DVB Logo
Home
အာရှဒေသ
ကလေး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖိလစ်ပိုင်ကောင်လေး
DVB
·
December 24, 2012
ကလေး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖိလစ်ပိုင်ကောင်လေး
1 / 2
Donate to DVB

ကားလို့စ် ဘက်ဒတ်ဇ်ကို ကြိုနေတဲ့ ကလေးတွေက ထောင်နဲ့ချီပါတယ်။ သူ့ကို ကက်စ် လို့ပဲ ခေါ်ကြပါတယ်။ ကလေးတွေကြားထဲမှာတော့ သူ့ကို အစ်ကိုကြီး ကက်စ်လို့ပဲ သိကြတာ များပါတယ်။

သူ့ကို ကြိုနေကြတဲ့ လူအုပ်ကြီးကို ကြည့်ရင်းနဲ့ ကက်စ်က "ဒီလိုမျိုး ကြိုကြမယ်လို့ မထင်ထားဘူးဗျ" လို့ ပြောပါတယ်။ "ဒီလောက် လူတွေအများကြီးကို တွေ့ရတော့ အံ့ဩသွားတယ်" လို့ ဆိုပါတယ်။

နယ်သာလန်နိုင် သည်ဟိတ်မြို့မှာ ကလေး နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အခမ်းအနားနဲ့ ဆုလက်ခံခဲ့ပြီး အပြန်မှာ အခုလိုမျိုး သူ့ကို လူတွေ အုံနဲ့ကျင်းနဲ့ ကြိုဆိုနေကြတာပါ။

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ကားလို့စ်ဘက်ဒတ်ဇ်ဟာ ပထမဆုံး ဆုချီးမြှင့်ခံရတဲ့ ကလေးဖြစ်ပြီး ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ သိန်း ၃ သောင်း ရရှိသွားပါတယ်။ ကမ္ဘာတ၀ှမ်းလုံးက ဆုအတွက် လျာထားခံရတဲ့ ကလေးငယ် ၁၀၀ ထဲက သူ့ကို ရွေးချယ်လိုက်တာပါ။

ကလေးတွေအတွက် ပေးတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုလို့ ဆိုရမယ့် ဒီဆုကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒတ်စမွတ်တူးတူးက ချီးမြှင့်ပေးပါတယ်။

ကားလို့စ်ဘက်ဒတ်ဇ်ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်လိုက်တဲ့ အကြောင်းကတော့ သူ့ရဲ့ ဇာတိမြို့ကလေးက အခြေမဲ့အနေမဲ့ လမ်းဘေးကလေးငယ်တွေကို အကူအညီပေးတဲ့ လုပ်ငန်းတွေကြောင့်ပါ။

"ကျနော် ကလေးဘ၀တုန်းက အမှိုက်ပုံတွေကြားထဲမှာပဲ နေခဲ့ရတာပါ။ သန့်ရှင်းရေး သမားဘ၀လည်း လုပ်ခဲ့ရတယ်။ ဈေးထဲမှာလည်း ပိုက်ဆံတောင်းခဲ့ရဖူးတယ်" လို့ ဘက်ဒတ်ဇ်က ပြန်ပြောပြပါတယ်။

အခြေအနေက ဒီထပ်တောင် ပိုဆိုးပါတယ်။ အသက် ၅ နှစ်အရွယ်မှာ သူ့အဖေအရင်းက သူ့ကို ကားတာယာတွေ မီးရှို့ထားတဲ့ မီးပုံထဲကို သူ့ကို ၀င်ခိုင်းခဲ့ပါတယ်။ ပိုက်ဆံအရ နည်းတာကြောင့်ပါ။ သူ့ရဲ့လက်တွေနဲ့ ကျောဘက်အခြမ်းမှာ ဆိုးဆိုးရွားရွား မီးလောင်တာ ခံလိုက်ရပါတယ်။

အဲဒီအချိန်ကစလို့ မစ္စတာ ဟာနင်းမနယ်လ်လေးဆေး ဆိုတဲ့လူဟာ သူ့ရဲ့အုပ်ထိန်းသူ ဖြစ်လာပါတယ်။ အခုသူလုပ်နေတဲ့ အကူအညီပေးရေး လုပ်ငန်းတွေကတော့ သူ့အသက် ၇ နှစ်ပြည့် မွေးနေ့က စခဲ့တယ်လို့ ဘက်ဒတ်ဇ်က ပြောပါတယ်။

"ကျနော့် မွေးနေ့မှာ မစ္စတာ ဟာနင်းက မွေးနေ့လက်ဆောင်အနေနဲ့ ဘာလိုချင်လဲလို့ မေးတယ်။ ကျနော်က အခု ကျနော် ရနေတဲ့ဘ၀မျိုး လမ်းဘေးက ကလေးတွေကိုလည်း ရစေချင်တယ်လို့ ပြန်ဖြေခဲ့တယ်။"

ဒီလိုနဲ့ "မျှော်လင့်ချက်လက်ဆောင်"ဆိုတဲ့ အစီအစဉ်လေး တခုပေါ်ပေါက်လာပါတယ်။ "မျှော်လင့်ချက် လက်ဆောင်" အစီအစဉ်ဆိုတာက လှလှပပ ထုပ်ပိုးထားတဲ့ လက်ဆောင်ပစ္စည်းတွေကို ဆင်းရဲသား ကလေးတွေကို ပေးတဲ့ အစီအစဉ်ပါ။

လက်ဆောင်ပစ္စည်းထုပ်ထဲမှာ တကိုယ်ရေသန့်ရှင်းရေးအတွက် သုံးတဲ့ ပစ္စည်းတွေ၊ ဖိနပ်တွေ၊ အ၀တ်အစားတွေနဲ့ တခါတလေ ကစားစရာ အရုပ်ကလေးတွေတောင် ပါဝင်ပါတယ်။

အဲဒီလက်ဆောင်ထုပ်တွေကို ဆင်းရဲသားရပ်ကွက် ၅ ခုက ကလေးတွေကို အပတ်စဉ် ပို့ပေးပါတယ်။

အသက် ၂၂ နှစ်အရွယ် ကလျာရန့်ဘက်တစ္စတာဆိုရင် ကလေးဘ၀တုန်းက ဆင်းဆင်းရဲရဲလေးမို့၊ လက်ဆောင်ပစ္စည်းတွေ ရခဲ့ဖူးပါတယ်။ အခုတော့ သူလည်း ကျောင်းကနေ အင်ဂျင်နီယာဘာသာနဲ့ ကျောင်းပြီးသွားပါပြီ။

ကားလို့စ်ဘက်ဒတ်ဇ်ဆီကနေ ရတဲ့ လက်ဆောင်ပစ္စည်းလေးတွေကြောင့် သူ့ရဲ့ကလေးဘ၀ မျှော်လင့်ချက်တွေ ပျောက်ဆုံးမသွားတာလို့ ဘက်တစ္စတာ ဆိုပါတယ်။

"တကယ်တော့ သူက ကျနော်တို့ကို မျှော်လင့်ချက်တွေ ရှင်သန်စေခဲ့သူပါ။ သူက ကျနော်တို့ကို မျှော်လင့်ချက်တွေ ထားဖို့ အမြဲတမ်း အားပေးတယ်။ ကလေးတွေကလည်း ကလေးအလျှောက် ကိုယ်ပိုင်တန်ဖိုးကို သိဖို့ဆိုတာကလည်း အရေးကြီးတာပါပဲ။"

အခုတော့ ဘက်ဒတ်ဇ်က ‘Championing Community Children’ ဆိုတဲ့အဖွဲ့ကို ဦးဆောင်နေပါတယ်။ သူနဲ့ သူငယ်ချင်းတွေနဲ့ ဖွဲ့ထားတဲ့ အဲဒီအဖွဲ့က ဆင်းရဲသား ရပ်ကွက်တွေကို အပတ်စဉ်သွားပြီး ကလေးတွေအတွက် တကိုယ်ရေကျန်းမာရေးနဲ့ အခြေခံအခွင့်အရေးတွေကို သင်ကြားပြသပါတယ်။

သူတို့ဒေသက ကလေး ၁ သောင်းကျော်ကို အကူအညီပေးနေသလို၊ မနှစ်တုန်းက မုန်တိုင်းဒဏ် ခံလိုက်ရတဲ့ ကလေးတွေအတွက်လည်း မျှော်လင့်ချက်လက်ဆောင်ထုပ်တွေကို ပို့ပေးနေပါတယ်။ လမ်းပေါ်မှာ ကျင်လည်ခဲ့ရတဲ့အချိန်ကတည်းက အဲဒီ ဆင်းရဲသား ရပ်ကွက်တွေကို သူရောက်ဖူးခဲ့တယ်လို့  ဘက်ဒတ်ဇ်က ပြောပါတယ်။

"ကျနော်လည်း အရင်တုန်းက သူတို့နဲ့ ဘ၀တူပါပဲဗျာ။ ဒါကြောင့် လမ်းဘေးကလေးတွေနဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ကလေးတွေကို အကူအညီပေးချင်တယ်။ ဘုရားသခင်ကလည်း ကလေးတွေကို ဒီလို ကူညီနိုင်ဖို့ ကျနော်နဲ့ ကျနော့် သူငယ်ချင်းတွေကို ခွန်အားနဲ့ အသိဥာဏ်တွေကို ပေးအပ်လိုက်တာလို့ ယုံကြည်ပါတယ်။"

ဘက်ဒတ်ဇ်ကို ချီးမြှင့်တဲ့ နိုင်ငံတကာ ကလေးငြိမ်းချမ်းရေးဆုကို စီစဉ်တဲ့ Kids Rights ကလေးအခွင့်အရေးအဖွဲ့က ပက်ထရစ်ခရန်းစ်ကလည်း ဘက်ဒတ်ဇ်နဲ့ ၁၀ ရက်လောက် အတူတူနေရှိခဲ့တဲ့ အချိန်မှာပဲ မလေးစားဘဲ မနေနိုင်ဘူးလို့ ပြောပါတယ်။

"ကျနော်နဲ့ ကလေးအခွင့်အရေးအဖွဲ့ရဲ့ သဘောထားကတော့ ကလေးတွေရဲ့ အသံကိုလည်း  မကြာခဏ နားထောင်ဖို့လိုတယ်။ ကက်စ်ရဲ့ဘ၀ဆိုရင် အံ့အားသင့်စရာကောင်းတဲ့ ဘ၀ပဲလေ။ ကလေးတွေမှာ ပင်ကိုယ်အစွမ်းအစတွေ ရှိပါတယ်။ တခါတလေကျတော့ အဲဒီ ကိုယ်ရည်ကိုယ်သွေးတွေ လမ်းကြောင်းမှန်ပေါ်ရောက်လာဖို့ဆိုရင် တွန်းအားလေးတွေ လိုအပ်တယ်။ မီဒီယာတွေရဲ့ အာရုံစိုက်မှု လိုအပ်တယ်။"

ကလေးအခွင့်အရေးအဖွဲ့ကတော့ ကက်စ်ရဲ့ပညာရေးအတွက် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။

ကလေးငြိမ်းချမ်းရေး ဆုကြေးအဖြစ်နဲ့ အမေရိကန်ဒေါ်လာ ၁ သိန်း ၃ သောင်းရမှာ ဖြစ်ပါတယ်။ ဒီငွေတွေကို ဘယ်နေရာတွေမှာ အသုံးချမလဲဆိုတာ ဘက်ဒတ်ဇ်အတွက် အစီအစဉ်တွေ ရှိပြီးသားပါ။

"ဆုကတော့ ကျနော့်ကို ဆရာဝန်တယောက်ဖြစ်လာအောင် ကူညီနိုင်မှာပါ။ အခု ကျနော်လုပ်နေတဲ့ အလုပ်တွေကို တရားဝင်လုပ်ကိုင်ခွင့်ရချင်တယ်။ မိဘတွေ စွန့်ပစ်သွားတဲ့ ကလေးတွေအတွက် ခိုလှုံစရာ အိမ်ကလေးလည်း ဆောက်ပေးချင်တယ်။"

"ဒါမှပဲ ကလေးတွေကို စောင့်ရှောက်ပေးနိုင်မယ်လေ။ အခု ကျနော်တို့ အကူအညီပေးနေတဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆေးခန်းလေးလည်း ဆောက်ပေးချင်တယ်။"

(Madonna T.  Virola, Luzon တို့ ရေးသားသည့် Filipino boy wins Nobel Prize for children သတင်းဆောင်းပါးကို ဘာသာပြန်ပါသည်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013