ပုဇွန်တောင် ရေတွန်းစက်ရုံက ကလိုရင်းဆေးခပ်စက် ခိုးယူခံရ

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ သိမ်ဖြူလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာရှိတဲ့ ရေတွန်းစက်ရုံက ကလိုရင်းဆေးခတ်စက် (Chlorine Dosing Pump) ဟာ အောက်တိုဘာ ၂၈ ရက် မနက် ၄ နာရီ လောက်မှာ ခိုးယူခံလိုက်ရတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီစက်ဟာ ဗိုလ်တထောင်၊ ကျောက်တံတားနဲ့ ပုဇွန်တောင်မြို့နယ်တွေကို သောက်သုံးရေ ဖြန့်ဖြူး ပေးနေတဲ့ ပိုက်လိုင်းတွေမှာ ကလိုရင်းဆေးခတ်ပြီး ပိုးသတ်သန့်စင်ပေးတဲ့ စက်ဖြစ်ပါတယ်။
အခုလို အဆောက်အအုံ တံခါးကို ဖျက်ဆီးပြီး ခိုးယူသွားတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပုဇွန်တောင်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ခိုးယူသွားသူတွေအနေနဲ့ ဒီစက်ကို အမြန်ဆုံး ပြန်လည်အပ်နှံဖို့နဲ့ ပြည်သူတွေအနေနဲ့လည်း ရေပေးဝေရေးဆိုင်ရာ စက်ပစ္စည်းတွေ၊ အဆောက်အအုံတွေ လုံခြုံရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကူညီကြဖို့ YCDC အင်ဂျင်နီယာဌာန (ရေနဲ့သန့်ရှင်းမှု) က လူမှုကွန်ရက်ကတဆင့် တောင်းဆိုထားပါတယ်။











