DVB Logo
Home
မြန်မာသတင်း
ရပ်ကျေးကြီးကြပ်ရေးအဖွဲ့ ဖွဲ့ရာမှာ ပုံစံအမျိုးမျိုးဖြစ်နေ
DVB
·
December 14, 2012
Donate to DVB

ရန်ကုန်တိုင်းအတွင်းမြို့နယ်တချို့ မှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့ အတွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းတဲ့ နေရာမှာ လုပ်နည်းလုပ်ဟန်မတူဘဲ ပုံစံအမျိုးမျိုးဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

တချို့ရပ်ကွက်တွေမှာ ကြီးကြပ်ရေးမှူးအဖွဲ့ကို ရပ်ကွက်နေပြည်သူတွေ တက်ရောက် ရွေးချယ်နိုင်ကြပြီး တချို့ရပ်ကွက်တွေမှာတော့ ရွေးပြီးသား ကြီးကြပ်ရေးအဖွဲ့ကိုပဲ လိုက်လံ အသိပေးနေတာမျိုး ဖြစ်နေ တာပါ။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်မှာ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခဲ့ပုံကို အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးသန်းထွန်းက

“ကြီးကြပ်အုပ်ချုပ်ရေးမှူး ရွေးပုံကတော့ နေ့လည်က ကျနော်တို့ ရပ်ကွက်မှာ လက်ထောက်အုပ်ချုပ်ရေးမှူးလာ ရွေးချယ်တယ်။ မလာခင် ၁ ရက်မှာ အသံချဲ့စက်နဲ့ လိုက်အော်တယ်. အသက် ၁၈ နှစ်ပြည့် အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်ဦးစီးက လွှဲအပ်ထားတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူ အိမ်ထောင်စု ၁ စုကို ၁ ယောက်နှုန်း တက်ရောက်ပြီးတော့ ရွေးချယ်နိုင်ပါတယ် ဆိုတာကို ကြိုတင်ပြီး တရပ်ကွက်လုံးကို ပြောထားတယ်။ အဲနေ့တက်တော့ မြို့နယ်အဆင့် ပုဂ္ဂိုလ်တွေက ကြီးကြပ်ရေးအဖွဲ့အနေနဲ့ လုပ်ဆောင်ရမယ့် တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ လုပ်နည်းလုပ်ဟန်တွေ ရှင်းပြတယ်။ တက်ရောက်လာသူများက လက်ညှိုးထောင် ရွေးချယ်ပေးကြပါဆိုတော့ လူတယောက်က ဘယ်သူ့ကို အဆိုပြုပါတယ်ပေါ့၊ နောက်တယောက်က ဘယ်သူ အဲလိုမျိုး အဆိုပြုကြတယ်။ အဆိုပြုခံရတဲ့ ပုဂ္ဂိုလ်တွေကို မှတ်ထားတယ်။ ပြီးတော့ နံပါတ် တစ် ဥပမာ ဦးဖြူပေါ့. ဦးဖြူကို ထောက်ခံသူများနေတယ်၊ ထောက်ခံသူ လက်ညှိုးဘယ်နှချောင်းရှိတယ်ဆိုတာ မှတ်ထားလိုက်တယ်။ ဒုတိယ ဦးနီ ထောက်ခံသူ ဘယ်နှယောက်ပေါ့ အဲလိုမှတ်ကြပြီး မဲအများဆုံးရတဲ့ ၅ ယောက်။ စုစုပေါင်း ၈ ယောက်ကို အဖွဲ့က အရန် ၃ ယောက်နဲ့ ၅ ယောက်ဖွဲ့တာ။ ၈ ယောက်စာရင်းကို ကြေညာတယ်။” လို့ ပြောပြပါတယ်။

တနေ့ထဲ ရွေးချယ်ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ကန့်ကွက်လိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ၂ ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်း ပြောသွားတယ်။ သွားရောက်ကန့်ကွက်တော့လဲ အရန် ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ အစားထိုးလဲပေးခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းရပ်ကွက်မှာ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခဲ့ပုံကိုတော့ ရပ်ကွက်နေ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဦးအောင်မျိုးဦးက ပြောပြတာက “မကျည်းတန်း အနောက်ရပ်ကွက်မှာ ကြီးကြပ်ရေး ၅ ဦး ဘယ်လိုရွေးလဲဆိုတော့ တအိမ်တက်ဆင်း သူတို့နာမည်တွေရေးထားပြီးသားနဲ့ လိုက်တာ။ ဥပမာ မောင်ဖြူက ညွှန်ကြားရေးမှူး။ မောင်ဝါက ဘာပေါ့။ ကြီးကြပ်ရေးလုပ်မယ့် ၅ ဦး နာမည်ကို ဒီလိုတွေ ရေးထားပြီးသား စာရင်းပေါ့။ ကန့်ကွက်ချင်ရင်လည်း ကန့်ကွက်လို့ရပါတယ်တဲ့။ အမှန်ဆိုရင် ကြီးကြပ်ရေးမှူးရွေးဖို့ ပြည်သူလူထုကို အစည်းအဝေးခေါ်ရမှာပေါ့။ အခုက ရွေးပြီးသား ခင်ဗျားတို့ ကန့်ကွက်ချင် ကန့်ကွက်လို့ရတယ်ဆိုတဲ့ ပုံစံမျိုး။” လို့ ဆိုပါတယ်။

ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်တဲ့နေရာမှာ ဥပဒေကြောင်းအရ ဘယ်ပုံဘယ်နည်း ရွေးချယ်ရမှာလဲလို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ကို မေးကြည့်တော့ “ဥပဒေပါအတိုင်းရွေးမယ်ဆိုရင် ရပ်ကွက်သူရပ်ကွက်သားအများစု တက်ရောက်နိုင်အောင်.။ ဥပမာ သင်္ဃန်းကျွန်းမှာ ရပ်ကွက်ကြီးတခုကို စနေ တနင်္ဂနွေမှာ မလုပ်ဘဲ ကြားရက်မှာလုပ်လို့ ကျနော် မြို့နယ်အုပ်ချုပ်ရေးမှူးဆီလွှတ်ပြီး ရပ်ကွက်ပြည်သူအများစု တက်ရောက်နိုင်တဲ့ တနင်္ဂနွေလိုနေ့မျိုး လုပ်ဖို့ ကျနော် သွားညှိနှိုင်းခိုင်းရတာတွေ ရှိတယ်။ အဲတော့ အခု ကြီးကြပ်ရေးမှူး ၅ ဦး ရွေးချယ်ရာမှာ အားလုံးတက်ရောက်နိုင်အောင် ဖိတ်စာပို့ရမှာမပို့ဘဲ သို့မဟုတ် လူနည်းစုပဲပို့ပြီး ဆောင်ရွက်တာတွေ တွေ့နေတယ်။ စနစ်တကျနဲ့ လူများစု တက်ရောက်နိုင်အောင် မလုပ်ဘူး။”လို့ ပြောပါတယ်။

ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက် ၁၀ ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းထဲမှာတင် တချို့ရပ်ကွက်တွေမှာ အခုချိန်ထိ ကြီးကြပ်ရေးအဖွဲ့ မဖွဲ့စည်းရသေးပါဘူး။

ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတဲ့ ရွေးချယ်ပွဲတွေကို  ရပ်ကွက်နေပြည်သူတွေ စိတ်ဝင်စားမှုနည်းတာ တွေ့ရတယ်။ ရပ်ကွက်ထဲ အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်ရှိပြီး၊ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ပွဲ တက်လာတာ ၁၀၀ ကျော်ပဲ ရှိတယ်လို့ သဃ်န်းကျွန်း၊ ငမိုးရိပ်ရပ်ကွက်နေ ဦးသန်းထွန်းက ပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ်တွေကို လွှတ်တော်ကပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ   ဒီဇင်ဘာလအတွင်း အပြီး ရွေးချယ်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အခုလဆန်းပိုင်းကတည်းက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013