DVB Logo
Home
မြန်မာသတင်း
ရှစ်လေးလုံးကျောင်းသားတွေ ပထမဆုံးအကြိမ် ရန်ကုန်မှာတွေ့ဆုံဆွေးနွေး
DVB
·
December 19, 2012
ရှစ်လေးလုံးကျောင်းသားတွေ ပထမဆုံးအကြိမ် ရန်ကုန်မှာတွေ့ဆုံဆွေးနွေး
Donate to DVB

ရန်ကုန်မှာရောက်ရှိနေတဲ့ ကျောင်းသားတပ်မတော်(ABSDF)က ခေါင်းဆောင်တွေနဲ့ ပြည်တွင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီနေ့တွေ့ဆုံပြီး ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ အားလုံး ပါဝင်တဲ့ လွှတ်တော်ပြင်ပ ဆွေးနွေးပွဲကြီး တရပ် ဖော်ဆောင်ရေး ကိစ္စကို ဆွေးနွေးကြပါတယ်။

သမိုင်းဝင် ၈၈၈၈ လူထုအုံကြွမှုကနေ ပေါက်ဖွားပြီး လက်နက်စွဲကိုင် တိုက်ခိုက်နေတဲ့ ကျောင်းသားတပ်မတော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်ရဲ့ ဖြစ်ထွန်းမှုတွေ ကို လေ့လာဖို့ မြန်မာနိုင်ငံကို မနေ့မနက်က ထွက်ခွာခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါတယ်။

ဒီနေ့ မနက် ၁၀ နာရီမှာ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာတွေ့ဆုံကြရာမှာ နှစ်ပေါင်း ၂၀ ကျော်ကြာကင်းကွာခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားရေးရာကိစ္စတွေ ဆွေးနွေးဖြစ်တယ်လို့ ပါဝင်ဆွေးနွေးသူတဦးဖြစ်တဲ့  ၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ်က ပြောပါတယ်။

“၈၈ တွေနဲ့ ကျနော်တို့ ညီအကိုရဲဘော်တွေ အားလုံး ရင်းရင်းနှီးနှီး တွေ့ဆုံကြတာပါ။ မနက်ကတော့ ကျနော်တို့ နှစ်ဖက်စလုံး ဖြတ်သန်းခဲ့ရတဲ့ ကာလအတွင်း အတွေ့အကြုံတွေကို အပြန်အလှန်ဖလှယ်တယ်။ ဆွေးနွေးတယ်။ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့တွေ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ကို လုပ်ဆောင်နိုင်ဖို့။ ပြီးတော့ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေ အားလုံးပါဝင်တဲ့ မြန်မာနိုင်ငံမှာ လွှတ်တော်ပြင်ပကနေ မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲကြီး တခု ကျင်းပနိုင်ဖို့ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။”

ကျောင်းသားတပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးတွဲပြီး တော်လှန်နေသလို မြို့ပေါ်က ၈၈ မျိုးဆက်ကျောင်းသားတွေကလည်း တိုင်းရင်းသားဒေသတွေကို ကွင်းဆင်းပြီး တိုင်းရင်းသားတွေနဲ့ ထိတွေ့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေ လိုလားတဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အရေးကြီးတယ်ဆိုတဲ့ ရပ်တည်ချက်မှာ အတူတူပဲလို့ ဦးဌေးကြွယ်က ရှင်းပြပါတယ်။

“အခုဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ ပြန်သုံးသပ်တော့လည်း ကျနော်တို့မှာ တူညီမှုတွေ အများကြီးရှိပါတယ်။ ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ အခုအချိန်ထိ မရနိုင်သေးတဲ့ ငြိမ်းချမ်းရေးအတွက်ကို ဘယ်လိုရအောင်ယူနိုင်မလဲ။ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေက ဘာတွေဖြစ်နိုင်သလဲ။ နောက် ယူအန်အက်ဖ်စီ. တိုင်းရင်းသားတွေစုဖွဲ့ထားတဲ့ အစုအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေက အစပေါ့။ ပြီးတော့ ငြိမ်းချမ်းရေးအတွက်ကို အေဘီအက်စ်ဒီအက်ဖ် အနေနဲ့ရော၊ ၈၈ မျိုးဆက်အနေနဲ့ရော ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ဖို့တွေ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။ သိပ်ကွဲပြားမှုမရှိပါဘူး။”

လာမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့ကျရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျောင်းသားပါတီလို့ လူသိများခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကျောင်းသားတပ်မတော်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ထားတယ်လို့ ဦးဌေးကြွယ်က ပြောပါတယ်၊

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ရဲ့ တပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ခဲ့တဲ့ သမိုင်းဝင် ၈၈၈၈ လူထုအရေးတော်ပုံကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီး စစ်ကောင်စီအဖြစ်နဲ့ အုပ်ချုပ်နေရာက သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013