြားဖြတ်အစီရင်ခံစာတခု တင်လိုက်တယ်။ တင်လိုက်တော့ တချို့ကလည်း မေးတယ်ပေါ့။ ဘာသတင်းမှ မထုတ်ပြန်ဘူးလား ဘာညာဆိုပြီးမှမေးတယ်။ ဒါနဲ့ ဒီကလူကြီးတွေက သုံးသပ်တာက ကျနော်တို့က နိုင်ငံတော်သမ္မတက တိုက်ရိုက်တာဝန်ပေးထားတာလည်း ဖြစ်တယ်။ သမ္မတဆီကိုတော့ ကျနော်တို့ တွေ့ရှိချက်လေးတွေ။ သုံးသပ်ချက်လေးတွေ တင်ပြထားတယ်။ အဲဒီတော့ လိုအပ်တယ်ဆိုရင်တော့ သမ္မတရုံးက သတင်းထုတ်ပြန်တာတို့ ရှင်းလင်းတာတို့ သူတို့လုပ်မယ်ပေါ့။ သို့သော်လည်း ကော်မရှင်အဖွဲ့ဝင်ထဲက တချို့ကလည်း ထုတ်ပြန်ချက်လေးတခုခုပေါ့။ ကိုယ်ဘာလုပ်တယ်ဆိုတာလေးတော့ ပြည်သူလူထုကို အသိပေးထားရင်လည်း ကောင်းမယ် ဆိုတဲ့အတွက် ကျနော်တို့ သတင်းထုတ်ပြန်ချက် ၃ အနေနဲ့ ထုတ်ရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တွေထဲက မွတ်စလင် ၂ ဦးဖြစ်တဲ့ ဦးညွန့်မောင်ရှိန်နဲ့ ဦးမောင်မောင်သန်းတို့ ၂ ဦးကို ကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ် သို့မဟုတ် ရပ်ဆိုင်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ နိုင်ငံတော်သမ္မတရုံးကသာ ဆောင်ရွက်ပိုင်ခွင့်ကိစ္စဖြစ်လို့ သူ့အနေနဲ့ ဖြေဆိုပိုင်ခွင့်မရှိပါဘူးလို့ ပြောပါတယ်။ ဒီကိစ္စကို နိုင်ငံတော်သမ္မတရုံးကလည်း မထုတ်ပြန် မရှင်းလင်းသေးသလို ကော်မရှင်အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်ရင်လှိုင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

အဲဒီကြားဖြတ်အစီရင်ခံစာ တင်သွင်းတုန်းက ကော်မရှင်သက်တမ်းကို တိုးမြှင့်ပေးဖို့ မေတ္တာရပ်ခံချက်ကို လာမယ့် မတ်လကုန်ထိ သက်တမ်းတိုးမြှင့်ဆောင်ရွက်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က လိုက်လျောခဲ့ပါတယ်။

ဒါကြောင့် ကော်မရှင်ဟာ အပြီးသတ်အစီရင်ခံစာ တင်သွင်းနိုင်ဖို့ အချက်အလက်တွေ ကောက်ယူတဲ့လုပ်ငန်းကို လာမယ့်နှစ် ဇန်န၀ါရီ ပထမပတ်မှာ ကွင်းဆင်းပြီး သုတေသနလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လကစလို့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြောင့် လူပေါင်းရာချီသေဆုံးခဲ့ပြီး လူနေအိမ်ခြေတွေ၊ ဘာသာရေးအဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေ အမြောက်အမြား မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လူသောင်းပေါင်းများစွာ ရှောင်တိမ်း ပုန်းအောင်းနေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013