DVB Logo
Home
မြန်မာသတင်း
အင်အားကြီး ပါတီ ၂ ခုကို ယှဉ်နိုင်ရန် တိုင်းရင်းသားပါတီများ စည်းလုံးရန် လိုအပ်
DVB
·
December 24, 2012
အင်အားကြီး ပါတီ ၂ ခုကို ယှဉ်နိုင်ရန် တိုင်းရင်းသားပါတီများ စည်းလုံးရန် လိုအပ်
Donate to DVB

လာမယ့် ၂၀၀၅ ရွေးကောက်ပွဲမှာ အင်အားကြီးပါတီ ၂ ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် တိုင်းရင်းသားပါတီအချင်းချင်း စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်တယ်လို့ တိုင်းရင်းသားပါတီခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

ညီနောင်တိုင်းရင်းသားပါတီ မဟာမိတ်အဖွဲ့ဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “တိုင်းရင်းသားဒေသတွေမှာ၊ ဥပမာ ၂၀၁၅ ဥပဒေကြမ်းဟာ ဘယ်ပါတီလဲ။ ဒီမိုကရေစီဘက်ကို မသွားတာ ဘယ်ပါတီရှိသလဲ။ ရွေးကောက်ပွဲမှာ နိုင်အောင် ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ ရှိမှာပေါ့။ ဘယ်သူက ဒီမိုကရေစီဘက်ကို ဦးတည်တဲ့ ပါတီလဲ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဖော်ဆောင်မယ့် ပါတီလဲ။ ဒါမျိုးဦးတည်တဲ့အခါမှာ ပြိုင်မယ့်ပါတီက ဘယ်သူဖြစ်သင့်လဲ။ ယှဉ်ပြိုင်နိုင်မယ့် ယှဉ်ပြိုင်ဘက်ကို ရွေးချယ်နိုင်မှုအား ၂၀၁၅ မှာ အရေးကြီးလာတာပေါ့။ ဒါကြောင့် တိုင်းရင်းသားပါတီဘယ်မှာလည်း မဟာဗျူဟာရှိရလိမ့်မယ်။ အမျိုးသားပါတီတရပ်ဟာ ဟိုးတုန်းကလို လူမျိုးကြီးဝါဒစိုးမိုးတဲ့ ပါတီကြီးတခုဖြစ်သွားမှာကို အင်မတန်စိုးရိမ်ကြပါတယ်” လို့ ပြောပါတယ်။

ဒါပေမယ့်  တိုင်းရင်းသားပါတီအချင်းချင်း စည်းလုံးဖို့ဆိုရာမှာ  ပြည်တွင်းဂျာနယ် တချို့မှာ ရေးသား ဖော်ပြနေကြသလို တိုင်းရင်းသားပါတီတွေ ပူးပေါင်းပြီး ပါတီကြီးတခု ထူထောင်ဖို့ မဟုတ်ဘဲ  မဟာမိတ်ပုံစံ ဒါမှမဟုတ် တပ်ပေါင်းစုပုံစံနဲ့ စည်းလုံးတာဖြစ်ကြောင်း၊ နောက်ခံ သမိုင်း၊ ရေခံမြေခံနဲ့ နိုင်ငံရေးရည်မှန်းချက် မတူညီတဲ့  တိုင်းရင်းသားပါတီတွေကြား တပါတီတည်းအဖြစ်  ပူးပေါင်းဖို့ရာ အခက်အခဲ အများကြီးရှိတယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက  ထုတ်တဲ့ ပြည်တွင်းထုတ်ဂျာနယ်တွေမှာ ထင်ရှားတဲ့ တိုင်းရင်းသား ပါတီတွေပေါင်းစည်းပြီး ပါတီကြီးတခုထူထောင်သွားဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် တိုင်းရင်းသားခေါင်းဆောင်တွေက တုံ့ပြန်ပြောဆိုလိုက်တာပါ။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းကလည်း “နဂိုက တိုင်းရင်းသားပါတီတွေက ဖက်ဒရေးရှင်းအနေနဲ့ ဖွဲ့ထားပြီးသားလေ။ ရွေးကောက်ပွဲမှာ ပူးပေါင်းပြီး လုပ်မယ့် အနေအထားပဲရှိမှာပါ။ လုပ်ငန်းတူပူးပေါင်း ဆောင်ရွက်မှုတော့ လုပ်သွားကြမှာပေါ့။ တပါတီထဲဖြစ်သွားတာ မဟုတ်ပါဘူး။”

ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (အန်ဒီအက်ဖ်) ပြောခွင့်ရ  ကိုဆလိုင်းငယ်ပီးက “အမာခံနယ်မြေတွေ ရှိပြီးသားကို တစုတစည်းတည်း အင်အားပိုတောင့်လာအောင် စုဖို့ပဲလိုပါတယ်။ ကျနော်တို့က ကိုယ့်နယ်မြေဒေသမှာတော့ အမာခံလူတွေရှိပြီးသား။ ဒါတွေကို ပေါင်းလိုက်ခြင်းအားဖြင့် ဒေသအတွက်တင် မဟုတ်ဘဲ ပြည်ထောင်စုကြီးအတွက်ပါ ပိုကောင်းလာမယ်ဆိုပြီး ၀ိုင်းဝန်းဆွေးနွေးကြဖို့ အဖြေရှာကြဖို့” လို့ ပြောပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းမှာ   ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီနဲ့ ကယန်းအမျိုးသားပါတီ အစရှိတဲ့ပါတီတွေ ပူးပေါင်းပါဝင်ပါတယ်။

ပြီးခဲ့တဲ့  ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက အပြတ်အသတ် အနိုင်ရရှိထားပြီး ၂၀၁၀ ရွေးကောက်ပွဲမှာတော့ လက်ရှိအာဏာရ  ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက နေရာအများစု အနိုင်ရရှိထားတာပါ။

ဒါကြောင့် လာမယ့်ရွေးကောက်ပွဲတွေမှာ  တိုင်းရင်းသားတွေအနေနဲ့ တတိယ အင်အားကြီးပါတီတခုအဖြစ် ဖွဲ့စည်းတည်ထောင်ယှဉ်ပြိုင်ဖို့ လိုအပ်နေပြီး အစိုးရအဖွဲ့ထဲမှာလည်း တိုင်းရင်းသားတွေ ပိုမိုပါဝင်လာနိုင်အောင် ကြိုးစားဖို့ လိုနေတယ်လို့  တိုင်းရင်းသားတွေအကြား အမြင်တွေ ရှိနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013