DVB Logo
Home
မြန်မာသတင်း
စားသုံးသူသမဂ္ဂ ဖွဲ့စည်းမည်
DVB
·
December 18, 2012
Donate to DVB

စားသုံးသူတွေကို ပညာပေးဖို့ မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂဖွဲ့ဖို့ ပြင်ဆင်နေပြီ ဖြစ်တဲ့ အကြောင်း သမဂ္ဂဖွဲ့စည်းရေး ယာယီကော်မတီ အဖွဲ့ဝင် တဦးဖြစ်တဲ့ ဒေါက်တာ ဦးမျိုးအောင်က ပြောပါတယ်။

စားသုံးသူပြည်သူတွေအနေနဲ့ မိမိတို့ပေးရတဲ့တန်ဖိုးနဲ့ ညီမျှတဲ့ အရည်အသွေးမီ အစားအသောက်တွေ ရရှိခံစားနိုင်ဖို့ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ရည်ရွယ်ဖွဲ့စည်းလိုက်တာပါ။

သမဂ္ဂဖွဲ့စည်းဖို့ ယာယီကော်မတီတရပ် ဖွဲ့စည်းထားပြီး အဲ့ဒီယာယီကော်မတီထဲမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေနဲ့ ပညာရေးလောကက အငြိမ်းစားပါမောက္ခတွေ ပါဝင်ပါတယ်။ စားသုံးသူများသမဂ္ဂအနေနဲ့ ပညာပေးလုပ်ငန်းကိုပဲ အဓိကထား လုပ်ဆောင်သွားမယ်လို့ ဒေါက်တာ ဦးမျိုးအောင်က ပြောပါတယ်။

“ပညာပေးရေး အဓိကလုပ်မယ်။ နောက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ)တို့၊ တခြား ကျနော်တို့နဲ့ သက်ဆိုင်တဲ့ နယ်ပယ်တွေမှာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း ပူးပေါင်း ဆွေးနွေးလုပ်မယ်။ ပစ္စည်းအပေါ် တရားစွဲတာနဲ့ တိုင်တန်းတာတွေ မလုပ်ဘူး။ ကျနော်တို့လုပ်မှာက အသိပညာမြှင့်တင်ပေးပြီး boycott စနစ်ပေါ့။ သူ့ဘာသာသူ ရွေးချယ်ပြီး မကောင်းတာတွေ ပယ်သွားမယ်။ သပိတ်မှောက်သွားမယ်၊ အဲလိုသွားမှာပါ။ ကျနော်တို့က ပရဟိတလုပ်ငန်းသပ်သပ် ဖြစ်ပါတယ်။”

အခြေခံလူတန်းစားတွေရဲ့ ရွေးချယ်ခွင့်မရှိတာ၊ စားဝတ်နေရေး. ပိုက်ဆံမတတ်နိုင်တာတွေကြောင့် ဆီမကောင်းတာသိပေမယ့်လည်း ၀ယ်သုံးနေရတဲ့ အခြေအနေတွေမှာ ပညာပေးလုပ်ငန်းတွေဟာ ထိရောက်မှု ရှိနိုင်ရဲ့လားဆိုတော့ သူက ဆက်ပြောပြပါတယ်။

“လောလောဆယ်မှာ ကျနော်တို့က လုပ်နိုင်တဲ့ အပိုင်းက စလုပ်တာပေါ့။ ကျနော်တို့ရှေ့မှာ နိုင်ငံတော်ကလည်း ပညာပေးတာတွေ တတ်နိုင်သလောက် လုပ်ပါတယ်။ ဒါပေမယ့်လည်း သူတို့က တာဝန်အရလုပ်တာတွေ များတဲ့အခါကျတော့၊ ကျနော်တို့ကတော့ လူမှုရေးစိတ်ဓာတ်အရ၊ ကိုယ်တတ်နိုင်တဲ့ အသက်အရွယ်၊ လုပ်နိုင်တဲ့အတိုင်းအတာနဲ့ ပညာပေးလုပ်ငန်းတွေ လုပ်သွားမယ်။ အောင်မြင်မှု အတိုင်းအတာကတော့ အခြေအနေအရ၊ ကျနော်တို့ ကျယ်ပြန့်အောင် လုပ်နိုင်သလောက် အောင်မြင်သွားမှာပါ။”

သမဂ္ဂဖွဲ့ဖို့ ခွင့်ပြုချက်တောင်းခံထားပြီး သိပ်မကြာခင် ဖွဲ့စည်းခွင့်ပြုမယ်လို့ ယုံကြည်ကြောင်းလဲ ပြောပါတယ်။ စားသုံးသူသမဂ္ဂကို မည်သူမဆို ပါဝင်နိုင်ပြီး ယာယီကော်မတီရုံးခန်း ကို ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါတယ်။

ပြည်တွင်းဈေးကွက်ထဲ ရောင်းချနေတဲ့ စားသုံးကုန်ပစ္စည်းတွေမှာ ဓာတုဆိုးဆေးတွေ သုံးထားတယ်။ စားသုံးရန်မသင့်တဲ့ စားအုန်းဆီတွေ ရောင်းချတယ် ဆိုတဲ့ သတင်းတွေ မကြာခဏ ကြားရလေ့ရှိပါတယ်။

မန္တလေးမြို့မှာတော့ မန္တလေးဆီကုန်သည်များနဲ့ ဆီလုပ်ငန်းရှင်များအသင်းကနေ စားသုံးရန်မသင့်တဲ့ စားအုန်းဆီတွေ ၀ယ်ယူမသုံးကြဖို့၊ ရောင်းချသူတွေကလဲ ရောင်းချဖို့ မသင့်တဲ့အကြောင်း ပညာပေး လက်ကမ်းစာစောင် စောင်ရေ ၁ သိန်း အခမဲ့ဖြန့်ဝေခဲ့ပါတယ်။ နယ်စပ်လမ်းကြောင်းမှာလဲ စစ်ဆေးရေးအဖွဲ့တွေက စစ်ဆေး ကြပ်မတ်တာတွေကြောင့် စားသုံးမှုလျော့ကျသွားတာတွေ့ရတယ်လို့ အသင်းဥက္ကဋ္ဌ ဦးကိုကိုကြီး က ပြောပါ တယ်။

“ညံ့တဲ့ ဆီတွေအကြောင်း မီဒီယာတွေ၊ မန္တလေး ဆီအသင်းကနေ လက်ကမ်းစာစောင်တွေဖြန့် အသိပညာပေးတော့ တုံ့ပြန်မှုလေးတွေက. စားသုံးသူတွေ လက်မခံတော့ဘူး။ ဒီဆီမျိုးတွေ့ရင် စားသုံးသူလက်မခံတော့ဘူး။ ကျနော်တို့က ၂ ပိုင်းပေါ့. တဖက်က စားသုံးသူ လက်မခံအောင်၊ တဖက်က အစိုးရကလည်း လုပ်အောင် နှစ်ဖက်လုပ်လိုက်တော့ သိသိသာသာ အ၀င်နည်းသွားတယ်။ အညံ့ဆုံး ဆီ မ၀င်တော့ဘူး။”

မြန်မာနိုင်ငံမှာ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ခိုင်ခိုင်မာမာ မရှိသေးဘဲ ၂၀၁၃ ခုနှစ်အတွင်း လာမယ့် လထဲမှာ ကျင်းပဖို့ရှိတဲ့ လွှတ်တော်ထဲမှာတော့ ပေါ်ထွက်လာဖို့ရှိကြောင်း ခန့်မှန်း သုံးသပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013