DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားမဟာမိတ်အဖွဲ့နဲ့ အစိုးရအကြား တွေ့ဆုံဆွေးနွေးပွဲ ဒီလထဲ မဖြစ်နိုင်တော့
DVB
·
December 13, 2012
တိုင်းရင်းသားမဟာမိတ်အဖွဲ့နဲ့ အစိုးရအကြား တွေ့ဆုံဆွေးနွေးပွဲ ဒီလထဲ မဖြစ်နိုင်တော့
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ (ယူအန်အက်ဖ်စီ)နဲ့ အစိုးရအကြား ဒီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ယူအန်အက်ဖ်စီက ပြောပါတယ်။

လွန်ခဲ့တဲ့ လပိုင်းတွေတုန်းက ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(ယူအန်အက်ဖ်စီ)နဲ့ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီတို့ ပဏာမတွေ့ဆုံညှိနှိုင်းပွဲကို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပဖို့ ပြင်ဆင်ခဲ့ပါတယ်။ အဲဒီညှိနှိုင်းမှု အဆင်ပြေချောမွေ့ရင် ဂျပန်နိုင်ငံမှာ နှစ်ဘက်ဆွေးနွေးဖို့နဲ့ အဲဒီအတွက် နီပွန်ဖောင်ဒေးရှင်းက ကုန်ကျစရိတ်ကို တာဝန်ယူကျခံဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ထိုင်းနိုင်ငံကို နိုဝင်ဘာလအတွင်း လာရောက်စဉ်တုန်းက အဲဒီအစီအစဉ်အစား နိုင်ငံတွင်းမှာ ဆွေးနွေးဖို့ ဖိတ်ကြားခဲ့တယ်လို့ ယူအန်အက်ဖ်စီပြောခွင့်ရသူ နိုင်ဟံသာက ပြောပါတယ်။

[caption id="attachment_29621" align="alignleft" width="300" caption="ယူအန်အက်ဖ်စီပြောခွင့်ရသူ နိုင်ဟံသာ"][/caption]

“အခုဟာက ဦးအောင်မင်းက ပြောတယ်။ သူ့အနေနဲ့ ပြင်ပမှာ တွေ့ဖို့ဆိုတဲ့ဟာက သူတို့ဘက်က လူတွေရဲ့သဘောထားအရပေါ့၊ အဆင်မပြေဘူး။ ကျနော်တို့ကို ပြည်တွင်းကိုလာပြီး ဆွေးနွေးကြဖို့ ညှိနှိုင်းကြဖို့ ဖိတ်တယ်လေ။ အဲဒီတော့ ကျနော်တို့ဘက်ကလည်း သွားမယ်၊ မသွားဘူးဆိုတာ မဆုံးဖြတ်ရသေးဘူး။ မညှိနှိုင်းရသေးဘူး ဖြစ်နေတယ်။” လို့ ပြောပါတယ်။

အစိုးရဘက်က ကမ်းလှမ်းချက်ကို ယူအန်အက်ဖ်စီအတွင်းမှာ ပြန်လည်ဆွေးနွေးဖို့ လိုနေသလို တဖက် အစိုးရဘက်ကလည်း နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေနဲ့ ကြုံတွေ့နေရတာကြောင့် ဒီလအတွင်းတော့ နှစ်ဘက်တွေ့ဆုံနိုင်ဖွယ် မမြင်ဘူးလို့ နိုင်ဟံသာက ပြောပါတယ်။

"လောလောဆယ်တော့ မထူးသေးဘူးပေါ့ဗျာ။ ပြည်တွင်းမှာလည်း ဦးအောင်မင်းတို့က လက်ပန်းတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးကို အကျပ်ရိုက်နေတဲ့ပုံပေါ်တယ်လေ။ လူထုတွေ အုံကြွမှုတွေဖြစ်နေတော့ သူတို့လည်း တော်တော်ရှုပ်နေမယ်ထင်တယ်။ ကျနော်တို့လည်း ဒီမှာ မအားကြသေးဘူးဖြစ်နေတယ်။" လို့ နိုင်ဟံသာက ပြောပါတယ်။

ဒီနှစ်ဘက်ဟာ တကြိမ်တခါမှ မတွေ့ဆုံရသေးသလို တွေ့ဆုံဖြစ်တဲ့အခါ အစိုးရဘက်က ကိုင်စွဲထားတဲ့မူ ၈ ချက်နဲ့ ယူအန်အက်ဖ်စီဘက်က ကိုင်စွဲထားတဲ့မူ ၆ ချက်ကို အစောဆုံး ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။

ဂျပန် နီပွန်ဖောင်ဒေးရှင်းဘက်ကတော့ နဂိုမူလ အစီအစဉ်အတိုင်းပဲ ကျင်းပပေးဖို့ ရှိပေမယ့် မြန်မာအစိုးရဘက်က လက်မခံတဲ့အခြေအနေ ဖြစ်နေတာလို့ ဆိုပါတယ်။

တိုင်းရင်းသားမဟာမိတ်အဖွဲ့ (ယူအန်အက်ဖ်စီ)ထဲမှာ အပစ်အခတ်ရပ်ထားကြတဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ချင်းအမျိုးသားတပ်ဦး စတဲ့အဖွဲ့တွေအပြင် တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)လည်း ပါဝင်ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်မဟုတ်တဲ့ အဖွဲ့တချို့လည်း ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013