
အိန္ဒိယနိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ဇူလိုင် ၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် နေရာအနှံ့အပြားမှာ လူထု သွားရေးလာရေးတွေ ပြတ်တောက် ခက်ခဲခဲ့ရပါတယ်။
ဂူဂျာရတ်ပြည်နယ်၊ ဗာလ်ဆဒ်မြို့မှာ ၂ နာရီအတွင်းတင် မိုးရေချိန် ၆ လက်မလောက်အထိ စံချိန်တင် ရွာသွန်းခဲ့တာကြောင့် လူနေရပ်ကွက်တွေနဲ့ နေအိမ် တော်တော်များများထဲကို ရေတွေ ဝင်လာခဲ့တယ်လို့ ဗာလ်ဆဒ်မြို့ခံ ဘာကူးလ်ဂတ်ကိုက ပြောပါတယ်။
အထူးသဖြင့် ဘဂ်ဒါဝါဒါ ဝန်းကျင်ကဂရင်းပါ့ခ်၊ ယိုဂတ်ရှ်ဝါ နာဂါနဲ့ ဝီနာယက်ခ် နာဂါလို နေရာမျိုးတွေမှာ အိမ်သုံးပစ္စည်းတွေ ပျက်စီးတဲ့အထိ ရေကြီးရေလျှံမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ရာ့ဂျ်ကော့တ် မြို့မှာလည်း တံတားတစင်း ပြိုကျသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မနေ့ကတည်းက မိုးမစဲတမ်း ဆက်တိုက်ရွာနေတာကြောင့် မြစ်ရေဟာလည်း ၅ ပေကနေ ၆ ပေလောက်အထိ သိသိသာသာ မြင့်တက်လာတယ်လို့ ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ဆာလင်မ်ခန်းက ပြောပါတယ်။
ညဘက် လူသွားလူလာ အခြေအနေကတော့ ပုံမှန်ပဲရှိနေပြီး ခရီးသွားတွေအနေနဲ့ မြစ်ထဲကို မဆင်းကြဖို့ တာဝန်ရှိသူတွေက သတိပေး တားမြစ်ထားပါတယ်။
တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ဂူဝါဟာတီမြို့မှာလည်း ရေဝပ်နေတာတွေကြောင့် အရေပြားရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဂူဝါဟာတီမြို့ခံ ပရာရှန်တာ ဘာမန်က လက်ရှိအခြေအနေဟာ တကယ့်ကို စိတ်မကောင်းစရာဖြစ်ပြီး ဝပ်နေတဲ့ရေတွေက အလွန်ညစ်ပတ်တာကြောင့် ဒီရေထဲ ဖြတ်သန်း သွားလာရင် အရေပြားဆိုင်ရာ ရောဂါပြဿနာတွေ ကြုံရနိုင်လို့ အလွန်စိုးရိမ်စရာကောင်းနေတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးဟာ တနှစ်တာပတ်လုံး ရွာသွန်းတဲ့ မိုးရေချိန်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်အထိ ရှိတာကြောင့် ဒေါ်လာ ၄ ထရီလီယံနီးပါးရှိတဲ့ သူတို့ရဲ့ စီးပွားရေးအတွက် ရေအရင်းအမြစ်တွေကို ပြန်လည်ဖြည့်တင်းပေးရာ ရောက်ပါတယ်။
ဒါပေမဲ့ စိုက်ပျိုးမြေ ထက်ဝက်နီးပါးက ရေသွင်းစိုက်ပျိုးဖို့ ခက်ခဲနေဆဲဖြစ်ပြီး၊ လူဦးရေရဲ့ ထက်ဝက်လောက်ကလည်း စိုက်ပျိုးရေးလုပ်ငန်းကိုပဲ အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နေကြတာပါ။
၄ လကြာမဲ့ မုတ်သုံရာသီရဲ့ မိုးရေချိန်အများစုက ဇူလိုင်လထဲမှာပဲ ရွာသွန်းလေ့ရှိပြီး လယ်သမားအများစုကလည်း ဒီလထဲမှာပဲ နွေသီးနှံတွေကို စတင်စိုက်ပျိုးကြတာကြောင့် ဇူလိုင်လ မိုးရေချိန်ဟာ သူတို့အတွက် အလွန်အရေးကြီးပါတယ်။
Source: Reuters










