DVB Logo
Home
မြန်မာသတင်း
မြ၀တီကုန်သွယ်ရေး ကုန်းကြောင်းအပြင် မီးရထားလမ်း၊ ရေကြောင်းလမ်းတွေကပါ ပိတ်ဆို့စစ်ဆေးမယ်
DVB
·
December 21, 2012
Donate to DVB

မြ၀တီကုန်သွယ်ရေးလမ်းကြောင်းမှာ လတ်တလော  Mobile Team အဖွဲ့တွေနဲ့ စစ်ဆေးနေမှုကို ကုန်းလမ်း အပြင် မီးရထားလမ်း၊ ရေကြောင်းလမ်းတွေကပါ ပိတ်ဆို့စစ်ဆေးဖို့ ဆောင်ရွက်နေတယ်လို့ စီးပွားကူးသန်း ၀န်ကြီးဌာနက ပြောပါတယ်။

မြ၀တီလမ်းကြောဟာ ပုံမှန်ကုန်သွယ်မှုကို အားမပြုတဲ့ ကုန်သည်တွေရှိနေတာကြောင့် အခုလို စစ်ဆေးဖို့ လုပ်မှာလို့ စီးပွားကူးသန်းဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက  ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“မြ၀တီဘက်ကတော့ ပုံမှန်တရားဝင်ကုန်သွယ်မှုကို အားပြုတဲ့ ကုန်သည်နည်းပြီးတော့ တရားမ၀င်ကုန်သွယ်မှုကို အားပြုတဲ့ ကုန်သည်အများစုဖြစ်တော့ မြ၀တီနဲ့ ပတ်သက်ပြီး ပိုအလေးထားပါတယ်။ စလုပ်ကတည်းက မြ၀တီဘက်မှာ နေ့၊ ည လုပ်ပါတယ်။ နောက် Mobile Team ကို ၂ ဖွဲ့တိုးထားဖို့ ပြင်ထားပြီး ဖြစ်တယ်။ နောက် ကျနော်တို့လုပ်တဲ့ နေရာကိုမူတည်ပြီး သူတို့မှာ ရှောင်ကွင်းစရာနေရာတွေ အများကြီးပေါ်လာမှာကို ကြိုတင်တွက်ဆထားလို့ ရထားလမ်းတွေကိုပါ တတိယအဆင့်အနေနဲ့ ပိတ်ဖို့လုပ်နေတယ်။ နောက် မော်လမြိုင်ဆိပ်ကမ်းကနေတဆင့် ရန်ကုန်ကို ရေကြောင်းနဲ့ ပြောင်းလဲသယ်ဆောင်ဖို့ လုပ်ငန်းတွေ လုပ်မှာမျှော်မှန်းထားလို့ ရေကြောင်းလမ်းကိုပါ ပိတ်ဖို့ စတုတ္ထအဆင့်အနေနဲ့ ဆက်လုပ်နေပါတယ်။”

မူဆယ်နယ်စပ်ကတော့ ပုံမှန်ကုန်သွယ်မှုကို အားသန်တဲ့ကုန်သည်အများစု အခြေပြုရာ နယ်စပ်တံခါးပေါက် ဖြစ်တယ်လို့လဲ ဆိုပါတယ်။

မူဆယ်နဲ့ မြ၀တီ နယ်စပ်လမ်းကြောင်းတွေမှာ်Mobile Team အဖွဲ့တွေ ဖွဲ့ပြီး စစ်ဆေးခဲ့တဲ့ နောက် တပိုင်တနိုင် ကုန်သည်တွေ အဆင်ပြေအောင် တပိုင်တနိုင် ကုန်သွယ်ခွင့်ကတ်ပြားတွေနဲ့ ကုန်သွယ်ခွင့်ပြုခဲ့ပါတယ်။

အဲ့ဒီလို တပိုင်တနိုင်ကုန်သွယ်ခွင့်ကတ်နဲ့ ခွင့်ပြုခဲ့ပြီးတဲ့နောက် မူဆယ်နယ်စပ်မှာ ကတ်ပြုလုပ်ပြီး ကုန်သွယ်သူပေါင်း  ၈၀ လောက်ရှိခဲ့ပြီး၊ မြ၀တီဘက်မှာတော့ ၁၀ ယောက်တောင် မရှိပါဘူး။

ဒါကြောင့် မြ၀တီဘက်ကုန်သွယ်သူတွေဟာ တပိုင်တနိုင်ထက် အမြောက်အမြား ကုန်သွယ်နေသူတွေဖြစ်ပြီး လိုင်စင်ဆောင်၊ ကုမ္ပဏီမထောင်ဘဲ တရားမ၀င်ကုန်သွယ်နေသူတွေ ဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆက်ပြောပါတယ်။

“ပမာဏနည်းနည်းကို ကုန်သွယ်မယ်ဆိုရင်.ဒေသသုံးအတွက် မျှော်မှန်းထားတယ်ဆိုရင် တပိုင်တနိုင်ကုန်သွယ်ခွင့်ကတ် လမ်းကြောင်းကိုရွေးချယ်နိုင်သလို၊ ပမာဏကြီးကြီးနဲ့ ဒေသသုံးအဆင့်ကိုကျော်ပြီး ပြည်မအတွင်း ဈေးကွက်ရှာဖို့ ရွေးချယ်တယ်ဆိုရင်တော့ ကုမ္ပဏီဖွဲ့စည်းထူထောင်တဲ့ လမ်းကြောင်းကိုလုပ်ရမှာဖြစ်ပါတယ်။ အဲလမ်းကြောင်း ၂ ခုကို မလိုက်သောသူကတော့ တရားဝင်ကုန်သွယ်မှုလုပ်ငန်းကို စိတ်မ၀င်စားသူဖြစ်မယ်လို့ ကောက်ချက်ချရမှာဖြစ်တယ်။”

လတ်တလောမှာ Mobile Team အဖွဲ့တွေဟာ ဖမ်းဆီးအရေးယူတာ မရှိသေးဘဲ စစ်ဆေးတွေ့ရှိရင် လိုင်စင်ကြေး ပေးဆောင်စေတာ ဖြစ်ပါတယ်။

မူဆယ် နယ်စပ်လမ်းကြောင်းမှာ စတင် စစ်ဆေးဆောင်ရွက်ခဲ့တဲ့ ၁ လခွဲကျော်ကာလ အတွင်း ကျပ်သိန်းပေါင်း ၁ထောင် ကျော် လိုင်စင်ကြေးရခဲ့ပြီး၊ မြ၀တီဘက်မှာတော့ စတင် စစ်ဆေးဆောင်ရွက်တဲ့ ၁ လလောက်အတွင်း ကျပ်သိန်း ၂ထောင် ကျော်ဖိုး တရားဝင်လိုင်စင်ကြေး ပေးဆောင်စေခဲ့ပါတယ်။

Mobile Team အဖွဲ့တွေရဲ့ ပညာပေးကာလကို ၂ လ သတ်မှတ်ထားပြီး၊ မူဆယ်နယ်စပ် လမ်းကြောင်းက အခုလကုန်မှာ ပညာပေးကာလကုန်ဆုံးမှာ ဖြစ်ပါတယ်။ မြ၀တီနယ်စပ် လမ်းကြောင်းကတော့ ၂၀၁၃ ဇန်န၀ါရီ ၂၀ ရက်မှာ ပညာပေးကာလကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တည်ဆဲဥပဒေနဲ့အညီ ဖမ်းဆီး အရေးယူသွားမှာ ဖြစ်ပါတယ်။

အခုလို Mobile Team အဖွဲ့တွေ ဖွဲ့ပြီး တရားမ၀င်ကုန်သွယ်မှုတွေကို စစ်ဆေးဖော်ထုတ်နေတာဟာ ပထမအဆင့်သာ ဖြစ်တယ်။ ဆက်လက် ဆောင်ရွက်သွားဖို့ လုပ်ငန်းအဆင့်တွေ ရှိသေးတယ်လို့ ဦးတင်ရဲဝင်းက ပြောပြသွားပါတယ်။

“Mobile Team က ပထမအဆင့်ပါ။ ဒုတိယအဆင့်က သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးစခန်း အသီးသီးပေါ့။ ဥပမာ လွယ်ဂျယ်၊ ကန်ပိုင်တီး၊ စစ်တွေ၊ မောင်တော၊ မြိတ်၊ ကော့သောင်း၊ တမူးနဲ့ ရိဒ် ဆိုတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း။ မြ၀တီ၊ တာချီလိတ်၊ မူဆယ် အပါအ၀င် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၂ ခုလုံးက ထုတ်နှုတ်အင်အားတွေနဲ့ တပိုင်တနိုင် ရှောင်ကွင်းလမ်းတွေရယ်၊ စခန်းဧရိယာထဲက ဖြတ်သွားတဲ့ ကုန်သွယ်မှုတွေရယ်၊ ဘေးပတ်ချာလည်မှာရှိတဲ့ ရှောင်ကွင်းလမ်းတွေ၊ ဒါတွေနဲ့ ပတ်သက်တဲ့ စခန်းအင်အားတွေကို ထုတ်နှုတ်ပြီးတော့ ဒုတိယအဆင့်အနေနဲ့ တပြိုင်ထဲ စနေပြီ။ တတိယအဆင့်ကတော့ ကုန်သွယ်မှု အဓိက ၀င်ပေါက်ဖြစ်နေတဲ့ ရန်ကုန်ဆိပ်ကမ်းဧရိယာရဲ့ စိစစ်ဆောင်ရွက်မှုကို ဖေဖော်ဝါရီ လလောက် ကူးပြောင်းဖို့ ရည်မှန်းဆောင်ရွက်နေပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013