
စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အင်းတော်-ကသာ-မော်လူး လမ်းပိုင်းမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ဒီရက်ပိုင်း တိုက်ပွဲတွေကြောင့် ကားလမ်းပိတ်နေတာ ၄ ရက်လောက် ရှိလာပြီး ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေတယ်လို့ ဒီလမ်းပိုင်းကို အသုံးပြုနေတဲ့ ကုန်သည်တချို့နဲ့ ခရီးသည်တွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မေ ၂၂ ရက်ကစပြီး မန္တလေးကနေ မြစ်ကြီးနား၊ ဗန်းမော်ကိုသွားမယ့် ကုန်တင်ယာဉ်နဲ့ ခရီးသညေတင်ယာဉ် ရာနဲ့ချီ ကသာ၊ နဘားနဲ့ မော်လူးမြို့တွေအနီးမှာ ပိတ်မိနေတယ်လို့ လမ်းအသုံးပြုတဲ့ ခရီးသွားတချို့က ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင် ကသာ၊ နဘားနဲ့ မော်လူးမြို့တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မြို့အဝင်အထွက် လမ်းတွေကို စစ်အာဏာရှင်တပ်ရော တော်လှန်ရေးတပ်တွေဘက်ကပါ နှစ်ဖက် အပြန်အလှန်ပိတ်ထားတာလို့ ဆိုပါတယ်။
မန္တလေးမြို့ကနေ စစ်ကိုင်းတိုင်းကို ဖြတ်ပြီး မြစ်ကြီးနား၊ ဗန်းမော်ဘက်ကို တက်တဲ့ ကားတွေဟာ ကသာမြို့အဝင်မှာ ပိတ်မိနေပြီး ကချင်ပြည်နယ်က မန္တလေးပြန်ဆင်းတဲ့ ကားတွေကတော့ နဘားလမ်းဆုံးနဲ့ မော်လူးမြို့တွေမှာ ပိတ်မိနေကြတာပါ။
မန္တလေး-မြစ်ကြီးနား ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူတယောက်က “မြို့အဝင်အထွက်တွေပါ ပိတ်ထားတော့ တချို့ကားတွေ မော်လူးမြို့တို့၊ ကသာမြို့တို့မှာ ဝင်မရ၊ ပြန်ထွက်မရ ပိတ်မိနေတဲ့ ကားတွေ ရှိတယ်။ အတက်ကားပဲဖြစ်ဖြစ်၊ အဆင်းပဲဖြစ်ဖြစ် နောက်ဆုတ်မရ၊ ရှေ့တိုးမရ ဖြစ်နေတယ်။ အရင်တုန်းက ရှောင်သွားလို့ရတဲ့ တောလမ်းတွေ ရှိတယ်။ အခု မိုးရာသီမှာတော့ သွားလို့ မရဘူး။ လုံခြုံရေးလည်း စိတ်မချရဘူး” လို့ ပြောပါတယ်။
ဒီလမ်းပိုင်းဟာ ကချင်ပြည်နယ်ရဲ့ အဓိကဝင်ပေါက်လမ်းဖြစ်ပြီး ကုန်စည်စီးဆင်းရာမှာ အရေးပါတဲ့ လမ်းပိုင်းတခုလည်း ဖြစ်ပါတယ်။
အရင်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်၊ ကသာမြို့တွေကို စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပေမဲ့ ကျေးလက်ဒေသတွေကိုတော့ တော်လှန်ရေးတပ်တွေ စိုးမိုးထားဆဲဖြစ်ကာ နှစ်ဘက်တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာပါ။
ဒေသခံခရီးသွားတယောက်က “အခုက စစ်ဘေးရှောင်တွေ ပြန်လာတာ ရှိတယ်။ လမ်းပြန်ဖွင့်တယ် ဆိုပြီး ကုန်သည်တွေ တက်လာတာ ရှိတယ်။ ကုန်စိမ်းလိုမျိုး ဟင်းသီးဟင်းရွက်ကားတွေဆို လမ်းပိတ်ပြီး အကုန်ပျက်စီးကုန်တယ်။ စားသောက်ကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေ ဒီလမ်းပိုင်းမှာ အတက်အဆင်း လုပ်နေရတာ ရှိတယ်။ ကားသမားတွေကတော့ လမ်းပြန်ဖွင့်မလားဆိုပြီး ဒီအတိုင်း တွေ့တဲ့နေရာမှာ ခဏရပ်ပြီး စောင့်နေကြတာပေါ့” လို့ ပြောပါတယ်။
မေ ၂၄ ရက် မနက်ပိုင်းမှာလည်း ကသာခရိုင် ကသာ-နဘား လမ်းပိုင်းမှာ ဖြတ်သန်းလာတဲ့ စစ်အာဏာရှင်တပ်ရဲ့ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကသာခရိုင်ကွပ်ကဲရေးရုံးကလည်း လတ်တလောမှာ ကသာခရိုင်အတွင်း တိုက်ပွဲတွေကြောင့် ဒေသတွင်း ကားလမ်းတွေကို အရပ်သားပြည်သူတွေ အသုံးမပြုကြဖို့ မေ ၂၄ ရက်က အသိပေးထုတ်ပြန်ထားပါတယ်။










