DVB Logo
Home
မေးမြန်းခန်း
လက်ပန်းတောင်းတောင် သပိတ်စခန်းအသစ် ပြန်ဖွင့်လှစ်
DVB
·
December 14, 2012
လက်ပန်းတောင်းတောင် သပိတ်စခန်းအသစ် ပြန်ဖွင့်လှစ်
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်တန့်ရေးအတွက် မုံရွာမြို့ တဖက်ကမ်း စီမံကိန်းဝန်းကျင် ကျေးရွာတွေက ရွာသားတွေဟာ သပိတ်စခန်းတခုကို ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေမှာ တုံရွာထိပ်က ကတ္တရာလမ်းပေါ်မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

နိုဝင်ဘာလကုန်ပိုင်းက အစိုးရက ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပြီး သီတင်း ၂ ပတ်အတွင်းမှာ ပြန်လည်ဖွင့်လှစ်မှုဖြစ်ပြီး  သပိတ်စခန်းမှာ ဒီစီမံကိန်းဝန်းကျင်ရွာတွေက လယ်သမားတွေ ပါဝင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဆန္ဒပြသမားတွေဟာ  နေ့ခင်းပိုင်းမှာ လှည့်လှည်ချီတက် တောင်းဆိုပြီး ညဘက်မှာ သပိတ်စခန်းမှာ အိပ်ကြတယ်လို့ ဆိုပါတယ်။ ဒီ သပိတ်စခန်းသစ်ကို ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ စတင် ဖွင့်လှစ်ခဲ့တယ်လို့ သပိတ်စခန်းကော်မတီဝင် မိုးကြိုးပြင်ကျေးရွာသား ဦးအောင်မြင့်သိန်းက ပြောပါတယ်။ ဦးအောင်မြင့်သိန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

သပိတ်စခန်း ဘာရည်ရွယ်ချက်နဲ့ ဖွင့်တာပါလဲ။ တလောကပဲ သပိတ်စခန်း ဖြိုခွင်းခံရတယ်လေ။

“ဟုတ်ပါတယ်။ သပိတ်စခန်းဖြိုခွင်းခံခဲ့ရတဲ့အထဲမှာ ဒီသပိတ်စခန်းက နိုဝင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ်မှာ စဖွင့်တဲ့ ပင်မသပိတ်စခန်းက လူတွေပါပဲ။ အခုလည်း ဒေသခံကျေးရွာတွေကနေ ပြန်ဖွင့်တာပါ။ ရည်ရွယ်ချက်က လက်ပန်းတောင်း ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး။ နိုဝင်ဘာလ ၂၉ ရက် မနက် ၃ နာရီ အရုဏ်မတက်မီအချိန်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သံဃာတော်များနဲ့ ပြည်သူများကို အကြမ်းဖက်နှိမ်နင်းခဲ့မှုအပေါ်မှာ နိုင်ငံတော်အာဏာပိုင်က အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ ဒီ သပိတ်စခန်းကိုလုပ်တာပါ။”

အနီးအနား ရွာနီးချုပ်စပ်က ရွာသားတွေရောလား။

“လက်ပန်းတောင်း ကြေးနီ စီမံကိန်းမှာ လယ်ယာမြေသိမ်းဆည်းခံရတဲ့ ၂၆ ရွာထဲက ၁၅ ရွာလောက်လုပ်တာပါ။”

သပိတ်စခန်းမှာ အင်အားဘယ်လောက်လောက်ရှိနေကြလဲ။

“ပုံမှန် ညအိပ်ရင်လည်း ၂၀၀ လောက် အိပ်တယ်။ ခဏနေရင် ဒီသပိတ်စခန်းကလူတွေ ချီတက်ပြီး ဆန္ဒ ထုတ်ဖော်ဦးမှာပါ။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က လာစစ်နေတယ်မလား။ သူတို့ကို ပြောလိုက်ရင် ရတယ်မလား။ ဘာလို့ဆန္ဒပြတာပါလဲ။

“လက်ပန်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က လာတယ်ဆိုတာ မှန်တယ်။ လက်ပန်းတောင်း ကြေးစင်တောင် စီမံကိန်းမှာရှိတဲ့ ရွာသားတွေကလည်း အဲ့နေ့မှာပဲ တင်ပြတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်လာပေမယ့် သူတို့တွေက အလုပ်တွေ လုပ်နေတုန်းပဲ ရှိသေးတယ်လေ။ သူတို့ဘက်က တစုံတရာ ဘာမှ လုပ်ပေးနိုင်ခြင်းမရှိသေးဘူးလေ။ အခုလေးတင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကလာသွားတယ်၊ ဘာကြောင့် သပိတ်စခန်းဖွင့်တာလဲ သူတို့အဖွဲ့လုပ်ပေးနေပြီလို့ ပြောပါတယ်။ သံဃာတော်တွေ မီးလောင်ဗုံးနဲ့ ပစ်ခံရတဲ့ကိစ္စ မဖြေရှင်းပေးနိုင်သေးပါလားလို့ ပြောတော့ သူတို့က မီးလောင်ဗုံး မဟုတ်ပါဘူးတဲ့၊ မျက်ရည်ယိုဗုံးတဲ့။ အဲမှာ ကျနော်တို့ မီးလောင်ထားတဲ့ ဗီနိုင်းတွေ၊ မီးလောင်ဗုံးကွဲနေတဲ့ ဗီနိုင်းတွေကို ကျနော်တို့ ချိတ်ပြထားတယ်။ အဲမှာ ကြည့်ပါ မီးလောင်ဗုံးလား ဘာလဲဆိုပြီးတော့ သံဃာတော်တွေကိုယ်တိုင် မေးလိုက်တယ်။”

နေထိုင်စားသောက်ရေးရော ဘယ်လို စီစဉ်ထားလဲ။ နောက်တခါ ထပ်ပြီး မီးလောင်ဗုံးလိုမျိုးဟာနဲ့ ထပ်ပစ်ရင်ရောဘယ်လိုရင်ဆိုင်မလဲ၊ အခု သံဃာတော်တွေ ကိုယ်တိုင် ဆေးရုံပေါ်က မဆင်းကြရသေးဘူးလေ။

“ဒေသခံတွေအနေနဲ့ လက်ပန်းတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းဖို့ စတင် တိုက်ပွဲဝင်ကတည်းက ကိုယ်ထူကိုယ်ထနဲ့ ကိုယ့်ထမင်းထုပ် ကိုယ်ထုပ်ပြီး တိုက်လာတာပဲ။ ဒီထဲမှာ လာလှူသူရှိရင် ယူတယ်။ မလှူရင်လည်း ကိုယ်ထူကိုယ်ထ တိုက်ပွဲဝင်လာလို့ ဒေသခံတွေအနေနဲ့က ဘာပြဿနာမှ မရှိပါဘူး။ နောင်တချိန်မှာ အကြမ်းဖက် နှိမ်နင်းလာမယ်ဆိုရင်လည်း ဒေသခံတွေအနေနဲ့က ဒါအပေါ်မှာ အသက်နဲ့ရင်းပြီး၊ ကျနော်တို့ရဲ့ ဘ၀သစ်ပင်တွေ ခုတ်ထွင်ခဲ့တဲ့ လယ်ယာမြေတွေကို ကျနော်တို့လက်ထက်ကျမှ တရုတ် ၀မ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်တွေဆီမှာ အဆုံးရှုံးခံမှာ မဟုတ်ဘူး။ အသက်နဲ့ ရင်းပြီး ကာကွယ်မှာ ဖြစ်တယ်။”

သပိတ်စခန်းမှာ သံဃာတော်တွေရဲ့ အခြေအနေကရော။

“အခု သပိတ်စခန်းမှာ ဒေသခံသံဃာတော် အပါး ၃၀ လောက်တော့ အမြဲရှိတယ်။”

တခြား ဘာပြောချင်ပါသေးလဲ။

တပ်ဖွဲ့ဝင်တွေကနေ အေးချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူလူထုနဲ့ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းခဲ့မှုကို အမြန်ဆုံး စစ်ဆေးအရေးယူပေးဖို့အတွက်တော့ နိုင်ငံတော်ကို ဖိအားပေးနေမှာပဲ။ ဒီတခုထဲ ရသွားလို့တော့ မရဘူး။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝမဖျက်သိမ်းမချင်းကတော့ ဒေသခံတွေက ဆက်လက် တိုက်ပွဲဝင်နေဦးမှာပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013