DVB Logo
Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးဆွေးနွေးနေပြီဟု ထရမ့်ပ် ကြေညာ၊ သတင်းတုဟု အီရန်ငြင်းဆို
DVB
·
March 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အီရန်ကို ငြိမ်းချမ်းရေးအတွက် အခွင့်အရေးတကြိမ် ထပ်ပေးမှာဖြစ်ပြီး ဆွေးနွေးနေပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာလိုက်ပေမဲ့ အီရန်ဘက်ကတော့ ဒါဟာ သတင်းတုသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ဟောမုဇ်ရေလက်ကြားကို ၄၈ နာရီ အချိန်သတ်မှတ်ပြီး ပြန်ဖွင့်မပေးရင် အီရန် မဟာဓာတ်အားလိုင်းကို တိုက်ခိုက်မယ်လို့ အမေရိကန်သမ္မတက အစောပိုင်းမှာ  ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ၄၈ နာရီပြည့်ခါနီးမှာပဲ ထရမ့်ပ်က အီရန်နဲ့ ထပ်ဆွေးနွေးနေတယ်လို့ ကြေညာလိုက်ပါတယ်။

အမေရိကန်နဲ့ အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ စစ်မက်ပြုမှုတွေ အလုံးစုံ၊ အပြည့်အဝဖြေရှင်းဖို့ ဆွေးနွေးနေတယ်လို့ ထရမ့်ပ်က ထုတ်ပြန်ပါတယ်။

ဒီသတင်းကြောင့် ရေနံနဲ့ စွမ်းအင်စျေးတွေလည်း ပြန်ကျသွားပါတယ်။ အီရန် ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်ထားတာကို နောက်ထပ် ၅ ရက် ရွှေ့ဆိုင်းလိုက်ပြီလို့ ထရမ့်ပ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဆွေးနွေးနေပြီလို့ သတင်းထွက်ခဲ့ပေမဲ့ ဒီလိုဆွေးနွေးမှုတွေ ရှိမနေဘဲ ရေနံစျေးကွက်ကို ခြယ်လှယ်ဖို့အတွက် သတင်းတုတွေ ဖန်တီးနေတာလို့ လွှတ်တော်ဥက္ကဋ္ဌရဲ့ X လူမှုကွန်ရက်အကောင့်မှာ ပြန်ဖြေရှင်းထားပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဒီလိုမျိုး အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာမျိုး မရှိဘူးလို့ ငြင်းထားပါတယ်။

ထရမ့်ပ်ကတော့ ဆိုရှယ်မီဒီယာမှာ အဲဒီလိုရေးအပြီးမှာ အီရန်ကို ငြိမ်းချမ်းရေးအတွက် အခွင့်အရေးတကြိမ် ထပ်ပေးမယ်လို့ ထပ်ပြောလိုက်ပါတယ်။

အမေရိကန်ဘက်က စတိဗ်ဝစ်ကော့ဖ်နဲ့ ဂျရက်ကုရှ်နာတို့က ဦးဆောင်ဆွေးနွေးနေတယ်လို့ ပြောနေပေမဲ့ အီရန်ဘက်က ဘယ်သူနဲ့ ဆွေးနွေးနေသလဲဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်ပ်က မဖြေဘဲ ထိပ်ဆုံးက ပုဂ္ဂိုလ်လို့ပဲ ပြောထားပါတယ်။ ခေါင်းဆောင်ပိုင်းကို ၃ ဆင့်လောက် ရှင်းခဲ့တယ် ဆိုတာကိုတော့ မမေ့ဖို့လည်း ပြောပါတယ်။

အလေးစားခံရဆုံးနဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ လက်ရှိမှာ ယုံကြည်ရတဲ့သူနဲ့ ဆက်ဆံနေတာလို့လည်း ထရမ့်ပ်က သတင်းထောက်ရဲ့ မေးခွန်းကို ပြန်ဖြေထားပါတယ်။

ဒါပေမဲ့လည်း အီရန်မြို့တော် တီဟီရန်နဲ့ လက်ဘနွန်မြို့တော် ဘေရွတ်ကို တိုက်ခိုက်မှုတွေကလည်း ဆက်ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013