DVB Logo
Home
မြန်မာသတင်း
ပဲခူးက လယ်သိမ်းခံလယ်သမားများ စုံစမ်းရေးကော်မရှင်ကို စောင့်စား
DVB
·
December 12, 2012
Donate to DVB

ပဲခူးတိုင်းအတွင်း လယ်သိမ်းမှုတွေမှာ တပ်မတော်နဲ့ လယ်သမား ပဋိပက္ခအမြင့်ဆုံး ဒေသတွေကို ဦးစားပေးစစ်ဆေးနေရတယ်လို့ တိုင်းလယ်ယာမြေပြဿနာများ စုံစမ်းစစ်ဆေးရေး လွှတ်တော်ကော်မရှင်အဖွဲ့က ပြောပါတယ်။

ပဲခူးတိုင်းအနောက်ပိုင်း ပန်းတောင်းဒေသမှာ တပ်မတော်က လယ်ဧက ၁ သောင်းကျော် သိမ်းယူထားမှုကို ကော်မရှင်က လာမစစ်သေးတဲ့အပေါ် စောင့်ကြည့်ရေးကွန်ရက် တခုက ဝေဖန်ပြောဆိုချက်နဲ့ ပတ်သက်လို့ ကော်မရှင်ဘက်က တုံ့ပြန်လိုက်တာပါ။

လယ်သမားတွေက ကော်မရှင်ထံ တင်ပြဖို့ စောင့်စားနေတာနဲ့ ပတ်သက်လို့ ကွန်ယက် တာဝန်ခံ ကိုရဲထင်ကျော်က “ဒီဘက်က လယ်သမားတွေမှာ ဘာပြဿနာတွေ ရှိလဲဆိုတော့ စစ်တပ်နဲ့ လယ်သမား လယ်မြေလုပ်ပိုင်ခွင့် အငြင်းပွားနေရတယ်။ အဲကာလမှာ တချို့နေရာတွေ တော်တော်များများမှာ လယ်ယာတွေ မလုပ်ရဘူး။ စစ်တပ်က တပ်သားတွေခေါ်ပြီး လယ်တွေလုပ်ခိုင်းနေတာ။ ကျနော်တို့ တရာသီစာ နစ်နာဆုံးရှုံးခဲ့ရပြီ။ စုံစမ်းရေးကော်မရှင်အပေါ်မှာ ဒီဘက်က လယ်သမားတွေအနေနဲ့ ယုံကြည်မှုရှိတယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အဆုံးအဖြတ်ကို ခံယူမယ်ဆိုပြီး ကျနော်တို့ ဆုံးဖြတ်လုပ်ခဲ့တာ။ အဲတော့ အခု သူတို့ကလည်း မလာဘူး၊ ဘယ်တော့ လာမယ်မှန်းလည်း မသိရဘူး။ လယ်ယာမြေလုပ်ကိုင်စားသောက်ခွင့်လည်း လုံးဝ မရဘူး။ စစ်တပ်က တားထားတယ်။”

ကော်မရှင် လာရောက်စစ်ဆေးနိုင်မယ့် အချိန်ကာလ သတ်မှတ်ပေးဖို့ လယ်သမား တွေက လိုလားနေကြတာပါ။

ကွန်ယက်တာဝန်ရှိသူရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ ပဲခူးတိုင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေးအဖွဲ့က သူတို့အဖွဲ့ဟာ  လွှတ်တော်တွေရပ်နားထားတဲ့ လပိုင်းအတွင်း အချိန်ယူ စစ်ဆေးရတာဖြစ်ကြောင်းနဲ့ တချို့မြေသိမ်းမှုတွေကို စစ်ဆေးရာမှာ ၁ ပတ်ခန့်ထိ အချိန်ယူ စစ်ဆေးရတာတွေရှိကြောင်း ရှင်းပြပါတယ်။ ပဲခူးတိုင်း ၂၈ မြို့နယ်က မြေယာသိမ်းဆည်းမှု ပြဿနာတွေကို တဖွဲ့တည်းက လိုက်စစ်ဆေးနေရပုံနဲ့ ပဋိပက္ခ အပြင်းထန်ဆုံးနေရာတွေကို ဦးစားပေး ကိုင်တွယ်ဆောင်ရွက်ပုံကို အဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ထွန်းက ပြောပါတယ်။

“အခု ပန်းတောင်းတို့၊ ဇီးကုန်းတို့ မရောက်လို့ သူတို့ အားမလိုအားမရဖြစ်နေတာ မှန်ပါတယ်။ ကျနော်တို့မှာ အမှုနဲ့ လုပ်ရတဲ့အချိန်နဲ့ မကာမိအောင် ဖြစ်နေလို့ပါ။ ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ရေတာရှည်၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်၊ အမြန်လမ်းဘေး အဲဒါတွေကို အမြန် အရင်လုပ်နေတယ်။ ဘာလို့လဲဆိုတော့ တချို့ ရေတာရှည်မှာ သကြားစက်ရုံနဲ့ဖြစ်တာဆိုရင် လယ်သမားတွေက သူတို့ပြန်ရတော့မယ်ဆိုပြီး. ကော်မရှင်တိုင်ပြီးတော့ ကြံ၊ ပဲ ပြန်စိုက်တယ်။ ဟိုဘက်က စက်ရုံနဲ့ စစ်တပ်တွေက ဂေါ်ထိုးပစ်တယ်။ တချို့ တရားစွဲခံရတယ်။ ပဋိပက္ခအပြင်းထန်ဆုံးနေရာတွေကို အရင်ဆုံး ဆင်းစစ်နေရတာ ဖြစ်ပါတယ်။”

ပဲခူးတိုင်းထဲ ကော်မရှင်က စစ်ဆေးရမယ့် လယ်သိမ်းမှုပေါင်း ဧကပေါင်း နှစ်သောင်းကျော် ရှိပြီး အများစုက မြန်မာ့တပ်မတော်က သိမ်းဆည်းထားတဲ့ အမှုတွေ ဖြစ်တယ်လို့လဲ သူက ပြောပါတယ်။

ဒါ့အပြင် သူတို့ကော်မရှင်အနေနဲ့  ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်နေပုံကိုလဲ သူက ခုလို ဆက်ပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးစားလိုက်လို့ ကော်မရှင် ရလာပြီ။ အဲတော့ လယ်သမားတွေအတွက် ရောင်ခြည်သန်းလာပြီ။ ကျနော်တို့ စုံစမ်းဖော်ထုတ်ရေး ကော်မရှင်လည်းပဲ ပွင့်လင်းမြင်သာစွာနဲ့ လယ်သမားများ မနစ်နာစေရေးကို၊ စုံစမ်းလေ့လာဖော်ထုတ်တဲ့အခါမှာလည်း၊ အမှုစစ်တဲ့အခါမှာလည်း လယ်သမားတွေကို ကျနော်တို့ဟာ ဟောသည်လို ဆုံးဖြတ်ထားပါတယ်၊ သည်လို သုံးသပ်ထားပါတယ်၊ သည်လို အကြံပြုထားပါတယ် ဆိုပြီး သူတို့ကို ပြပြီးမှ ပြန်တာပါ။”

တနိုင်ငံလုံး လယ်ယာမြေသိမ်းဆည်းမှု ပြဿနာတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ပြီးခဲ့တဲ့ ဩဂုတ်လထဲကျင်းပတဲ့ လွှတ်တော်က စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီကော်မရှင်က ပြည်နယ်တိုင်းအနှံ့စစ်ဆေးဖို့ အဖွဲ့ခွဲ ၉ ဖွဲ့ ဖွဲ့စည်းပြီး လွှတ်တော်ရပ်နားချိန်တွေမှာ လိုက်လံ စစ်ဆေးနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013