အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်လာရင် ပင်လယ်နီ ရေနံလမ်းကြောင်းကို ပိတ်ဆို့ဖို့ ယီမင်နိုင်ငံက ဟူသီအဖွဲ့တွေကို အီရန်က ညွှန်ကြားထားတယ်လို့ ရိုက်တာသတင်းဌာနက အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြပါတယ်။
လက်ရှိမှာတော့ ဟူသီအဖွဲ့ဟာ ပင်လယ်နီအဝင်ဝဖြစ်တဲ့ ဘက်အယ်လ်မန်ဒက် ရေလက်ကြားအနီးမှာ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ဖြန့်ကြက်ထားပြီး တိုက်ခိုက်ဖို့ အမိန့်စောင့်နေတယ်လို့ ဆိုပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံက သူတို့ရဲ့ စွမ်းအင် ၇၀ ရာခိုင်နှုန်းကို ယန်ဘူး ဆိပ်ကမ်းကတဆင့် ဒီပင်လယ်နီလမ်းကြောင်းကနေ အဓိက တင်ပို့နေတာ ဖြစ်တဲ့အတွက် ပိတ်ဆို့လိုက်ရင် ကမ္ဘာ့စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာနိုင်ပါတယ်။
ဒီရေလက်ကြားကို ဘယ်အချိန်မှာ ပိတ်ဆို့မလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို ယီမင်နိုင်ငံကို ရောက်ရှိနေတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကိုယ်စားလှယ်တွေက ချမှတ်သွားမှာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံတွေရှိ အမေရိကန် စစ်စခန်းတွေကို အီရန်က ဇူလိုင် ၁၇ ရက် မနက်အစောပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
ကာတာနိုင်ငံ မြို့တော် ဒိုဟာမှာလည်း ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး ကလေးငယ်တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကာတာ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံ အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ရေနံ တင်ပို့ရာမှာ အရေးအပါဆုံးဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာလည်း ကုန်သွယ်ရေး ရပ်ဆိုင်းသွားခဲ့ပါတယ်။
အီရန်က ရေလက်ကြားကို ပြန်လည်ပိတ်ဆို့လိုက်သလို အမေရိကန်ကလည်း ဇူလိုင် ၁၅ ရက်ကစပြီး အီရန်ဆိပ်ကမ်းတွေကို ရေကြောင်းကနေ ပိတ်ဆို့ထားပါတယ်။










