DVB Logo
Home
မြန်မာသတင်း
သံဃာထု အထွေထွေသပိတ်စတင်
DVB
·
December 12, 2012
သံဃာထု အထွေထွေသပိတ်စတင်
1 / 4
Donate to DVB

လက်ပန်းတောင်းတောင်သပိတ်စခန်းမှာ ဒဏ်ရာရသံဃာတွေကို အစိုးရက ၀န်ချတောင်းပန်ဖို့ တောင်းဆိုချက်ကို အစိုးရဘက်က လျစ်လျူရှုလိုက်တဲ့အတွက် ရာပေါင်းများစွာသော သံဃာတော်တွေ ဒီကနေ့ လမ်းတွေပေါ်ထွက်ပြီး အထွေထွေသပိတ်ကို စတင်လိုက်ပါတယ်။

တနလာင်္နေ့က ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှုဦးဆောင်ကော်မတီက တောင်းဆိုချက် ၃ ရပ်ကို ထုတ်ပြန်တောင်းဆိုထားတာပါ။ အဲဒါတွေကတော့ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသံဃာတွေကို အမြန်ဆုံးဝန်ချတောင်းပန်ဖို့။ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်သူတွေကို ဥပဒေအရ ထိရောက်စွာအရေးယူပေးဖို့ တို့ဖြစ်ပါတယ်။

[caption id="attachment_34304" align="alignleft" width="202" caption="ရန်ကုန်သံဃာတော်များ ဆန္ဒဖော်ထုတ် ကြွချီလာစဉ်"][/caption]

အဲဒီတောင်းဆိုချက်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းတည့်မတိုင်ခင် အစိုးရဘက်က လိုက်လျောဖို့ တောင်းဆိုထားပြီး မလိုက်လျောရင်တော့ နေ့ခင်း ၁ နာရီမှာစပြီး တနိုင်ငံလုံးသံဃာသပိတ်ဆင်နွှဲမယ်လို့ ကြေညာထားတဲ့အတိုင်း ရန်ကုန်၊ မန္တလေးနဲ့ မုံရွာ အပါအ၀င် အနည်းဆုံးမြို့ပေါင်း ၇ မြို့က လမ်းတွေပေါ်မှာ အထွေထွေသပိတ် စတင်လိုက်တာ ဖြစ်ပါတယ်။

မန္တလေးမြို့က ဆန္ဒပြမှုမှာ သံဃာတော်အပါး ထောင်ချီကြွချီပုံကို ဆန္ဒပြပွဲဦးဆောင်တဲ့  ဦးသောဘိတက မိန့်ပါတယ်။

“အခု ဦးဇင်းတို့ ၈၄ လမ်းမကြီးပေါ်လမ်းလျှောက်နေတာ။ ၄၁ လမ်းနားက ထွက်လာပြီး အခု ဘုရားကြီး အနောက်မုခ်နားရောက်နေပြီ။ ဦးဇင်းက ရှေ့ကလျှောက်နေတော့ သေချာမသိရဘူး၊ ဘေးက ဒကာတွေပြောပြတာ သံဃာတော် ၁ ထောင်ဝန်းကျင်ရှိမယ်။ အေးအေးချမ်းချမ်းပဲ လမ်းလျှောက်မေတ္တာသုတ်ရွတ်တယ်။ လုံခြုံရေးကတော့ အတော်များများ ပါတယ်၊ ရှေ့ကရော နောက်ကရော ဘေးကရော၊ နောက် ဗကသအဖွဲ့တွေလည်း ပါလာတယ်။”

ဆန္ဒပြသံဃာတွေက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ အရေပြား လောင်ကျွမ်းဒဏ်ရာရတဲ့ သံဃာတွေရဲ့ပုံတွေပါတဲ့ ဗီနိုင်းပိုစတာတွေကို ကိုင်ဆောင်ပြီး လမ်းတလျှောက် မေတ္တာသုတ်ရွတ်ဆိုကြသလို ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ပခုက္ကူမြို့နဲ့ မုံရွာမြို့မှာ သံဃာတွေ စီတန်းလှည့်လှည် မေတ္တာပို့သကြပြီး သူတို့ရဲ့ တောင်းဆိုချက်က ၃ ချက် ပိုမိုပါဝင်ပြီး အဲဒါတွေကတော့ “သာသနာအမွေအနှစ် အဆောက်အဦများ ဖျက်ဆီးခြင်းကို ရပ်ဆိုင်းပေးရန်နဲ့ နောက်နောင်လည်း လုံးဝမဖျက်ဆီးရန်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံပြည်သူများ ကျေနပ်လက်ခံနိုင်အောင် အမြန်ဆုံးဆောင်ရွက်ပေးရန်။ လက်ပန်းတောင်းတောင်ဒေသ ပြည်သူများနဲ့ ပြည်သူဘက်မှ ရပ်တည်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့သော သံဃာတော်အရှင်သူမြတ်များအပေါ် အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သဘောမတူပါက ကန့်ကွက်ရှုတ်ချပေးပါရန်” တို့ ဖြစ်ပါတယ်။

မုံရွာမြို့က အခြေအနေကို ဦးဆောင်သံဃာတပါးနဲ့ ဆက်သွယ်မေးမြန်းရာမှာ ခုလို မိန့်ပါတယ်။

“ဦးဇင်းတို့ ရွှေစည်းခုံကထွက်ခဲ့ပါပြီ။ သံဃာအပါး ၅၀၀ လောက်ရှိတယ်။ လုံခြုံရေးအနေနဲ့ အန်အယ်လ်ဒီနဲ့ ဗကသအဖွဲ့တွေကလုပ်ပေးတယ်။”

ပခုက္ကူမြို့မှာလည်း သံဃာရာပေါင်းများစွာ ချီတက် မေတ္တာပို့ခဲ့ကြပါတယ်။ ပခုက္ကူသံဃာတပါးက “အခု တောင်းဆိုချက်တွေနဲ့ ဦးဇင်းတို့ ဆန္ဒပြလမ်းလျှောက်နေပါတယ်။ အနောက်တိုက်က သံဃာတွေက အလယ်တိုက်ကို ၀င်တယ်၊ အလယ်တိုက်ကသံဃာတွေက ဗောဓိမဏ္ဍိုင်၊ ဗောဓိမဏ္ဍိုင်ကတဆင့် အရှေ့တိုက်ကိုရောက်တယ်။ အရှေ့တိုက်မှာ အကုန်လုံးပေါင်းပြီးတော့ ဘုရားကြီးကို မြို့မလမ်းကနေ ချီတက်ပါတယ်။ ”

ရန်ကုန်မြို့က သံဃာတွေကတော့ ရွှေတိဂုံစေတီတော် ကြေးသွန်းဘုရားကြီးကနေ ဆူးလေစေတီတော်နားက မြို့တော်ခန်းမရှေ့ကို ရောက်ရှိ မေတ္တာပို့သခဲ့ပါတယ်။ လိုက်ပါသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုဇေကြီးက ခုလိုပြောပါတယ်။

“ကုန်သည်ကြီးများ ဟိုတယ်ရှေ့ကနေ ဆူးလေဘုရားပတ်ပြီးတော့ မြို့တော်ခန်းမရှေ့မှာ သံဃာတော်တွေက မေတ္တာပို့တယ်။ နောက် သံဃာတွေက ဆန္ဒပြရတဲ့အကြောင်းရင်းပေါ့၊ နေ့လည် ၁၂ နာရီအထိ တောင်းပန်ခြင်းမပြုတဲ့အတွက် ဆန္ဒပြတယ်လို့ မိန့်ကြတယ်။”

မကွေးတိုင်း ချောက်မြို့မှာလည်း လုံခြုံရေးတင်းကျပ်ထားတာကြောင့် အေးစေတီမှာ ထိုင်သပိတ်မဆင်နွှဲနိုင်ဘဲ တခြားနေရာတခုမှာ ထိုင်သပိတ်ဆင်နွှဲခဲ့ရပါတယ်။ စစ်တွေမှာလည် သံဃာအပါး ၆၀ ခန့် ထိုင်သပိတ်ဆင်နွှဲပါတယ်။ ပြည်မြို့မှာ အပါး ၁၅၀ ကျော်နဲ့ ကျောင်းသားလူငယ် ၁၀၀ ကျော် ချီတက်ကြပါတယ်။ ပုသိမ်မြို့မှာလည်း လူ ၃၀ ကျော် ချီတက်ကြပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က သံဃာတွေရဲ့ တောင်းဆိုချက်ကို မန္တလေးတိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီးနဲ့ သာသနာရေးဝန်ကြီးက ဦးဆောင်သံဃာတွေနဲ့ တွေ့ဆုံပြီး နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးတွေကို တောင်းပန်ပြီးဖြစ်ကြောင်း တင်လျှောက်ခဲ့ကြတယ်လို့ သွားရောက် ဆွေးနွေးရာမှာ ပါတဲ့ သံဃာ ဦးသောဘိတက မိန့်ပါတယ်။

ဒီနေ့ ဆန္ဒပြပွဲကာလမှာ ထူးခြားချက်အဖြစ်၊ မုံရွာမြို့မှာ သံဃာတော်များ ချီတက်ဆန္ဒပြနေချိန်မှာ လက်ပန်းတောင်းတောင်ရှိ ‘ပထမလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ ကျောင်းနဲ့ စေတီကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးမည်’လို့ နိုင်ငံတော်သမ္မတရဲ့ ပြောဆိုချက်ကို  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးက လက်မှတ်ထိုးပြီး မုံရွာမြို့ပေါ်က ကျောင်းတိုက်တွေကို လိုက်လံဆက်ကပ်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ပြန်ကြားချက်ဟာ မုံရွာမြို့ပေါ်က ဆရာတော်ကြီးတွေက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရကို မေတ္တာရပ်ခံထားချက်ကို တုံ့ပြန့်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပြန်ကြားချက်နဲ့ ပတ်သက်လို့ မုံရွာမြို့ပေါ်က ဆရာတော်တွေက ဘယ်ဆရာတော်တွေ ပန်ကြားတယ်ဆိုတာကို သဲသဲကွဲကွဲမရှိကြောင်းနဲ့ သူတို့တွေ မသိကြောင်း မိန့်ကြားသလို  ဆန္ဒပြပွဲတွေကို အားလျော့သွားစေဖို့ အားထုတ်မှုအဖြစ်သာမြင်ကြောင်းနဲ့ သမ္မတပြောသလို ကျောင်းနဲ့ စေတီ မဟုတ်ဘဲ ရွှေ့ပြောင်းလို့ မရတဲ့ သိမ်နဲ့ စေတီသာဖြစ်တယ်လို့ မိန့်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013