DVB Logo
Home
အာရှဒေသ
မြောက်ကိုရီးယားမှ လာကြသည်
DVB
·
December 25, 2012
မြောက်ကိုရီးယားမှ လာကြသည်
Donate to DVB

မြောက်ကိုရီးယားနယ်စပ်နဲ့ တဖက်ကမ်း၊ တရုတ်ပြည်နယ်စပ်မြို့လေးရဲ့ စားသောက်ဆိုင်မှာ အမျိုးသမီးဂီတအဖွဲ့တဖွဲ့ ဖျော်ဖြေနေပါတယ်။ သူတို့အားလုံး မြောက်ကိုရီးယားသူတွေချည်းပါပဲ။

“တရုတ်ပြည်မှာ အလုပ်လာလုပ်ကြတဲ့ မြောက်ကိုရီးယားက အလုပ်သမားတွေက အရည်အချင်း မြင့်မားကြတယ်”လို့ ဒန်းဒေါင်းမြို့ စီးပွားရေးသမား ၀မ်ယွန်းဂိန်းက ဆိုပါတယ်။

ဒီမြို့မှာ သူဖွင့်ထားတဲ့ မြောက်ကိုရီးယားစားသောက်ဆိုင်မှာ ဧည့်သည်တွေကို မြောက်ကိုရီးယား ဖျော်ဖြေမှုတွေကို တင်ဆက်တယ်။ မြောက်ကိုရီးယားဘက်မှာလည်း ၀မ် ယွန်းဂိန်းပိုင်တဲ့ မိုဘိုင်းဖုန်းစက်ရုံ ရှိပါတယ်။

မြောက်ကိုရီးယားက အလုပ်သမားတွေနဲ့ အလုပ်လုပ်ရတာ ကောင်းတဲ့အကြောင်း သူရှင်းပြတာက “လူနည်းနည်းကိုပဲ ရွေးပြီး လွှတ်လိုက်တာကိုး။ ဒီကို မလာခင်မှာ မြောက်ကိုရီးယားမှာ သင်တန်းလည်း ကြိုတက်ရတယ်လေ” တဲ့။

ဒန်းဒေါင်းမြို့ရဲ့ မြစ်ကမ်းနံဘေးတလျှောက်က စားသောက်ဆိုင်တွေမှာ မြောက်ကိုရီးယား အစားအသောက်တွေ ရနိုင်သလို၊ မြောက်ကိုရီးယားက ဖျော်ဖြေမှုတွေကို တင်ဆက်ပါတယ်။

ဒါကြောင့် ဒီလိုစားသောက်ဆိုင်တွေမှာ နှစ်နိုင်ငံနယ်စပ်ကုန်သည်တွေ၊ မြောက်ကိုရီးယားကို ခပ်လှမ်းလှမ်းက ကြည့်ချင်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ပြည့်နေတတ်ပါတယ်။

ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေအတွက်ကတော့ မြောက်ကိုရီးယားသားတွေနဲ့ တွေ့ရတာကလည်း  စိတ်လှုပ်ရှားစရာဖြစ်နေတဲ့အကြောင်း ဧည့်လမ်းညွန် လီဟူးက ပြောပြပါတယ်။

“နံပါတ် ၁ ကတော့ သူတို့က ငယ်တယ်၊ လှတယ်။ နံပါတ် ၂ ကတော့ သူတို့က အဆိုနဲ့ အကမှာ ပါရမီအခံရှိတဲ့ ဂီတသမားလေးတွေ၊ တော်တော်များများက ပြုံးယမ်းမှာတော့ တက္ကသိုလ်ကျောင်းသူတွေပေါ့။”

ဒန်းဒေါင်းမြို့နဲ့ မြောက်ကိုရီးယားသားတွေဆိုတာက ခွဲခြားလို့ မရအောင်ပါပဲ။ မီးရထားဘူတာမှာ ကြေညာတဲ့ဘာသာတွေထဲမှာလည်း ကိုရီးယားဘာသာစကားလည်း ပါဝင်ပါတယ်။

မြောက်ကိုရီးယားသားတွေဟာ ဒီမြို့က စားသောက်ဆိုင်တွေမှာပဲ အလုပ်လုပ်ကြတာမျိုးတော့ မဟုတ်ပါဘူး။ တခြား ထုတ်လုပ်မှုကဏ္ဍတွေ၊ သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ ချည်မျှင်နဲ့ အထည်လုပ်ငန်းတွေမှာလည်း သူတို့တွေ အလုပ်လုပ်ကြပါတယ်။

ဒန်းဒေါင်းမြို့က စက်ရုံမန်နေဂျာတွေကတော့ မြောက်ကိုရီးယားက အလုပ်သမားတွေကို လိုအပ်တယ်လို့ ပြောကြပါတယ်။ ဒေသခံတွေ မလုပ်ချင်တဲ့ အလုပ်တွေကို မြောက်ကိုရီးယားသားတွေက လုပ်ကြတာကြောင့်ပါ။

ဓာတ်ငွေ့မီတာတွေ တပ်ဆင်တဲ့ စက်ရုံပိုင်ရှင် လီ ရှင်းပြတာကတော့ “ဒေသခံအလုပ်သမားတွေလောက်နဲ့ မလုံလောက်ပါဘူး၊ ဒေသခံတွေကို ငှားတယ်ပဲ ထားဦး၊ လုပ်ခက ဈေးကြီးတယ်။ မြောက်ကိုရီးယားတွေကို ငှားတာထက်စာရင် ၂ ဆလောက် ပိုပေးရတယ်။”

မြောက်ကိုရီးယားကနေ နယ်စပ်ကို ဖြတ်ပြီး တရုတ်ပြည် ဒန်းဒေါင်းမြို့ဘက်ကို ကူးလာပြီး အလုပ်လုပ်၊ အလုပ်ပြီးတဲ့အချိန် ပြန်တဲ့၊ နေ့ချင်းပြန် အလုပ်သမားတွေလည်းရှိပါတယ်။

“အလုပ်သမားကိစ္စ စီမံခန့်ခွဲရတာ ဗျာမများရပါဘူးဗျာ။ အလုပ်သမားရှာဖွေပေးတဲ့ အဖွဲ့တွေရှိတယ်၊ သူတို့က အကုန်စီစဉ်ပေးတယ်” လို့ လီက ဆိုပါတယ်။

ဒါပေမယ့် အလုပ်သမားတွေလက်ထဲကို ငွေအကုန်ရောက်တာတော့မဟုတ်ပါဘူး။ အစိုးရရဲ့အလုပ်သမားအကျိုးဆောင်အဖွဲ့တွေက တဆင့် အဲဒီငွေက မြောက်ကိုရီးယား အစိုးရဆီကို ရောက်သွားပါတယ်။

တကယ်တမ်း အလုပ်သမားတွေကို အဲဒီ အလုပ်သမားအကျိုးဆောင်အဖွဲ့တွေက တဆင့် စေလွှတ်လိုက်တာကလည်း အစိုးရကိုယ်တိုင် ဖြစ်နေပါတယ်။ အစိုးရချုပ်ကိုင်ထားတဲ့ စီးပွားရေးစီမံကိန်းတခုအနေနဲ့ စေလွှတ်လိုက်တာပါ။

မြောက်ကိုရီးယား အလုပ်သမားတွေကို ပြုလွယ်ပြင်လွယ် စာချုပ်စာတမ်းနဲ့ ငှားရမ်းနိုင်တဲ့ အကြောင်းကို လီက အခုလို ဆက်ပြောပြပါတယ်။

“များများငှားနိုင်ရင် များများမှာရုံပဲ၊ အခြေအနေပေါ်မူတည်တာပေါ့။ အလုပ်သမားတွေကို တိုးချင်ရင်လည်း တိုးနိုင်တယ်၊ လျှော့ချင်ရင်လည်း လျှော့နိုင်တယ်။ စာချုပ် သက်တမ်းကိုလည်း တိုးချင်လည်းရတယ်။ လျှော့ချင်လည်းရတယ်။”

ဒန်းဒေါင်းမြို့မှာ မြောက်ကိုရီးယားက အလုပ်သမားတွေ ဘယ်လောက်များများ ရှိသလဲဆိုတဲ့ တရားဝင်ကိန်းဂဏန်းတော့ မရှိပါဘူး။

ဒေသအာဏာပိုင်တဦးကတော့ အလုပ်သမားတွေဟာ စက်မှုလက်မှုလုပ်ငန်း သင်တန်းတက်ရန် ဆိုတဲ့ ပြည်ဝင်ခွင့်ဗီဇာတွေနဲ့ ရောက်လာကြတာလို့ ပြောပါတယ်။ အဲဒီဗီဇာက စာချုပ်နဲ့ လာတဲ့ အလုပ်သမားတွေအတွက် ပေးတဲ့ ဗီဇာပါ။ နေ့ချင်းပြန် မလုပ်ဘဲ တချို့ဆိုရင် ဒန်းဒေါင်းမြို့မှာ ၂ နှစ်၊ ၃ နှစ်စာချုပ်နဲ့ အလုပ်လုပ်ကြပါတယ်။

သာမန် အလုပ်သမားတွေရဲ့ လစာကတော့ ပျမ်းမျှ ၁ လကို အမေရိကန် ဒေါ်လာ ၂၀၀ ကနေ ၃၀၀ အတွင်းလောက် ရကြပါတယ်။ အရည်အချင်းမြင့်တဲ့ အလုပ်သမားတွေကတော့ ၁ လကို ဒေါ်လာ ၅၀၀ လောက်အထိ ရကြပါတယ်။

စီးပွားရေးသမား ၀မ်ယွန်းဂိန်းက ကိုရီးယားအလုပ်သမားတွေဟာ စီမံခန့်ခွဲရတာ လွယ်သလောက်၊ အလုပ်မှာ ၀ီရိယကောင်းကြတယ်လို့ ပြောပါတယ်။

ဒန်းဒေါင်းမြို့ထဲက စားသောက်ဆိုင်တဆိုင်မှာ လူအလာများတဲ့ ညစာစားချိန်မှာ မြောက်ကိုရီးယား စားပွဲထိုးမလေးတယောက်က ဧည့်သည်တွေကို ကြိုနေပါတယ်။ ဒါပေမယ့် ရယ်ရယ်မောမောနဲ့ အာလာပသလ္လာပပြောတာတော့ မတွေ့ရပါဘူး။

စက်ရုံထဲမှာလည်း ကိုရီးယားက အလုပ်သမားတွေဟာ ဒီလိုပဲ သီးသီးသန့်သန့်နဲ့ နေကြတာပဲ များတယ်လို့ စက်ရုံပိုင်ရှင် လီက ပြောပါတယ်။

“ကိုယ်ဟာကိုယ်နေကြတာလေ၊ သူတို့ကို စကားသွားပြောရင်တောင်မှ ပြန်မပြောကြဘူး။ အလုပ်ပဲ လုပ်နေတာမျိုး။ ကိုယ့်အမြင်တွေကို လွတ်လွတ်လပ်လပ် မဖော်ထုတ်ချင်တဲ့ အလေ့အကျင့်ကနေ ဒီလိုမျိုးတွေ ဖြစ်နေတာဖြစ်မယ်။”

“ဟိုတုန်းက တရုတ်တွေလည်း ဒီလိုပါပဲ။ တရုတ်ပြည်က ယဉ်ကျေးမှုတော်လှန်ရေး ကာလတုန်းကဆိုရင် လူတွေက ကိုယ့်စိတ်ထဲအတိုင်း ပွင့်ပွင့်လင်းလင်း မဖော်ထုတ်ရဲကြတဲ့အချိန်လေ၊ အထက်က အမိန့်ပေးရင် ပေးတဲ့အတိုင်း တသွေမတိမ်း လိုက်နာခဲ့ရတဲ့ အချိန်ကာလတွေပေါ့။”

ဒန်းဒေါင်းမြို့အပါအ၀င် နယ်စပ်မြို့တွေဟာ မကြာခင်မှာ မြောက်ကိုရီးယား အလုပ်သမားတွေ အလုံးအရင်းဝင်လာမယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။

တောင်ကိုရီးယားက ချိုဆန်း အီဘို (Choson Ilbo) သတင်းဌာနရဲ့ သတင်းအရ တရုတ်ဘက်က နယ်စပ်ဂိတ်ကို ဖွင့်ဖို့ သဘောတူထားပြီး ဖြစ်သလို၊ ဒီနှစ်အကုန်လောက် ကျရင် မြောက်ကိုရီးယားကလည်း အလုပ်သမား ၁ သိန်း ၂ သောင်းကို စေလွှတ်ဖို့ ရှိပါတယ်။

တရုတ်အစိုးရကလည်း လုပ်အားခဈေးပေါတဲ့ မြောက်ကိုရီးယားအလုပ်သမားတွေကို ထိန်းရသိမ်းရလွယ်ကူစေဖို့ သူတို့အတွက် သီးသန့်ရပ်ကွက်တွေ စီစဉ်ပေးဖို့လည်း သဘောတူထားပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံစလုံးကတော့ ဒီအကြောင်းတွေကို လူသိရှင်ကြား ထုတ်ပြန်တာတော့ မရှိပါဘူး။

Lam Li reporting from Dandong, China.

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013