DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်း ကြေးနီစီမံကိန်းရပ်တန့်ရေး မြ၀တီမြို့မှာ ဒီကေဘီအေ ဆန္ဒပြ
DVB
·
December 14, 2012
လက်ပန်းတောင်း ကြေးနီစီမံကိန်းရပ်တန့်ရေး မြ၀တီမြို့မှာ ဒီကေဘီအေ ဆန္ဒပြ
Donate to DVB

လက်ပန်းတောင်း ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းမှု ဒဏ်ရာရသံဃာတော်တွေကို တောင်းပန်ဖို့နဲ့ ကချင် ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုတွေကို  ရပ်တန့်ဖို့ ကလို့ထူးဘော (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်)နဲ့  ဗိုလ်မှူးချုပ် စောထိန်မောင်တို့ရဲ့ (ကေအန်ယူ/ကေအန်အယ်လ်အေ) ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့တွေ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ မြ၀တီမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီကေအဘီအေ တပ်ဖွဲ့က ဗိုလ်မှူး ဆန်းအောင်က ဆန္ဒပြရတာနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“ရဟန်းသံဃာတွေကို မီးခိုးဗုံးနဲ့ဖြိုခွင်းတာမှာ သံဃာတော်တွေက ၀န်ချတောင်းပန်ခိုင်းတာ၊ ရဟန်းပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောပေးလို့ လိုက်လျောပေးဖို့ ဆန္ဒပြတယ်။ နောက် ကချင်ပြည်နယ်စစ်ပွဲမှာ အခုဆိုရင် လေယာဉ်နဲ့တောင် သွားပစ်တယ်ဆိုတော့ ကိုယ့်ပြည်တွင်းမှာ ဖြစ်တာ လေယာဉ်တွေဘာတွေ သုံးဖို့ မလိုဘူး။ ကချင်တွေ ခံစားရတယ်ဆိုရင် တိုင်းရင်းသားတွေ ခံစားရတာနဲ့ တူတူပဲ။ ကချင်ထိုးစစ်ရပ်ဖို့နဲ့ ကြေးနီစီမံကိန်းရပ်ဖို့ ဆန္ဒပြတယ်။ ဒေသခံတွေဟာ သူတို့ရဲ့ သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးတယ်၊ ဘာမှ အကျိုးမခံစားရလို့ သံဃာတော်နဲ့ ပြည်သူတွေ ဆန္ဒပြတာကို မီးခုံးဗုံးနဲ့ နှိမ်နင်းတယ်၊ ဓာတုဗေဒပါတယ်လည်း ပြောကြတယ်။ သူတို့နဲ့ ထပ်တူထပ်မျှ ခံစားရတယ်။ ဒါကြောင့် ဆန္ဒပြပါတယ်။”

ဒီဆန္ဒပြမှုမှာ ဒီကေဘီအေအပြင် ဗိုလ်မှူးချုပ် စောထိန်မောင်တို့ရဲ့ ကေအန်ယူ /ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့တွေလည်း ပါဝင်ပြီး စစ်ယူနီဖောင်းတွေနဲ့အတူ ကား အစီးရေ ၁၀ စီး၊ လူအင်အား ၈၀ နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြရာမှာ လက်ပန်းတောင်း ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှုမှာ ဒဏ်ရာရသံဃာတော်တွေရဲ့ ပုံတွေ၊ ကချင်ပြည်နယ်အတွင်း ထိုးစစ်ကိုချက်ချင်းရပ်၊ သံဃာတော်တွေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးပါ စတဲ့ ဆိုင်းပုဒ်တွေကိုင်ပြီး မြ၀တီမြို့တွင်း လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

မြ၀တီမြို့နယ် တာဝန်ရှိသူတွေက ဆန္ဒပြရင် ကြိုတင် ခွင့်ပြုချက်ရယူရမယ့် အကြောင်းတွေလည်း ပြောဆိုခဲ့တယ်လို့ ဗိုလ်မှူးဆန်းအောင်က ဆက် ပြောပါတယ်။

လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆန္ဒပြမှုမှာ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ရဲတွေကို အရေးယူဆောင်ရွက်မှု တစုံတရာ မလုပ်ဆောင်ပေးပါက ဒီကေဘီအေ အနေနဲ့ ဆက်လက် ဆန္ဒထုတ်ဖော် သွားမယ်လို့လည်း  သူက ဆိုပါတယ်။

မြ၀တီမြို့မှာ  ဒီကေဘီအေနဲ့ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့တို့ ပူးပေါင်းဆန္ဒပြမှုဟာ ဒါပထမဦးအကြိမ်ဖြစ်ပါတယ်။

အခုလို ဆန္ဒထုတ်ထုတ်မှုနဲ့ပတ်သက်ပြီး ဗိုလ်မှူးဆန်းအောင်က “ကျနော်တို့ဟာ တိုးတက်သောဗုဒ္ဓဘာသာဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်ဖြစ်တယ်။ ကျနော်တို့ သစ္စာသံဓိဋ္ဌာန် ၄ ချက်မှာ ရွတ်ဆိုတာ ငါတို့သည် လူမျိုး၊ ဘာသာသာသနာကို အသက်ပေးကာကွယ်မည်ဆိုတာ နံပါတ် ၁ မှာပါတယ်။ လူမျိုးဆိုတာ ကရင်လူမျိုးကိုပဲ ပြောတာ မဟုတ်ဘူး။ နိုင်ငံထဲမှာရှိတဲ့လူမျိုးတွေကို ကျနော်တို့လူမျိုးတွေလို့ ခံယူထားတယ်။ Back တံဆိပ်မှာလည်း ၂၄ ပစ္စည်းတပ်ထားတယ်။ ရဟန်းသံဃာတွေကို အကြမ်းဖက်နှိမ်နင်းတာကို ကြည့်မလှရှုမလှ မြင်တွေ့တယ်။ ထိထိရောက်ရောက်လည်း ၀န်ချတောင်းပန်ခြင်းမတွေ့လို့ ဆန္ဒထုတ်ဖော်ရတယ်။” လို့ပြောပါတယ်။

ဒီကေဘီအေနေနဲ့ လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆန္ဒပြသပိတ်စခန်းတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလဆန်းတုန်းက သဘောထားထုတ်ပြန် ကန့်ကွက်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013