DVB Logo
Home
အာရှဒေသ
စင်ကာပူပညာရေး အပြောင်းအလဲ
DVB
·
December 24, 2012
စင်ကာပူပညာရေး အပြောင်းအလဲ
Donate to DVB

စင်ကာပူပညာရေးစနစ်ဟာ ကမ္ဘာမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ပညာရေးစနစ်တခုအနေနဲ့ နာမည်ကျော်ပါတယ်။ ဒါကြောင့်ပဲ အစိုးရက တနိုင်ငံလုံးအတိုင်းအတာနဲ့ စာမေးပွဲအောင်စာရင်းတွေကို ထုတ်ပြန်တော့မှာ မဟုတ်ဘူးလို့ ကြေညာလိုက်တဲ့အခါမှာ တအံ့တဩ ဖြစ်ကုန်ကြပါတယ်။

စင်ကာပူကနေ သတင်းထောက် ကယ်ဗင် ပွန်နီးရဲ့သတင်းဆောင်းပါးအတိုင်းဆိုရင် စင်ကာပူရဲ့ပညာရေးအပြောင်းအလဲဟာ အခုမှ အစလို့ ဆိုရမှာပါ။

စင်ကာပူက ကျောင်းသားလေးတွေအတွက် မူလတန်းစာမေးပွဲဟာ သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ စင်ကာပူကျွန်းနိုင်ငံလေးမှာ စာမေးပွဲအောင်ရုံလောက်နဲ့ မလုံလောက်တတ်ပါဘူး။ ကျောင်းသားတွေ အသက် ၁၂ နှစ်အရွယ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်တဲ့ စာမေးပွဲကို ဖြေကြရပါတယ်။

စာမေးပွဲမှာ အမှတ်ကောင်းရမှပဲ ထိပ်တန်းအထက်တန်းကျောင်းတွေကို တက်ရောက်ခွင့်ရကြပါတယ်။ ကျောင်းသားတွေနဲ့ ကျောင်းတွေဟာ အရည်အချင်းအဆင့် သတ်မှတ်ချက်အတွက် မီးကုန်ယမ်းကုန် ပြိုင်ကြရပါတယ်။

ပညာရေးဝန်ကြီး အန်ဒရန်နီ ရားဂျာက ပညာရေးစနစ်အပြောင်းအလဲရဲ့နောက်ကွယ်က အကြောင်းတွေကို ရုပ်သံဌာနတခုကနေ အခုလို ရှင်းပြပါတယ်။

“တနိုင်ငံလုံးအတိုင်းအတာနဲ့ စာမေးပွဲဖြေတာမျိုးကို လျှော့ချလိုက်ပါတယ်။ လူတွေကို အသားကြိတ်စက်ထဲကို ထည့်သလိုမျိုး၊ ဆရာနဲ့ ဆရာမတွေ၊ ကျောင်းသားမိဘတွေ၊ ကျောင်းသားတွေအတွက် ဖိအားတွေ အရင်လို မများတော့အောင် လျှော့ချပေးလိုက်တာပါ။ ကျမတို့ကျောင်းသားတွေရဲ့ပညာရေးစွမ်းရည်ကို တိုင်းတာတဲ့ နေရာမှာ ဒီနည်းလမ်းတွေက တမင်ကို ဒုက္ခပေးသလိုမျိုး ဖြစ်နေပါတယ်။”

ပညာရေးဘာသာရပ် ပါမောက္ခဖြစ်တဲ့ အလန်လုကတော့ စင်ကာပူက အမျိုးသား ပညာရေးဌာနမှာ သုတေသနပညာရှင်အဖြစ်နဲ့ ဆောင်ရွက်နေတာ ၃ နှစ်ရှိပါပြီ။ ကမ္ဘာ့စီးပွားရေးအပြောင်းအလဲနဲ့ လိုက်လျောညီထွေဖြစ်အောင် အစိုးရက ကြိုးစားနေတဲ့ အကြောင်း သူက အခုလိုပြောပါတယ်။

“ကွန်ဖြူးရှပ်ယဉ်ကျေးမှုစံတွေကို အခြေခံထားတဲ့ အရှေ့အာရှနိုင်ငံတွေမှာ ဒီကိစ္စက မေးစရာမေးခွန်းဖြစ်နေပါတယ်။ အထူးသဖြင့် စာမေးပွဲစနစ်တွေအပေါ်မှာ ဦးစားပေးလွန်းတဲ့ စင်ကာပူ၊  တရုတ်၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်နိုင်ငံတွေရဲ့ ပညာရေးစနစ်တွေပေါ့ဗျာ။ ပထမတချက်ကတော့ စာမေးပွဲစနစ်ကြောင့် ကလေးတွေအတွက် စိတ်ဖိစီးမှုတွေကို ဖြစ်စေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ အများကြီးတွေ့ရပါတယ်။ တချို့သုတေသနပြုချက်တွေမှာဆိုရင်လည်း စာမေးပွဲစနစ်အပေါ်မှာ အလေးပေးလွန်းရင် ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်နဲ့ ထိုးထွင်းစဉ်းစားနိုင်စွမ်းတွေကို ကျဆင်းစေတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ ကလေးတွေရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ အနုပညာဖန်တီးမှုတွေကို ကျဆင်းစေပါတယ်။ တကယ်တော့ ဒီလို အရည်အချင်းတွေဟာ ကမ္ဘာကြီးရဲ့ အသစ်ဖြစ်ထွန်းနေတဲ့ စီးပွားရေး အခင်းအကျင်းသစ်မှာ အများကြီး ပြိုင်ဆိုင်ဖို့ လိုအပ်နေတဲ့ စွမ်းရည်တွေ ဖြစ်နေပါတယ်။

ပညာရေးဝန်ကြီးဌာနက ပညာရေးစနစ်အပေါ်မှာ အချိန်ယူပြီး သုံးသပ်မှုတွေ လုပ်နေပါတယ်။ နောက်ဆုံးမှာ မူလတန်းစာမေးပွဲစနစ်ကို လုံးဝ စွန့်လွှတ်ဖို့အထိ ဖြစ်လာနိုင်ချေလည်း ရှိလာနိုင်ပါတယ်။ အခုနောက်ဆုံး အပြောင်းအလဲတွေအပေါ်မှာလည်း မိဘတွေနဲ့ ကျောင်းသားတွေက မျိုးစုံတုံ့ပြန်နေကြပါတယ်။

ဗီဗီယန်တန်းကတော့ မူလတန်းကျောင်းသား ၂ ယောက်ရဲ့မိခင်ပါ။ သူ့အမြင်ကတော့ စာမေးပွဲစနစ်နေရာမှာ ဘက်စုံကောင်းတဲ့စနစ်နဲ့ အစားထိုးတာမျိုးကို လိုလားတယ်လို့ ပြောပါတယ်။

“စာမေးပွဲစနစ် မရှိတော့တာကို လုံးဝ လက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက ငယ်လွန်းအားကြီးတဲ့အချိန်မှာ စာမေးပွဲဖြေရတာဆိုတော့ စာမေးပွဲကနေ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို သူတို့ နားမလည်သေးဘူး။ တချိန်တည်းမှာ အရေးအကြီးဆုံးကတော့ ဘက်စုံဖွံ့ဖြိုးရေးမျိုးကို ကျမတို့ ပိုပြီးတော့ လိုလားတယ်။ ကျောင်းစာမှာတော့ တော်ပေမယ့် အ၀လွန်နေတဲ့ကလေးမျိုး ဖြစ်သွားမှာကိုတော့ မဖြစ်စေချင်ပါဘူး။ ဒီစနစ်က ဘက်စုံဖွံ့ဖြိုးတဲ့ လူတယောက်ဖြစ်လာစေပါလိမ့်မယ်။”

ဒါပေမယ့် စာမေးပွဲစနစ်ကို ထောက်ခံနေတဲ့ မိဘတွေလည်း ရှိပါတယ်။ မိဘတဦးပြောတာကတော့ “စာမေးပွဲစနစ်ရှိတော့ ကျောင်းသားတွေရဲ့ အရည်အချင်းတွေကိုလည်း သိရတာပေါ့။ အထက်တန်းကို တက်တဲ့အခါကျတော့ သူ့အရည်အချင်းနဲ့ သူ ဖြစ်သွားတာပေါ့။ မူလတန်းကျောင်းက သူတို့ရဲ့အရည်အချင်းအပေါ် မူတည်ပြီးတော့ သူတို့လိုချင်တဲ့ အထက်တန်းကျောင်းကို ရွေးချယ်ခွင့်ပေးထားတဲ့ စနစ်က ကောင်းပါတယ်။”

လက်ရှိ အပြိုင်အဆိုင်များတဲ့ ပညာရေးစနစ်ကြောင့် မိဘတွေဟာ သူတို့ ကလေးတွေကို ကျောင်းချိန်အပြင်မှာ ကျူရှင်တွေထားရလို့ ငွေကုန်ကြေးကျ များကြပါတယ်။ နှစ်စဉ် ကျူရှင်အတွက် သုံးနေကြတဲ့ ငွေပမာဏက အမေရိကန်ဒေါ်လာ သန်း ၈၀၀ ၀န်းကျင်ရှိနေပါတယ်။

စင်ကာပူမှာ မူလတန်းနဲ့ အထက်တန်းကျောင်း ၄၀၀ ပဲ ရှိပေမယ့် ကျူရှင်တွေက ၅၀၀ လောက် ရှိနေပါတယ်။ မူလတန်းကျောင်းသား ၂ ဦးရဲ့ မိခင် ဗီဗီယန်တန်းက ပညာရေးစနစ်သစ်ကို ထောက်ခံပေမယ့် စနစ်ဟောင်းမှာ အကျိုးရှိတယ်ဆိုတာကိုလည်း သူက အသိအမှတ်ပြုပါတယ်။ တချိန်တည်းမှာ စာမေးပွဲစနစ်က ကျောင်းသားတွေအပေါ် ဖိအားတွေ များလွန်းတာကိုတော့ သူက လက်မခံချင်ပါဘူး။

“ကျမ သမီးလေးက ၅ တန်းအောင်ပြီး ၆ တန်း တက်တော့မယ်။ သမီးက ကျမကို စာအုပ်ဆိုင် ခေါ်သွားဖို့ပဲ ပြောနေတယ်။ ဒါတော့ ကောင်းပါတယ်။ သမီးကို စိတ်ပျက်မသွားစေချင်ဘူး။ အဲဒီတော့ ကျမက မေးတာပေါ့။ သမီးက ဘာဖြစ်လို့ စာအုပ်ဆိုင်သွားချင်ရတာလဲလို့။ အဲဒီတော့ သမီးက ဘာပြောလဲဆိုတော့ သူ့သူငယ်ချင်းတွေ အားလုံးက ကျောင်းပိတ်ရက်မှာ စာတွေ လေ့လာကြတယ်။ ဒါကြောင့် သူလည်း လေ့လာချင် တယ်လို့ ပြောတယ်။ ဒါကို ၀မ်းသာစရာလား၊ စိတ်ပျက်စရာလား။ ဘယ်လိုပြောရမှန်းတောင် မသိပါဘူး၊ အဲဒီတော့ ကျမလည်း သမီးကို စာအုပ်ဆိုင်ကို ပို့ပေးလိုက်ရပါတယ်။

ပညာရေးသုတေသီ ပါမောက္ခ အလန်ကတော့ လက်ရှိအပြောင်းအလဲဟာ စင်ကာပူသာမက၊ ဒေသတခုလုံးမှာ ဖြစ်ပေါ်နေတဲ့ ပေါင်းစပ်ပုံစံ ပညာရေးစနစ်ရဲ့ အစိတ်အပိုင်းတရပ်လို့ ပြောပါတယ်။

“ဒါက စင်ကာပူမှာပဲ တွေ့ရတဲ့ ရုတ်တရက် အပြောင်းအလဲတော့ မဟုတ်ပါဘူး။ စာမေးပွဲစနစ်အပေါ်မှာ အလွန်အကျွံ ဦးစားပေးတဲ့ စနစ်ကနေ တဖြည်းဖြည်း လမ်းခွဲလာတာမျိုးက အရှေ့အာရှနိုင်ငံတော်တော်များများမှာလည်း တွေ့လာရပါတယ်။ ဆရာတွေကို ရိုသေကိုင်းရှိုင်းရမယ်၊ အထက်အရာရှိတွေကို လေးစားရမယ်၊ စာမေးပွဲကို အလေးထားရမယ်ဆိုတဲ့ ကွန်ဖြူးရှပ် ယဉ်ကျေးမှုနဲ့ အနောက်တိုင်းက ပညာရေးစနစ်တို့ ပေါင်းစပ်သွားမယ့် ပုံစံမျိုးကို ဆိုလိုတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013