DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေ- ၂၀၁၃ နှစ်ဆန်းပိုင်းမှာ တွေ့ဆုံမည်
DVB
·
December 21, 2012
ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေ- ၂၀၁၃ နှစ်ဆန်းပိုင်းမှာ တွေ့ဆုံမည်
Donate to DVB

၁၉၈၈ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့တဲ့ ပြည်တွင်းပြည်ပက ဒီမိုကရေစီအင်အားစုတွေ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ တွေ့ဆုံဖို့ရှိနေပါတယ်။

ပြည်တွင်းကို လေ့လာရေးသွားရောက်နေတဲ့ ကျောင်းသားတပ်မတော်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီနဲ့ ပြည်တွင်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံခဲ့အပြီးမှာ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုတွေ ပါဝင်မယ့် နိုင်ငံရေးဆွေးနွေးပွဲကြီးကျင်းပဖို့ သဘောတူညီချက် ရရှိခဲ့တာပါ။

[caption id="attachment_34603" align="alignright" width="300" caption="ကျောင်းသားတပ်မတော်၊ လူ့ဘောင်သစ်ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့တို့ တွေ့ဆုံခဲ့ကြစဉ်"][/caption]

ဒီအကြောင်း ရန်ကုန်ကိုရောက်ရှိနေတဲ့ ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက ရှင်းပြတာက

“နေရာကို ရန်ကုန်မှာပဲ မှန်းထားပါတယ်။ နိုင်ငံတကာမှာ ပျံ့နှံနေသူတွေရာ၊ နယ်စပ်ဒေသကရော စသဖြင့် ပြည်တွင်းပြည်ပ ပျံ့နှံ့နေတဲ့ အင်အားစုတွေကို အတတ်နိုင်ဆုံး စုံစုံညီညီပါဝင်နိုင်အောင် စီစဉ်သွားမယ်။ ပြန့်ကျဲသွားတဲ့ အင်အားစုတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရပ်တည်နေတာရှိတယ်။ အဲဒီ အင်အားစုတွေလည်း ဖိတ်ရမယ်။ အင်အားစုတွေ မဟုတ်ဘူး တဦးချင်း ပျံ့နှံ့သွားတာရှိရင်လည်း အဲပုဂ္ဂိုလ်များလည်း ပါနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ စဉ်းစားတယ်။”

ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ရန်ကုန်ရှိ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ သူတို့ အဖွဲ့ ၃ ဖွဲ့ဟာ အချက် ၄ ချက်ပါ လုပ်ငန်းစဉ်တွေကိုလည်း ပူးတွဲဆောင်ရွက်သွားဖို့ တိုင်ပင်ခဲ့ကြတဲ့အကြောင်း ဦးငွေလင်းက ဆက်ပြောပါတယ်။

“၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ကျောင်းသားတပ်မတော်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၃ ဖွဲ့ဆုံလိုက်ပြီး ရှေ့ဆက် မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး လုပ်ကြရမယ့် ကိစ္စတချို့ တိုင်ပင်ကြတယ်။ ကျနော်တို့ ၃ ဖွဲ့ဟာ အရေးတော်ပုံကြီးက ပေါ်ပေါက်လာတဲ့ အင်အားစုတွေဖြစ်တယ်။ ဒါတွေအားလုံး ပြန်ပြီး စုစည်းကြဖို့ လိုတယ်။ ဒါကြောင့် အပြန်အလှန် သတင်းတွေ ဖလှယ်ကြမယ်။ နံပါတ် ၂ ကတော့ လာမယ့်လှုပ်ရှားမှုတွေအားလုံးမှာ အတတ်နိုင်ဆုံး လက်တွဲ ဆက်စပ်ဆောင်ရွက်သွားကြမယ်။ နံပါတ် ၃ ကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက် ၁ ရပ် အောက်မှာ ကျနော်တို့အားလုံး ချိတ်ဆက်ဆောင်ရွက်ကြမယ်။ နံပါတ် ၄ ကတော့ အင်အားစုတွေအသီးသီးပါဝင်တဲ့ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးပွဲကြီးပေါ်ပေါက်လာဖို့ အားလုံး ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက်ကြမယ် ဆိုတာတွေကို ညှိနှိုင်းဖြစ်တယ်။”

၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ကျောင်းသားအဖွဲ့တွေ အခုလို တွေ့ဆုံခဲ့တာဟာ ပထမအကြိမ်လည်း ဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ၃ ဖွဲ့ စုစည်းမှုဟာ တိုင်းပြည်အတွက် အပေါင်းလက္ခဏာသာ ဆောင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

၁၉၈၈ ဒီမိုကရေစီ လူထုလှုပ်ရှားမှုအပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာ ကျောင်းသား လူငယ်တွေဟာ ပြည်တွင်းမှာပဲ ကျောင်းသားသမဂ္ဂတွေ အဖြစ် ရပ်တည်ခဲ့သလို၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ နယ်စပ်ကိုရောက်ရှိသွားတဲ့ ကျောင်းသား လူငယ်တွေကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)အဖြစ် ရပ်တည်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013