DVB Logo
Home
မြန်မာသတင်း
ဒဏ်ရာရကိုယ်တော်အတွက် ငွေကြေးလိုအပ်
DVB
·
December 18, 2012
ဒဏ်ရာရကိုယ်တော်အတွက် ငွေကြေးလိုအပ်
1 / 2
Donate to DVB

လက်ပန်းတောင်းကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွင်းတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံမှာ ကုသနေတဲ့ ဦးပဉ္စင်း ဦးတိက္ခဥာဏအတွက် ပထမ ၂ ရက်တာ ဆေးကုစရိတ် ဘတ် ၁ သန်းကျော် ကျသင့်တယ်လို့ ဆေးရုံက ကုန်ကျစရိတ်တောင်းခံလွှာ ထွက်ရှိပါတယ်။

ဦးတိက္ခဥာဏကို လိုက်ပါပြုစုတဲ့ သားတော် ဒေါက်တာနေသူရိန်က “ကျနော်တို့ ၁၃ ရက်နေ့က ရောက်တယ်။ ၁၆ ရက်မှာကျတော့ ဘတ် ၁ သန်းကျော်လောက် ကုန်သွားတယ်ခင်ဗျ။” လို့ ပြောပြပါတယ်။

ထိုင်းငွေ ၁ ဘတ်ဟာ မြန်မာငွေ ၂၆ ကျပ်ဝန်းကျင် ငွေလဲနှုန်းရှိနေတာ ဖြစ်ပါတယ်။

[caption id="attachment_34502" align="alignleft" width="300" caption="ရွှေည၀ါဆရာတော် ဘန်ကောက်ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် ဦးပဉ္စင်း ဦးတိက္ခဥာဏကို လာရောက်ကြည့်ရှုစဉ်"][/caption]

ဆေးရုံမတက်ခင်က စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆေးရုံမှာ တင်ကြိုငွေ ဘတ် ၁ သန်းတင်ပေးထားသလို ဒဏ်ရာရလူနာတွေအတွက် အကူအညီပေးမယ်ဆိုတဲ့အတွက် စုံစမ်းရေးကော်မရှင်နဲ့ တွေ့ဆုံဖို့ ရန်ကုန်ကို မနေ့ညနေက ပြန်ခဲ့တယ်လို့ သားဖြစ်သူ ဒေါက်တာနေသူရိန်က ပြောပါတယ်။

“ဆေးဖိုးဝါးခနဲ့ပတ်သက်လို့ ကျနော် အခု ဒီကိုလာတာကတော့. စုံစမ်းရေးကော်မရှင်က တာဝန်ယူထားတာပေါ့ ဒီဘုန်းဘုန်းကြီးကို ဆေးကုဖို့လေ။ အဲဒီအတွက် လာတာပါ။ တာဝန်ယူမယ်ဆိုပေမယ့် အချိန်က ၂ လ လောက်ကြာမှာဆိုတော့ စုံစမ်းရေးကော်မရှင်က တာဝန်ယူနိုင် မယူနိုင် အဲဒါလေးပေါ့လေ။ ကျနော်တို့က မျှော်လင့်နေပါတယ်။ အဲဒါလေးကို လာပြီးတော့ အကူအညီတောင်းကြည့်တာပါ” လို့ ပြောပါတယ်။

ဒဏ်ရာရကိုယ်တော်အတွက် ထိုင်းဘတ်ငွေ ၁ သန်းကို စုံစမ်းစစ်ဆေးရေးကော်မရှင်က တင်ကြိုထုတ်ပေးထားပြီး ဒဏ်ရာရသူတွေ အကူအညီတောင်းခံနိုင်တယ်ဆိုတာကိုလည်း ကော်မရှင်က သတင်းစာကနေ ကြေညာထားပါတယ်။

ဘန်ကောက်မှာ ရောက်ရှိလူနာကြည့်တဲ့ ရွှေည၀ါဆရာတော်ကို မေးမြန်းလျှောက်ထားရာမှာ လူနာအခြေအနေကို ပြောပြပါတယ်။

“သူ့အသားတွေကို စမ်းသပ်စစ်ဆေးတာကိုက ၃ ကြိမ်ရှိသွားပြီ။ ပေါင်းထားတဲ့အသားတုတွေနဲ့ကုရမယ်။ သူ့မှာ တခြားနေရာက ဖဲ့ပြီးအစားထိုးဖို့ အသားကလည်း မရှိဘူး။ တကိုယ်လုံးလောင်ထားတာလေ။ ဦးတိက္ခဥာဏရဲ့ အနာတွေထဲမှာ ပိုးက၀င်နေတယ်တဲ့၊ ဗိုင်းရပ်စ်ပိုး။ ကျန်တဲ့ကိုယ်တော်တွေလည်း ရန်ကုန်မှာ အဲဒီအတိုင်းဆက်ထားရင် ဆိုးကျိုးဖြစ်နိုင်တယ်လို့ ဘန်ကောက်ဆေးရုံကြီးက ဆရာဝန်ကြီးတွေက သုံးသပ်ပြတယ်လို့ အဲဒီလိုသတင်းရတယ်လေ” လို့ မိန့်ပါတယ်။

ဆေးကုသကုန်ကျငွေက ထိုင်းဘတ်ငွေ ၁ သန်း ၃ သောင်း ၄ ထောင်ကျော် ကျသင့်တာဖြစ်ပြီး နောက်ထပ် ဘတ် ၅ သိန်း ကြိုတင် တင်ထားရကြောင်းနဲ့ နောက်ပိုင်း ကုသချက်တွေမှာတော့ ကုန်ကျစရိတ်လျော့ပါးသွားဖွယ်ရှိတယ်လို့ ဆရာတော်က ခန့်မှန်းပါတယ်။

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရပြီး မန္တလေးဆေးရုံတက်ရောက် ကုသနေတဲ့ ဒဏ်ရာရသံဃာတွေထဲက ၄ ပါးဟာလည်း ရန်ကုန်အရေပြားအထူးကုဆေးရုံကို ရောက်ရှိနေပြီး ထိုင်းနိုင်ငံမှာ ထွက်ပြီးဆေးဝါးကုသဖို့ ကြိုးပမ်းနေတယ်လို့ ကူညီပေးနေတဲ့ ဦးသု ခေါ် ဦးဝိမလက မိန့်ကြားပါတယ်။

“နည်းနည်းစိုးရိမ်ရတဲ့ အနေအထားကတော့ ကိုရင်သဇ္ဇနပေါ့။ ကိုရင်သစ်ဇနကတော့ နည်းနည်းစိုးရိမ်ရတဲ့အနေအထားလို့ ဆေးရုံက ဆရာမကြီးက ဦးဇင်းကို ခုနက ပြောတယ်။ တကယ်လို့ မသက်သာရင် ထိုင်းပို့ဖို့ စီစဉ်ထားတဲ့အတွက် ပတ်စပို့ကိစ္စလေးတွေကို အရင် လုပ်ပေးရမယ်ဆိုပြီးတော့ အကြောင်းကြားထားလို့ ဦးဇင်းတို့ အရင်လုပ်နေပါတယ်” လို့ မိန့်ပါတယ်။

လက်ပန်းတောင်း ကြေးနီစီမံကိန်းသပိတ်စခန်းကို နိုဝင်ဘာ ၂၉ ရက် မနက်အရုဏ်မတက်ခင် အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် သံဃာ အပါး ၁၀၀ ခန့်နဲ့ လူ ၂၀ ၀န်းကျင် မီးလောင်ဒဏ်ရာရခဲ့တာဖြစ်ပြီး အစိုးရက ပြီးခဲ့တဲ့ စနေနေ့တုန်းက မန္တလေးတောင်ခြေရှိ အတုမရှိကျောင်းတိုက်မှာ ဒဏ်ရာရသံဃာတွေကို ၀န်ချတောင်းပန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013