DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေနေရပ်ပြန်ပို့ခံရမည့် အရေးနဲ့ ရင်ဆိုင်နေရ
DVB
·
December 14, 2012
ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေနေရပ်ပြန်ပို့ခံရမည့် အရေးနဲ့ ရင်ဆိုင်နေရ
Donate to DVB

ထိုင်းအစိုးရဟာ နိုင်ငံတွင်းလာရောက်လုပ်ကိုင်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေကို  အလုပ်သမားလက်မှတ် သက်တမ်းထပ်မတိုးပေးတော့တဲ့အတွက် သန်းနဲ့ချီတဲ့ မြန်မာ အလုပ်သမားတွေ ဖမ်းဆီး ပြန်ပို့ခံရမယ့် အရေးနဲ့ ကြုံတွေ့နေရပါတယ်။

ထိုင်းနိုင်ငံတွင်းအလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အလုပ်သမား လက်မှတ် သက်တမ်းကို ဒီဇင်ဘာ ၁၄ ရက် နောက်ဆုံးထားပြီး၊ ထပ်တိုးပေးတော့မှာမဟုတ်ဘူးလို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာထားတာပါ။

[caption id="attachment_18659" align="alignright" width="300" caption="မဟာချိုင်ရှိ မြန်မာငါးဖမ်းအလုပ်သမားများ"][/caption]

ထိုင်း နိုင်ငံခြားသားအလုပ်သမားအုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူး Dechar Peukpattanaruk က  ဒီနေ့ပြီးရင်တော့ ထိုင်းနိုင်ငံမှာ တရားမ၀င် အလုပ် လုပ်တဲ့သူတွေ သူတို့ရဲ့ နိုင်ငံကိုပြန်ရမယ်၊ တရားဝင်လမ်းကြောင်းနဲ့ပဲ ပြန်လာအလုပ်လုပ်နိုင်တော့မယ်လို့ မီဒီယာ တွေကို ပြောပါတယ်။

ထိုင်းအလုပ်ရှင်အဖွဲ့အစည်းတွေကတော့  အလုပ်သမားရှားပါးပြတ်လပ်မှာကို စိုးရိမ်တဲ့အတွက် အလုပ်သမားလက်မှတ် သက်တမ်းတိုးဖို့ နောက်ဆုံး သတ်မှတ်ရက်နေ့ကို  နောက်ဆုတ်ပေးဖို့  တောင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)က အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်ကတော့ ထိုင်းအစိုးရရဲ့ အလုပ်သမားတွေအားလုံး နေရပ်ပြန်ပြီး တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ပြန်လာရမယ်ဆိုတဲ့ အစီအစဉ်ဟာ လက်တွေ့မကျဘဲ တရားမ၀င် အလုပ်သမားတွေဖြစ်လာအောင် တွန်းပို့ရာရောက်နေတယ်လို့ ပြောပါတယ်။

“ကျနော်ထင်တာတော့ သူတို့လုပ်တဲ့ပုံစံတွေက ထိုင်းလုပ်ငန်းရှင်တွေ ကြိုက်တဲ့ တရားမ၀င်အလုပ်သမားကို ခိုင်းစေလို့ရအောင် သွားနေတဲ့ပုံစံမျိုးလို့ ကျနော်က မြင်တယ်။ မြန်မာအစိုးရက အထဲမှာ လာပြီး လုပ်ပေးနေတာတောင်မှ အောင်အောင်မြင်မြင် မလုပ်နိုင်ဘူးလေ။ မြန်မာပြည်ကိုပြန်ပြီးတော့ လုပ်ပေးမယ်ဆိုရင်လည်း တော်ရုံတန်ရုံကတော့ ပြောတာဆိုတာ သိပ် လက်တွေ့မကျဘူး။ အရင် ထိုင်းနိုင်ငံထဲမှာလာပြီး စခန်း ၆ ခုဖွင့်ပြီး လာလုပ်ပေးတာတောင်မှ လူကုန်မသွားဘူးလေ။ မြန်မာအစိုးရက ထပ်တိုးပေးဖို့ ပြောတာ သူတို့လက်မခံတဲ့ အနေအထားရှိနေတယ်။”

ထိုင်းအစိုးရဟာ လွန်ခဲ့တဲ့နှစ်တွေကလည်း  အလားတူကြေညာမှုမျိုးတွေ ပြုလုပ်ခဲ့ဖူးပေမယ့် ထိုင်းအလုပ်ရှင်တွေ၊ နိုင်ငံတကာနဲ့ အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ထိုင်း အန်ဂျီအိုတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် အလုပ်သမားတွေကို နေရပ်ပြန်ပို့မယ့် အစီအစဉ်ကို အကောင်အထည်မဖော်တဲ့ အစဉ်အလာရှိပါတယ်။

ဘန်ကောက်မြို့က ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းကတော့ လတ်တလော အလုပ်သမားတွေကို အလုံးအရင်းနဲ့ဖမ်းဆီးမှုတွေတော့ မရှိသေးဘဲ ဒီလို အဓမ္မဖမ်းဆီးပြီး နေရပ်ပြန်ပို့မယ်ဆိုရင် အနိုင်ကျင့်မှုဖြစ်တယ်လို့ ပြောပါတယ်။

“တယောက်တလေဖမ်းတာမျိုးကတော့ အမြဲတမ်းဖမ်းနေတယ်။ ဒါပေမယ့် အလုံးအရင်းနဲ့ စက်ရုံအလုပ်ရုံတွေ ရဲတွေ ၀င်စီးတာမျိုးတော့ မရှိသေးဘူး။ ထိုင်းနိုင်ငံအနေနဲ့က မြန်မာအလုပ်သမား မရှိမဖြစ်လိုအပ်တာကို သိသိကြီးနဲ့ ဒီလိုဖမ်းပို့တယ်ဆိုတာ ဒါ အနိုင်ကျင့်တယ်လို့ မြင်တယ်။”

ထိုင်းအစိုးရတရားဝင် စာရင်းအရ ထိုင်းနိုင်ငံမှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက အလုပ်သမားပေါင်း ၂ သန်းကနေ ၂ သန်းခွဲခန့် လာရောက် အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အများစုဟာ မြန်မာနိုင်ငံက ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013