
စက်သုံးဆီပြတ်လပ်မှု အခြေအနေက လဝက်ကျော်ကြာလာတဲ့အချိန်မှာတော့ လူမှုဘဝ အထွေထွေ အကျပ်အတည်းတွေက ပိုပြီးဆိုးလာတဲ့အတွက် ဒီအခြေအနေတွေ ကြာရှည်ဖြစ်လာမှာကို လူထုက စိုးရိမ်နေကြပါတယ်။
ကမ္ဘာ့အရှေ့အလယ်ပိုင်း ပဋိပက္ခတွေ ပိုအားကောင်းလာတဲ့နဲ့အမျှ အရှေ့အာရှနိုင်ငံတွေရဲ့ စက်သုံးဆီ ပြတ်လပ်တဲ့ ပြဿနာတွေကလည်း ပိုပြီးဆိုးဝါးလာနေပါတယ်။
မြန်မာနိုင်ငံမှာတော့ စက်သုံးဆီပြတ်လပ်လာတဲ့ အခြေအနေတွေကြောင့် စီမံချက်တွေ ချမှတ်ဆောင်ရွက်နေတာမျိုးတွေ ရှိနေပေမဲ့လည်း အချိန်ကြာမြင့်အောင် စောင့်ဆိုင်းရတဲ့ ဆီတန်းဆီရတဲ့ အခြေအနေတွေ၊ စက်သုံးဆီဈေး မြင့်တာတွေနဲ့ အကန့်အသတ်နဲ့သာ ရောင်းချပေးတာတွေကြောင့် ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူတွေမှာလည်း ခက်ခဲတာတွေ ကြုံတွေ့နေကြရပါတယ်။
ကုမ္ပဏီလုပ်ငန်းလုပ်ကိုင်သူတယောက်က “အဓိက,ကတော့ ဆီနည်းနည်းပဲ ရတာပေါ့။ ဆီတန်းစီရတဲ့ကားတန်းက ရှည်တယ်၊ စောင့်ရတယ်။ နောက် စုံရက် မရက် ကိုယ့်ရက်နဲ့ကိုယ်ပဲ ထွက်ရတယ်။ ဆိုတော့ ကိုယ့်ကားက စုံရက်မှာပဲထွက်ဆို ကိုယ့်အလုပ်တွေက အဲဒီရက်မှာပဲ သွားနေရတယ်။ ကားကလည်း တစီးပဲရှိတာဆိုတော့ ဒုက္ခရောက်တယ်ပေါ့။ တရက်ခြားစီ သွားတဲ့အခါ ရှိသမျှအလုပ်တွေ အကုန်လုံးကို ကိုယ့်ရဲ့ရက်မှာပဲ စုပြုံပြီးတော့ ချိန်းရတာပေါ့။ ကိုယ်အပြင်ထွက်လို့ရတဲ့ရက်မှာပဲ စုပြုံချိန်းတော့ အလုပ်တွေ မီတင်တွေက တမျိုး၊ ဆီဖြည့်ဖို့ သီးသန့် အချိန်ပေးရတာကတမျိုး ဆိုတော့ အလုပ်တွေ ဆီတန်းစီရတာတွေနဲ့ ရတော့လည်း ခွဲတမ်းနဲ့ ၁၅ လီတာပဲ ပေးတယ်၊ တစီးကို” လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာက စုံ မ ရက်သတ်မှတ်ပြီး စုံ မ အက္ခရာနံပါတ်တွေသာ ထွက်ဖို့ ကန့်သတ်တာ၊ ကားရဲ့ ဘီးခွန် (Wheel Tax) ပါ ဘားကုတ်ကို scan ဖတ်ပြီး တရက်တကြိမ်သာ ဆီပေးဖြည့်တာတွေကြောင့်လည်း ကားမောင်းတဲ့သူတွေမှာ နေ့စဉ် သွားလာမှုတွေမှာ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။
ကျောင်းပို့ ကျောင်းကြိုကားတွေကို ထောက်ခံစာနဲ့ မောင်းနှင်သွားလာခွင့် ပြုမယ် ဆိုထားပေမဲ့ အိမ်ကားတွေနဲ့ နည်းတူပဲ ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် အခက်အခဲတွေ ကြုံနေရကြောင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကျောင်းတခုရဲ့ ကျောင်းကားမောင်းသူက ပြောပြပါတယ်။
“ဆီဈေးတွေလည်း တက်သွားတာ ဟုတ်တယ်။ ဈေးတွေတင်လိုက်ပြီ အစိုးရကနေ၊ ကျောင်းကားတွေလည်း စုံ မ အတိုင်းပါပဲ။ တနေ့ကို တကြိမ်ပဲပေးတာ။ ကျောင်းက ထောက်ခံစာ လုပ်ပေးတယ်။ လုပ်ပေးလည်း လမ်းမှာ အဖမ်းအဆီးက ရှိတာပဲ။ ဆီကတော့ QR ကုတ်နဲ့ဖြည့်တာ ၁၅ လီတာပဲ ပေးတယ်။ ဘယ်လိုဖြစ်နိုင်မလဲ ဆိုရင်တော့ သူတို့ပြောထားတဲ့ ရက် ၄၀ ကျော်ရင်တော့ ပြတ်မှာပေါ့။ နိုင်ငံကြီးတွေတောင် ပြတ်ပြီဆို ဒီလိုနိုင်ငံလေးလောက်ကတော့ အသုံးဝင်မယ်မထင်ဘူး။ သူတို့ပါးစပ်ကတော့ ပြောတာပေါ့၊ ဟိုလိုရမယ် ဒီလိုရမယ်၊ လုံးဝမပြတ်လပ်စေရပါဘူး ဆိုပေမဲ့ တကယ်ရှိရင် တကယ်ဒုက္ခမရောက်ဘူးလေ။ အခုက အခက်အခဲပေါင်းများစွာနဲ့ လက်ရှိတော့ ဘာတွေပါဖြစ်လာလဲဆိုတော့ ကုန်ဈေးနှုန်းတွေပါ တအားထိလာပြီ၊ တော်တော့်ကိုထိလာပြီ။ အရာရာရာတိုင်းက ဈေးအတက်ကြီးပဲ ဖြစ်သွားပြီ၊ ဘာမှလုပ်မရတော့ဘူး။”
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် တောင်ကြီး၊ လားရှိုး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့ နေရာတွေ တော်တော်များများမှာလည်း ဆိုင်ကြီးတွေကနေ ဆီလုံလောက်အောင် ဝယ်ယူလို့ မရတဲ့အတွက် အပြင်ဈေးကွက်ကနေ ဈေးကြီးပေးဝယ်နေရကြောင်း သိရပါတယ်။
လားရှိုးမြို့နေ ပြည်သူတယောက်က “ဆီဆိုင်တွေက တနေကုန် တန်းစီခွင့်မပေးဘူး။ သူတို့က နာရီပိုင်းလောက်ပဲ တန်းစီခွင့်ပေးတော့ သွားတန်းစီတဲ့အချိန် အချိန်ပြည့်သွားဆိုပြီး ပိတ်သွားတယ်။ ပိတ်သွားတော့ တခြားဆိုင် ပြန်ပြောင်းစီရတယ်။ အားလုံးကို ဗြောင်းဆန်နေတာပဲ။ ဆီတွေ မဖူမလုံ မလောက်မငှ ဖြစ်လာပြီ ဆိုရင်တော့ ကျနော်တို့အမြင်က မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခန်းကဏ္ဍအားလုံး ရိုက်ခတ်မှုဖြစ်မှာပေါ့။ အဓိကအားဖြင့်တော့ အရင်းနှီးရှင်တွေ ငွေရှင်ကြေးရှင်တွေ အခွင့်အကောင်းယူပြီးတော့ ပြည်သူတွေကို ကုတ်သွေးမစုပ်ဖို့ပေါ့ဗျာ။ တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ ဆီကို သိုလှောင်တာ မလုပ်ဖို့ပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့မှာလည်း ဆီလုံးဝပြတ်လပ်သွားတာမျိုး မဟုတ်ပေမဲ့ တရက်လုံးမှာ နာရီပိုင်းလောက်အချိန်သာ ဆီဆိုင်ဖွင့်ပြီး အကန့်အသတ်နဲ့သာ ဆီရောင်းပေးတာကြောင့် အခက်အခဲတွေ ကြုံနေရတဲ့အတွက် အပြင်မှာ ဆီပုံးဝါနဲ့ ဆယ်လီတာတပုံးကို ကျပ်ငွေ ၂ သိန်းဝန်းကျင် ပေးဝယ် သုံးစွဲနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံမှာ အရန်စက်သုံးဆီ ရက် ၄၀ စာ ရှိတဲ့အပြင် စက်သုံးဆီတင် သင်္ဘောတွေလည်း ရှိသေးကြောင်း ပြောဆိုခဲ့ပေမဲ့ လက်ရှိ မြေပြင်မှာတော့ ဆီဆိုင်တွေက အချိန်ပိုင်းသာဖွင့်ပြီး ပြန်ပိတ်ထားရတဲ့အထိ စက်သုံးဆီဝယ်ယူရတဲ့ အခက်အခဲတွေ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။
ဝေဝေ











