DVB Logo
Home
မြန်မာသတင်း
ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေစတင်
DVB
·
December 20, 2012
Donate to DVB

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ရာမှာ တချို့ဒေသတွေမှာ  ဥပဒေ၊ နည်းဥပဒေနဲ့ မညီတဲ့ လုပ်ဆောင်ချက်တွေ ရှိနေပြီး တချို့နေရာတွေမှာတော့ ဒေသခံတွေ စိတ်ဝင်စားမှု မရှိတာ တွေ့ရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ပြောပြချက်အရ သိရပါတယ်။

ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က တောင်ဥက္ကလာပနဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့အတွင်း  ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့နေရာမှာ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ဆောင်မှုတွေဟာ ဥပဒေနဲ့မညီဘူးလို့ ပြောပြပါတယ်။

“အဓိက အားနည်းချက်က မလုပ်ခင်ကတည်းက ဥပဒေအရ ဘယ်လို ဘယ်လိုတွေ လုပ်ရမယ်ဆိုတာကို သက်ဆိုင်ရာ ရပ်မိရပ်ဖတွေ၊ အထွေထွေအုပ်ချုပ်ရေးမှူးတွေရော၊ ထွေအုပ်ဋ္ဌာနက ဦးစီးဦးဆောင်လုပ်သူတွေရော၊ ကြီးကြပ်ရေးအဖွဲ့တွေရော စာမဖတ်ဘူး၊ သူတို့ထင်သလို ကောင်းသလို လုပ်နေကြတာ။ ဥပမာ သင်္ဃန်းကျွန်းမှာဆို စာအိတ်ပေးပြီး စာအိတ်ထဲမှာ ကိုယ်နဲ့သက်ဆိုင်ရာ လူ ၁၀ ယောက်နာမည်ကို ရေးပြီးတော့ လက်မှတ်ထိုးပြီး စာအိတ်ပြန်ပေးတာတွေ။ တောင်ဥက္ကလာမှာဆို ကိုယ်နဲ့သက်ဆိုင်တဲ့ ၁၀ ယောက်ကို ကြီးကြပ်ရေးအဖွဲ့ဆီ သွားပြီး လက်မှတ်ထိုးပေးတာတွေ. ကာကယံရှင်တွေက သိပ်ပြီး မကျေမနပ်ဖြစ်တာ၊ တိုင်တန်းတာ မရှိဘူး။ ကျနော်တို့က ဥပဒေနဲ့မညီတာကို ထောက်ပြရတယ်။”

ဥပဒေအရ ဆယ်အိမ် ၁ စုရွေးချယ်ရာမှာ လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းပြောပြတာက

“သိပ်ဆိုးတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးရင်တော့ အရမ်းစိတ်ဝင်စားကြတယ်။ ရွေးကောက်မှုမလုပ်ခင်မှာကို လာတိုင်တန်းကြတာတွေရှိတယ်။ တချို့ကျေးရွာအုပ်စုတွေမှာ ကြိုလုပ်လိုက်ကြတာရှိတယ်လေ၊ ဥပမာ နောင်အံကျေးရွာမှာပေါ့၊ အဲ့ကျေးရွာအုပ်ချုပ် ရေးမှူး ကလည်း ရှမ်းပါပဲ။ ဒါပေမယ့် နည်းနည်းဆိုးတဲ့အခါကျတော့ စောစောစီးစီးလာတိုင်ကြတော့ ဒါကို စောစောလုပ်လိုက်တော့ သူပြုတ်သွားတယ်။ တချို့နေရာတွေမှာ အဲလိုဆိုးဆိုးဝါးဝါးလူတွေနဲ့ ပတ်သက်ရင်တော့ အဲကျေးရွာအုပ်စုတွေက စိတ်ဝင်စားတယ်၊ ဖြုတ်ချင်တာပေါ့လေ။”

သီပေါမြို့နယ်ထဲ ရပ်ကျေးဥက္ကဋ္ဌ ရွေးချယ်တဲ့နေရာမှာ ကျေးရွာတခုက ကန့်ကွက်လို့ ပြန်ရွေးဖို့ လုပ်နေတာရှိပြီး ကျန်တဲ့ ရပ်ကွက်ကျေးရွာတွေမှာတော့ ယေဘုယျပြောရရင် ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ခဲ့တာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးတာကို စိတ်ဝင်စားမှုနည်းပြီး ကျေးရွာတွေမှာတော့ ကျေကျေနပ်နပ်ရှိကြတာ တွေ့ရတယ်လို့ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက ပြောပါတယ်။

“ကျနော်တို့ဆီမှာ ရပ်ကျေးအားလုံးပေါင်း ၅၈ ခုရှိတယ်။ ကျနော်သိသလောက်တော့ တော်တော်များများ ရွေးပြီးနေပြီ။ မြို့ပေါ်ရပ်ကွက်တွေကတော့ အုပ်ချုပ်ရေးမှူးရွေးတာကို သိပ်စိတ်မ၀င်စားဘူး။ ကျေးရွာကလူတွေကတော့ တော်တော် အရေးတကြီးနဲ့ လာပြီး ဆွေးနွေးပြီးလုပ်ကြတယ်။ ခြုံပြောရင်တော့ တော်တော်များများ ပြီးနေပြီ။ ပြီးနေသမျှမှာ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက သမာသမတ်ဖြစ်အောင် အကုန်ပြန်စီစဉ်ပြီး ရွေးပေးနေတော့ အခုအချိန်ထိတော့ ယေဘုယျ အများစု ကျေကျေနပ်နပ်ဖြစ်နေပြီလို့ ပြောလို့ရတယ်။”

ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ်တွေကို အခု ဒီဇင်ဘာလအတွင်း အပြီးရွေးချယ် ခန့်အပ် သွားမယ်လို့ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

တချို့ ဒေသတွေမှာ ရွေးချယ်ပြီး ဖြစ်တာတွေ့ရပြီး တချို့ဒေသတွေမှာတော့ ကြီးကြပ်ရေး အဖွဲ့တွေပဲ ဖွဲ့စည်းထားရသေးတာ တွေ့ရပါတယ်။

အခုရွေးချယ်လိုက်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ်တွေမှာ အရင် အုပ်ချုပ်ရေးမှူးတွေပဲ ပြန်ပြီး အရွေးခံရတာမျိုး တွေ့ရသလို နိုင်ငံရေးပါတီဝင်တချို့ အုပ်ချုပ်ရေးမှူးနေရာ ရွေးချယ်ခံရတာ မျိုးလဲ တွေ့ရပါတယ်။

အစိုးရသစ်လက်ထက်မှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေတွေအရ အခုလို ပြန်လည်ရွေးချယ်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013