DVB Logo
Home
မြန်မာသတင်း
ငါးပိရည်မှာ ဓာတ်မြေဩဇာထည့်ခြင်း ရှိ၊ မရှိ FDA စစ်ဆေးမည်
DVB
·
December 14, 2012
ငါးပိရည်မှာ ဓာတ်မြေဩဇာထည့်ခြင်း ရှိ၊ မရှိ FDA စစ်ဆေးမည်
Donate to DVB

မြန်မာပြည်သူအများစားသုံးကြတဲ့ ငါးပိရည်မှာ ဓာတ်မြေဩဇာတွေ ထည့်သွင်းပြုလုပ်ခြင်း ရှိ၊ မရှိ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန(အက်ဖ်ဒီအေ)က စစ်ဆေးဖို့ လုပ်နေပြီလို့ အဲဒီဌာနက ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ပြောပါတယ်။

ပြည်တွင်းဂျာနယ်တချို့မှာ ငါးပိရည်ပြုလုပ်ရာမှာ ဈေးကွက်ထဲကို မြန်မြန် ရောက်စေဖို့ စိုက်ပျိုးရေးလုပ်ငန်းသုံး ယူရီးယား ဓာတ်မြေဩဇာ ထည့်သွင်းအသုံးပြုနေတယ်လို့ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောတယ်ဆိုပြီး ဖော်ပြနေတာတွေ့ရပါတယ်။

ငါးပိရည်မှာ ဓာတ်မြေဩဇာထည့်သွင်း အသုံးပြုထားကြောင်း ဘယ်ပုံဘယ်နည်းသိရှိပါလဲလို့ ဦးဗအုပ်ခိုင်ကို မေးကြည့်ရာမှာ “ကျနော့်ကို သီလရှင်တပါးက. သူတို့ရဲ့ မအူပင်ဇာတိက ဦးလေးတယောက်က ငါးပိရည်လုပ်နေတဲ့နေရာက ငါးပိရည် မစားဖို့ သူ့ကို သတိလှမ်းပေးတယ်တဲ့။ ဒါနဲ့ ကျနော်တို့အဖွဲ့ကို သူက လှမ်းသတိပေးတာပါ။”လို့ ဦးဗအုပ်ခိုင်ကပြာပါတယ်။

ဒါပေမယ့် ငါးပိရည်မှာ ဓာတ်မြေဩဇာ ထည့်ထား၊ မထား ဓာတ်ခွဲစမ်းသပ်တာမျိုးတော့ မလုပ်ရသေးဘူးလို့ပြောပါတယ်။

“ဓာတ်ခွဲစမ်းသပ်တာက အသင်းက ဖွဲ့ခါစ ၃၊ ၄ လမှာ ရန်ပုံငွေကလည်း ပြည့်စုံအောင် မရှိသေးဘူး။ ဓာတ်ခွဲခန်း ကိုယ်ပိုင်မရှိဘူး၊ ရုန်းကန်နေရတာ။ အချဉ်ရည်ကိစ္စတုန်းက ယူအန်အက်ဖ်စီစီအိုင်ရဲ့ ဓာတ်ခွဲခန်းတခုမှာ အခကြေးငွေပေး စစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သိချင်တဲ့၊ လိုချင်တဲ့၊ တိကျတဲ့အဖြေမရခဲ့ဘူး။ နောက် ဓာတ်ခွဲခန်းမှာ စစ်ဖို့ လောလောဆယ် အစီအစဉ်မရှိပါဘူး။ ကိုယ်ပိုင်ဓာတ်ခွဲခန်းရှိမှ စစ်ဆေး ထုတ်ပြန်မယ်။”

ငါးပိမှာပါတဲ့ ဓာတ်မြေဩဇာ အကြောင်းနဲ့ပတ်သက်ပြီး ငါးပိနဲ့ ငံပြာရည်ကိုယ်တိုင်ထုတ်လုပ်ခဲ့ဖူးတဲ့ မန္တလေးမြို့က ဦးအောင်ဇော်ဝင်းက“ယူရီးယားက ငါးပိမှာ ဘယ်လိုအလုပ်လုပ်လဲဆိုတော့ ပရိုတင်းတချို့ကို ရေမှာပျော်ဝင်မှု မြန်စေတယ်။ ငါးမှာပါတဲ့ ပရိုတင်းရယ်၊ အရိုးမှာပါတဲ့ ပရိုတင်းဓာတ်တွေက ရေထဲ ပျော်ဝင်မှုမြန်တော့ ပိုပြီး မြန်မြန် နပ်သွားတဲ့ သဘောမှာရှိတယ်။ ရေနဲ့ပျော်နိုင်တော့ ရေမှာပေါက်ဖွားတဲ့ ဘက်တီးရီးယားက ပရိုတင်းနဲ့ ငါးရဲ့အသားနဲ့ အရိုးမှာရှိတဲ့ ပရိုတင်းကို ဘက်တီးရီးယားက မြန်မြန် digest လုပ်နိုင်တဲ့ သဘောဖြစ်သွားတာပါ။ အလွန်အကျွံထည့်ရင် အန္တရာယ်ရှိနိုင်ပါတယ်။ တော်ရုံတန်ရုံ ဓာတ်ပြုတဲ့ ပမာဏ အကျိုးရှိအောင် ထည့်ခြင်းက ပြဿနာမရှိဘူး။ ”လို့ပြောပါတယ်။

မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနကတော့ ငါးပိရည်မှာ ဓာတ်မြေဩဇာ ထည့်သွင်းထားခြင်း ရှိ၊ မရှိ စစ်ဆေးဖို့ ကျန်းမာရေး၊ စည်ပင်သာယာနဲ့ စိုက်ပျိုးရေး စတဲ့ ဌာနတွေဖွဲ့ပြီး စစ်ဆေးဆောင်ရွက်ဖို့ လုပ်နေတယ်လို့ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ပြောပါတယ်။

“ဈေးကွက်မှာရှိတဲ့ နမူနာယူပြီးတော့ ကျနော်တို့ဆီ ဓာတ်ခွဲစစ်ဆေးဖို့ ပို့ပေးဖို့ စီစဉ်ဆောင်ရွက်နေပါပြီ။ ပြည်သူတွေ အန္တရာယ်ရှိလောက်တဲ့အနေအထားမျိုး ပါလာပြီဆိုရင် ကျနော်တို့ကနေ နာမည်ပါရင်လည်း ဘယ်နာမည် ဘယ်ငါးပိကဆိုပြီး၊ ဥပမာ ငရုတ်သီး၊ ဆနွင်းမှုန့်တွေတုန်းက ကြေညာသလိုပေါ့။ စားသုံးရန်မသင့်တဲ့ ဆိုးဆေးတွေပါတယ်ဆိုပြီးတော့။ နာမည်နဲ့ မဟုတ်ရင်တော့ သက်ဆိုင်ရာမြို့နယ်ကို ပြောပြီး ဆိုင်မှာရောင်းတာတွေကို ဖျက်ဆီးဖို့ ပြောတယ်။ အခုလည်း ဒီလိုပဲ နာမည်နဲ့ ရောင်းတာမျိုးဆိုရင် စားသုံးရန်မသင့်ပါဆိုပြီး ထည့်ကြေညာတယ်။ နာမည်မပါရင် သက်ဆိုင်ရာမြို့နယ်ကိုပဲ အဲဆိုင်မှာရောင်းတာတွေ စားသုံးရန်မသင့် ဆိုပြီး သွားရောက် အရေးယူပေးပါဆိုပြီး အကြောင်းပြန်တယ်။”

မြန်မာပြည်မှာ ငါးပိရည်ဟာ အခြေခံလူတန်းစား အများစုစားသုံးကြတာမို့ အခုလို သတင်းမျိုး ထွက်ပေါ်လာတာကြောင့် စားသုံးသူတွေအကြားမှာ စိုးရိမ်စိတ်တွေပို တိုးလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013