DVB Logo
Home
မြန်မာသတင်း
ကျပ် ၁ သိန်းခွဲအောက် ၃ ဂျီ ဖုန်းတွေ လာမယ့်နှစ်ဆန်းပိုင်းမှာ ဖြန့်မယ်
DVB
·
December 14, 2012
ကျပ် ၁ သိန်းခွဲအောက် ၃ ဂျီ ဖုန်းတွေ လာမယ့်နှစ်ဆန်းပိုင်းမှာ ဖြန့်မယ်
Donate to DVB

ကျပ် ၁ သိန်းခွဲနဲ့အောက် မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ၂၀၁၃ ခုနှစ်ဦးပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး နေရာ ၁၈ နေရာမှာ အရောင်းဆိုင်တွေ ဖွင့်လှစ်  ရောင်းချမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။

အခု အသစ်ရောင်းချမယ့် 3G/UMTS(Universal Mobile Telephone System) ဟာ လက်ရှိကမ္ဘာ့နိုင်ငံတွေမှာ အများဆုံးတွင်တွင်ကျယ်ကျယ် သုံးနေတဲ့ မိုဘိုင်းဖုန်းစနစ်ဖြစ်ပြီး ဟန်းဆက် အမျိုးအစား မြင့်ရင်မြင့်သလို အကျိုးရှိရှိသုံးနိုင်မယ်လို့ ဆိုပါတယ်။

ကြေးနန်းဆက်သွယ်ရေးနဲ့စာတိုက် သင်တန်းကျောင်းရဲ့ ကျောင်းအုပ် ဦးကျော်စိုးက ပြောပါတယ်။

“၁ သိန်းခွဲရယ်။ ၁ သိန်းခွဲအောက် ဈေးနှုန်းပေါ့။ အဲလို ကျနော်တို့ တင်ပြထားတာရှိပါတယ်။ ကျနော်တို့ စက်ပစ္စည်းတပ်ဆင်မှုတွေ လုပ်နေပါတယ်။ လာမယ့်နှစ်ဦးပိုင်းမှာ စမှာဖြစ်ပါတယ်။ လာမယ့်နှစ်ဦးပိုင်းက စက်ပစ္စည်းတွေ တပ်ဆင်ပြီးရင် စမ်းသပ် လည်ပတ်ရပါမယ်။ စမ်းသပ်လည်ပတ်ကာလက ၂ ပတ်လောက်တော့ ကြာလေ့ရှိပါတယ်။ သေသေချာချာ စမ်းသပ်လည်ပတ်ရပါတယ်။ သေချာပြီဆိုမှ လူထုကို ကျနော်တို့ ထုတ်ရောင်းပါမယ်။” လို့ ပြောပါတယ်၊

ကျန်တိုင်းနဲ့ပြည်နယ်တွေထဲက မန္တလေး၊ မော်လမြိုင်နဲ့ ဘားအံမြို့တွေလည်း အစီအစဉ်မှာ ပါဝင်မယ်လို့ သူက ဆက်ပြောပါတယ်။

ဆင်းကတ်တခုကို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အခမဲ့ဖြန့်တဲ့စနစ် ထွန်းကားနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက တယ်လီဖုန်း ဆင်းကတ်တွေကတော့ ပေါ်ကာစက ဆင်းကတ်တခုကို ကျပ်ငွေသိန်း ၂၀ လောက်ထိ ဈေးမြင့်ခဲ့ပြီး ဇိမ်ခံပစ္စည်းလိုဖြစ်ခဲ့တာပါ၊ တဖြည်းဖြည်းနဲ့ ဈေးကျလာရာက လက်ရှိမှာ ဆင်းကတ်တခုကို ကျပ်ငွေ ၂ သိန်းနှုန်းနဲ့ အစိုးရက ရုံးဝန်ထမ်းတွေနဲ့ ကျေးရွာတွေကို အကြွေးရောင်းနေပါတယ်။

ဖုန်းဆင်းကတ်ဈေးနှုန်းကျဆင်းတာဟာ ဒီနှစ်ဆန်းပိုင်းတုန်းက ကုမ္ပဏီတခုရဲ့ မန်းနေဂျင်းဒါရိုက်တာ တဦးက ဆင်းကတ်တခုကို ကျပ် ၅၀၀၀ နဲ့ ရစေမယ်လို့ ကြေညာအပြီး မြန်မာ့ဆက်သွယ်ရေးဘက်က ဈေးချလာတာဖြစ်သလို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တန်ဖိုးနည်းဖုန်းတွေသုံးနိုင်အောင် စီမံမယ်ဆိုတာ ပြောခဲ့ပါတယ်။

ဒါကြောင့် ဆင်းကတ်တခုကို ကျပ် ၅၀၀၀ နှုန်းနဲ့ ဘယ်တော့လောက် မြန်မာပြည်သူတွေ သုံးစွဲနိုင်မလဲလို့ မေးမြန်းရာမှာ ကုမ္ပဏီတွေ အပြိုင်အဆိုင်လုပ်ကိုင်ကြတဲ့ ခေတ်ရောက်မှ ဈေးနှုန်းမျှောက်မှန်းနိုင်မယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အခု ဈေးနှုန်းတွေ တဆင့်ပြီးတဆင့် လျော့ချနေတော့ လာမယ့် ဒီဇင်ဘာအကုန် ဇန်န၀ါရီလဆန်းပိုင်းမှာတော့ ကျနော်တို့ ၁ သိန်းခွဲနဲ့ အောက်ကို ရောင်းနိုင်မှာဖြစ်ပါတယ်။ ဇန်န၀ါရီလလောက်မှာ ရောင်းနိုင်မယ်လို့ မှန်းပါတယ်။ ၅၀၀၀ တန် ကိစ္စကတော့ ဒါမျိုးက ဘယ်အချိန်မှာဖြစ်တတ်သလဲ ဆိုတော့ ကုမ္ပဏီတွေ  အပြိုင်အဆိုင် ပေါ်လာတဲ့အချိန်မှာ သူတို့တွေက အပြိုင်အဆိုင်လုပ်ရင်းနဲ့ ဈေးတွေက နိမ့်ကျသွားမှာဖြစ်ပါတယ်။ အပြိုင်အဆိုင် မရှိခင်ကာလမှာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ၅၀၀၀ တန်က မဖြစ်နိုင်သေးဘူးလို့ပဲ ကျနော်က သုံးသပ်ပါတယ်” လို့ ဖြေပါတယ်။

မြ၀တီ သတင်းထုတ်ပြန်ချက်မှာတော့ လာမယ့် နှစ်ဆန်းကျရင် ရန်ကုန်တိုင်းဒေသကြီးမှာ  ဂျီအက်စ်အမ်သရီးဒီဖုန်း အလုံးရေ ၁ သန်း၊ မန္တလေးတိုင်းဒေသကြီးမှာ ၂ သိန်း၊ မော်လမြိုင်နဲ့ ဘားအံမှာ ၆ သောင်းချသွားပေးမယ်လို့ ဆက်သွယ်ရေးအရာရှိကို ကိုးကားရေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013