DVB Logo
Home
မြန်မာသတင်း
ဒဏ်ရာရကိုရင်လေး ပြည်ပမှာဆေးကုဖို့ ငွေကြေးလိုအပ်
DVB
·
December 13, 2012
Donate to DVB

မီးလောင်ဒဏ်ရာကြောင့် မန္တလေးဆေးရုံမှာ တက်ရောက်နေသူတွေထဲက  ကိုရင်လေး သဇ္ဇနအတွက် ပြည်ပမှာထွက်ပြီးဆေးကုသဖို့ ငွေကြေးနဲ့ နိုင်ငံကူးလက်မှတ်ရဖို့ လိုအပ်နေတယ်လို့ ဒဏ်ရာရသံဃာတွေကို ကူညီနေတဲ့ ဦးသု ခေါ် ဦးဝိမလက မိန့်ပါတယ်။

ဒီကိုရင်လေးဟာ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို နိုဝင်ဘာ ၂၉ ရက် မနက် အရုဏ်မတက်ခင်မှာ အင်အားသုံးဖြိုခွင်းတုန်းက မီးလောင်ဒဏ်ရာရခဲ့သူတဲ့ သံဃာအပါး ၁၀၀ ကျော်အနက် ၁ ပါး ဖြစ်ပြီး မန္တလေးဆေးရုံမှာ ကုသနေတာပါ။

မန္တလေးဆေးရုံမှာ ပြည်ပထွက် ကုသဖို့ လိုအပ်နေတဲ့သံဃာ ၄ ပါးအနက် ကိုရင်လေး သဇ္ဇန အခြေအနေဟာ စိုးရိမ်ရတာကြောင့် ပြည်ပထွက် ကုသနိုင်ရေးအတွက် အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ရန်ကုန်ကို သွားနေပြီလို့ စီစဉ်နေတဲ့ ဦးသုက မိန့်ပါတယ်။ ကိုရင်လေး သဇ္ဇနအခြေအနေကို “ကိုယ်တော်လေးအခြေအနေက အခုလက်ရှိ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ ကိုယ်ပူတာဟာ ဒီကနေ့နဲ့ဆိုရင် ၁၄ ရက်ရှိပြီ၊ အဖျား ၁၀၀ ဒီဂရီကျော်တယ်၊ မကျဘူး။ နောက်တခုက ကိုရင်လေးဟာ ၀မ်းသွားရင် သွေးအလွန်အကျွံထွက်တယ်၊ မနေ့ညကဆိုရင် ခြေကျင်းဝတ်နေရာကနေ တအားကို ထွက်တာ သွေး ၁ ပုလင်းခွဲလောက် ရှိတယ်။ ကိုရင်လေး သစ်ဇနအတွက်ကို ဦးဇင်းတို့ ငွေကြေးကိစ္စတွေ၊ ထိုင်းမှာ ဆေးကုသဖို့၊ ပို့ဖို့။ ပတ်စပို့နဲ့ ဗီဇာ အမြန်ရဖို့အတွက်တွေ အပြင်အဖွဲ့အစည်းတွေကနေ ဘယ်လိုကူညီပေးနိုင်မလဲ၊ ဆောင်ရွက်ပေးနိုင်မလဲဆိုတာတွေ အစည်းအဝေး တိုင်ပင်ပွဲလေး လုပ်ဖို့ ရန်ကုန်ကို သွားနေပါတယ်၊ အခု လမ်းမှာပဲ ရှိပါသေးတယ်။” လို့ မိန့်ပါတယ်။

ဒဏ်ရာရ သံဃာ ၄ ပါး ပြည်ပထွက်ကုဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြောဆိုဖူးပေမယ့် အဆင်မပြေဖြစ်ပုံကို ဦးသုက ခုလို မိန့်ပါတယ်။

“တာဝန်မယူနိုင်သေးဘူးလို့ ပြောတာတော့ မဟုတ်သေးပါဘူး။ လက်ရှိ လောလောဆယ်မှာ ညှိနှိုင်းပေးပါမယ်လို့တော့ ပြောတယ်။ နောက် ဒါက ဆေးရုံပိုင်းဆိုင်ရာနဲ့ ညှိရမယ်လို့ ဦးဇင်းတို့ကို ပြောထားတယ်။ ဆေးရုံအုပ်ကြီးနဲ့ သွားညှိတော့လည်း အဆင်မပြေလှဘူး။ သူက ထိုင်းနိုင်ငံကိုပို့ဖို့ ကိစ္စနဲ့ ပတ်သက်ရင် သူ့ဆီ လာမညှိပါနဲ့၊ ပစ္စည်းလေးပါး ဒါယကာ အလှူခံဖို့ကိစ္စတွေဆိုရင်တော့ လာညှိလှည့်ပါလို့ ပြောထားတာ ရှိတယ်။”

သံဃာ ၄ ပါးကို ပြည်တွင်းမှာသာ ကုသစေချင်ပုံ ပြောဆိုတယ်လို့ သူက ဆက်မိန့်ပါတယ်။

ဒဏ်ရာရ သံယာ ၄ ပါးကို ပြည်ပထွက်ကုသနိုင်ရေးမှာ ငွေကြေးနဲ့ ဆေးရုံပိုင်းဆိုင်ရာ အခက်အခဲကြုံရလို့ ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ ဦးသုက မိန့်ပါတယ်။

“သံဃာ ၄ ပါးကိစ္စက ငွေကြေးကိစ္စရယ်၊ ဆေးရုံပိုင်းညှိတဲ့အခါ အခက်ကြုံနေရတဲ့ အနေအထားရှိတယ်။ ငွေကြေးကိစ္စမှာ ဘာအခက်အခဲရှိလဲဆိုတော့. ရွှေည၀ါဆရာတော်ကြီးကတော့ ထိုင်းနိုင်ငံရောက်ရင် သူအကုန်ကူညီမယ်လို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ အခုလောလောဆယ်က ဘာဖြစ်လဲဆိုတော့ ဆရာတော် ဦးတိက္ခဥာဏသွားမယ်ဆိုရင် ဦးဇင်းတို့က ဘတ် ၁ သန်း အရင် စပေါ်တင်ရတဲ့ အနေအထားရှိနေတော့ လက်ရှိရထားတဲ့ ငွေက သိန်း ၅၀၀ ပတ်ဝန်းကျင်ရထားတယ်။ ၄ ပါးလုံး လွှတ်မယ်ဆိုရင် ဦးဇင်းတို့ တော်တော် အခက်အခဲရှိတယ်၊ သိန်း ၁ ထောင်ကျော်လောက် ထပ်ထုတ်မှသာလျှင် ထိုင်းနိုင်ငံကို သွားကုရမှာဆိုတော့ ငွေကြေးကိစ္စတွေရယ်၊ ဆေးရုံပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးရမှာတွေလည်း ရှိပါတယ်။”

သပိတ်စခန်းဖြိုခွင်းတုန်းက ဒဏ်ရာအပြင်းထန်ဆုံးရတဲ့ ဦးဇင်း ဦးတိက္ခဥာဏကတော့ ရန်ကုန်က အရေပြားအထူးကုဆေးရုံမှာ ရောက်ရှိနေပြီး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆေးကုဖို့  မိသားစုဝင် ၃ ဦးနဲ့ အတူ လေကြောင်းခရီးဖြင့် ဒီနေ့ ညနေ ထွက်ခွာမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013