DVB Logo
Home
မြန်မာသတင်း
မြန်မာ-အမေရိကန် စစ်ရေး ပူးပေါင်းမှု စတင်
DVB
·
December 20, 2012
မြန်မာ-အမေရိကန် စစ်ရေး ပူးပေါင်းမှု စတင်
Donate to DVB

ကမ္ဘာပေါ်မှာ စစ်ဘက်ဆိုင်ရာ အင်အားအကြီးမားဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာနဲ့ စစ်ဘက်ဆိုင်ရာပူးတွဲလုပ်ဆောင်မှုတွေကို စတင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဌာန အဆင့်မြင့်အရာရှိတဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အရာရှိတွေကို လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီ ထောက်ပံ့မှု၊ စစ်ဘက်ဆိုင်ရာ ဆေးဝါး၊ ကာကွယ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နိုင်ဖို့ စတဲ့ သင်တန်းတွေ ပေးပြီး နှစ်ဘက်ပူးပေါင်းဆောင်ရွက်မယ်လို့ အမေရိကန် ကာကွယ်ရေးဌာန အရာရှိက ပြောပါတယ်။

[caption id="attachment_23170" align="alignleft" width="300" caption="၆၇ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတခု (ဓာတ်ပုံ- ရိုက်တာ)"][/caption]

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပိုမိုအားကောင်းစေဖို့ ဒီလုပ်ဆောင်ချက်တွေကိုလုပ်တာလို့ ဆိုပါတယ်။

နှစ်နိုင်ငံ စစ်ဘက်ရေးရာ ဆက်ဆံရေး အစပြုဖို့ ပင်တာဂွန်က စောင့်ကြည့်နေတဲ့အကြောင်းနဲ့ များမကြာခင်ကာလမှာ သင့်တင့်လျောက်ပတ်စွာ ချင့်ချိန်လုပ်ဆောင်တဲ့ ခြေလှမ်းတွေ လှမ်းတာကို မြင်တွေ့ရစေလိမ့်မယ် လို့ အမည်မဖော်လိုတဲ့ အဲဒီအရာရှိက သတင်းထောက်တွေကို ပြောပါ တယ်။

မြန်မာအစိုးရသစ်ရဲ့ ပြပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့  မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ပေးခဲ့သလို သမ္မတအိုဘားမား ကိုယ်တိုင်လည်း  မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီး နှစ်စဉ်ပြုလုပ်နေတဲ့ (Cobra Gold) အမည်ရှိ  စစ်ဆင်ရေးလေ့ကျင့်ပွဲကို လာမယ့် နှစ်မှာ လေ့လာသူအဖြစ် လာရောက်ဖို့လည်း မြန်မာနိုင်ငံကို ဖိတ်ခေါ်ခဲ့ပါတယ်။

မြန်မာနဲ့ အမေရိကန် စစ်ရေး ပူးပေါင်းလုပ်ဆောင်ချက်တွေ ပိုမို များလာမယ်လို့  စစ်ရေးအကဲခတ် ဦးဌေးအောင်က ဆိုပါတယ်။

“မြန်မာအစိုးရက အစကတည်းက အမေရိကန်နိုင်ငံအပေါ်မှာ စစ်ရေးအရ အများကြီး အားကိုးခဲ့တဲ့ အနေအထားရှိတယ်။ အမေရိကန်နိုင်ငံက ၈လေးလုံးပြီးတဲ့ နောက်ပိုင်းမှာ လက်နက်ပိတ်ဆို့မှုတွေ စစ်ရေးဆက်ဆံမှုတွေ အဆက်ဖြတ်တဲ့အပေါ်မှာ သူတို့ဟာ တရုတ်နဲ့ ရုရှားတို့ကို ဆက်ဆံခဲ့ရတာလေ။ အခုကျတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းအောင် ပြန်လုပ်လာတဲ့အပိုင်းမှာရော၊ နောက် အမေရိကန်ကလည်းပဲ ပစိဖိတ်ဒေသမှာ စစ်ရေးအရရော၊ နိုင်ငံရေးအရရော မဟာမိတ်တိုးချဲ့လာတော့ နှစ်နိုင်ငံစစ်တပ်ချင်း ပြန်ဆက်ဆံလာတဲ့ အနေအထားရှိတယ်။ ဒါကြောင့် အမေရိကန် တာဝန်ရှိသူတွေ ကိုယ်တိုင်က မြန်မာတပ်မတော်နဲ့ ဆွေးနွေးနေတာ ရှိတယ်။ နောက်ပိုင်းဆိုရင်လည်း မြန်မာ့တပ်မတော်နဲ့ အမေရိကန်တပ်မတော် ဆက်ပြီး နီးနီးကပ်ကပ် ဆက်ဆံသွားမယ့် အနေအထားမျိုးတွေ ပိုများလာမယ်လို့ ယူဆပါတယ်။”

လက်ရှိအနေအထားမှာ အမေရိကန်က မြန်မာ့တပ်မတော်ကို စစ်လက်နက်ပစ္စည်း မရောင်းဘူးလို့ ကြေညာထားပေမယ့် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဆက်လုပ်နေပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လာနိုင်မယ်ဆိုရင်တော့ ကန့်သတ်ထားတဲ့ စစ်လက်နက် ပစ္စည်းက လွဲလို့ ကျန်တဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ နည်းပညာတွေကို ပံ့ပိုးလာနိုင်တယ်လို့ ဦးဌေးအောင်က ထင်မြင်ချက် ပေးပါတယ်။

“အခုလက်ရှိမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကိုယ်တိုင်က ကချင်ပြည်နယ်ကို သွားလေ့လာနေတဲ့ အနေအထားတွေတော့ ရှိတယ်လေ။ အဲလို ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့ အနေအထားမှာတော့ အမေရိကန်ရော အနောက်နိုင်ငံတွေကရော လက်နက်ပစ္စည်းရောင်းချမယ့် အနေအထားမျိုးထိ မရောက်သေးဘူးလို့ ထင်ပါတယ်။”

ဒါဟာ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့ရဲ့ အာရှ ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို တုံ့ပြန်နိုင်ဖို့ကြိုးပမ်းမှု တစိတ်တပိုင်းဖြစ်သလို တရုတ်အပေါ်အမှီအခိုများနေတဲ့ မြန်မာအပေါ် သူရဲ့ဩဇာ တိုးချဲ့ဖို့ စီစဉ်နေမှုလို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ  မြန်မာနဲ့ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပြောဆိုမှုတွေကို ဒီနှစ် အောက်တိုဘာလက စတင်ခဲ့ပြီး  အာရှ ပစိဖိတ်က အမေရိကန် ဒုတိယ ဗိုလ်ချုပ်ကြီး ဖရန့်စစ် ၀ီဟာဆင်စကီ (Francis Wiercinski) ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ မြန်မာကို လာရောက် ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013