
ရုရှားဟာ ယူကရိန်းမြို့တော် ကိယိဗ်ကို ဩဂုတ် ၁ ရက်မနက်အစောပိုင်းက ပဲ့ထိန်းဒုံးကျည် အများစုအသုံးပြုပြီး အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၉ ယောက် သေဆုံးပြီး ကလေး ၄ ယောက်အပါအဝင် ၂၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကို က ပြောပါတယ်။
ရုရှားဟာ ပဲ့ထိန်းဒုံးကျည် ၂၇ စင်း အပါအဝင် ဒုံးကျည် စုစုပေါင်း ၃၅ စင်းနဲ့ တိုက်ခိုက်ရေး ဒရုန်း ၁၈၅ စင်း အသုံးပြုကာ မြို့တော် ကိယိဗ်ကို ပင်မပစ်မှတ်အဖြစ် အဓိကထား တိုက်ခိုက်ခဲ့တာလို့ သမ္မတဇလန်စကီးက ပြောပါတယ်။
အသံထက် အဆပေါင်းများစွာ မြန်ဆန်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ချနိုင်တဲ့ အမေရိကန်ထုတ် ပက်ထရီယော့ထ် လေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် ဒုံးကျည်တွေ ကုန်ခန်းပြတ်လပ်နေတာကြောင့် ပဲ့ထိန်းဒုံးကျည် ၂၇ စင်းအနက် ၁ စင်းကိုသာ ပစ်ချနိုင်ခဲ့တယ်လို့လည်း ဇလန်းစကီး က ထုတ်ဖော်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကိယက်ဗ်ရဲ့ မြို့နယ် ၅ ခုမှာ ပျက်စီးဆုံးရှုံးခဲ့ပြီး ရှက်ဗ်ချန်-ကစ်ဗ်စကီး ခရိုင်ရှိ လူနေအဆောက်အအုံတလုံးရဲ့ ပထမထပ်နဲ့ ဒုတိယထပ်တို့ ပြိုကျပျက်စီးကာ ပြည်သူအချို့ ပိတ်မိနေခဲ့သလို ဘူချာခရိုင်ရှိ ကုန်လှောင်ရုံတွေ အပါအဝင် နေရာအများအပြားမှာ မီးလောင်ကျွမ်းခဲ့ပါတယ်။
မြို့အတွင်း ပေါက်ကွဲသံ ၁၂ ကြိမ်ထက်မက ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး မီးခိုးလုံးကြီးတွေ မြို့ကောင်းကင်ယံတွင် ဖုံးလွှမ်းသွားခဲ့တာကို ရိုက်တာသတင်းထောက်တွေက မြင်တွ့ခဲ့ပါတယ်။
မြို့တော်ဝန် ကလစ်ချ်ကို ကိုယ်တိုင် ဒေသခံတွေ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့အတူ အပျက်အစီးတွေ ရှင်းလင်းနေတဲ့နေရာဆီ သွားရောက် ကြည့်ရှုခဲ့ပြီး အရေးပေါ် ကူညီရေးအဖွဲ့တွေ ကလည်း မီးငြှိမ်းသတ်တာနဲ့ ရုပ်အလောင်းတွေ ဆွဲထုတ်တာကို ဆောင်ရွက်ခဲ့ကြပါတယ်။
ဒါဟာ ဒီတပတ်အတွင်း ကိယိဗ်မြို့ကို ဒုတိယအကြိမ်မြောက် အကြီးအကျယ် တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။
Source: Reuters










