DVB Logo
Home
မြန်မာသတင်း
ဆွီဒင်ထုတ်လက်နက်တွေ ကချင်စစ်ပွဲမှာ မြန်မာ စစ်တပ်အသုံးပြုနေ
DVB
·
December 12, 2012
ဆွီဒင်ထုတ်လက်နက်တွေ ကချင်စစ်ပွဲမှာ မြန်မာ စစ်တပ်အသုံးပြုနေ
1 / 2
Donate to DVB

ဆွီဒင်နိုင်ငံထုတ် လက်နက်တွေကို ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ မြန်မာစစ်တပ်က  အသုံးပြုနေတယ်လို့ ဆွီဒင်သတင်းစာ တစောင်က ဖော်ထုတ်ရေးသား လိုက်ပါတယ်။

အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု တားမြစ်ထားတဲ့ကြားက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဆွီဒင်နိုင်ငံက လက်နက်တွေကို အိန္ဒိယနိုင်ငံ ကနေ တဆင့် မြန်မာစစ်တပ်ကရသွားခဲ့တာလို့ ဆိုပါတယ်။

ဆွီဒင်လုပ် အဆင့်မြင် အမ် - ၃ ကားလ် ဂူးလ်စတပ် (Carl Gustav) ပုခုံးထမ်း အမြောက်လက်နက်တွေကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)က အစိုးရတပ်ဖွဲ့တွေဆီကနေ သိမ်းပိုက်ရရှိခဲ့တဲ့ သတင်းကို ဆွီဒင် သတင်းစာ Svenska Dagbladet က အင်္ဂါနေ့က ရေးသားခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး ဆွီဒင်အစိုးရတာဝန်ရှိသူတွေကို  ဒီဗွီဘီက ဆက်သွယ် မေးမြန်းကြည့်ရာမှာ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဒီအချိန်မှာ တစုံတရာ မှတ်ချက်ပေး ပြောလို့မရသေးပေမယ့် စုံစမ်းတာတွေကို လုပ်သွားမယ်လို့ ပြောပါတယ်။

“အစိုးရကတော့ ဒီကိစ္စကို အတည်ပြုထောက်ခံချက်မပေးသေးပေမယ့် ဒီလက်နက်တွေ ဘယ်ကလာသလဲ ဆိုတာကိုတော့ စစ်ဆေးဖို့ လိုတယ်လို့ ကျနော်က ယူဆပါတယ်။”

ဒီသတင်းကို လွန်ခဲ့တဲ့ သီတင်းပတ်တွေကတည်းက ရရှိနေတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒီလက်နက်ဟာ တင့်ကား ၁ စင်းကို ဖျက်ဆီးနိုင်တဲ့အထိ ပြင်းထန်ပြီးတော့ ဆားဗိုဖာ ဒိုင်နမစ်က ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးတာတွေကိုလည်း သူတို့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ထုတ်လုပ်တဲ့ ကုမ္ပဏီက ဆိုပါတယ်။

ဒီသတင်းကို ဆွီဒင်သတင်းစာမှာ သတင်းထောက် ဘာတေးလစ်တနာက ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။  ဒီလက်နက်တွေကို ဆွီဒင်က အာရှမှာဆိုရင် ထိုင်းနဲ့ အိန္ဒိယကို ရောင်းချတယ်လို့ သတင်းထောက် ဘာတေးလစ်တနာက ဒီဗွီဘီကို ရှင်းပြပါတယ်။

“မြန်မာ-အိန္ဒိယ နယ်စပ်က မဏိပူရ၊ နာဂ သူပုန်တွေကို တိုက်ခိုက်ဖို့အတွက် ဒီလက်နက်တွေကို အရင် နှစ် စက်တင်ဘာက အိန္ဒိယ စစ်တပ်က ပေးခဲ့တာပါ။”

အိန္ဒိယက ဆွီဒင်ထံကနေ ဒီလက်နက်တွေကို တရားဝင်ဝယ်ယူနိုင်ပေမယ့် ဥရောပသမဂ္ဂက လက်နက်ဝယ်ယူဖို့ တားမြစ်ထားတဲ့ မြန်မာကိုတော့ မပေးသင့်ဘူးလို့ သူကပြောပါတယ်။ ဒီသတင်းကို ဒီနှစ် အောက်တိုဘာလမှာ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး လက်နက်တွေကို တိုက်ပွဲတွေမှာ ဒီထက် ပိုစောပြီးတော့ အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။

ဘာတေးလစ်တနာဟာ ကချင်ပြည်နယ်ကို မကြာသေးမီအချိန်က သွားရောက်ခဲ့ပြီးတော့

ကချင်ပြည်နယ် ပန်ဝါမှာ အစိုးရတပ်ဖွဲ့တွေက တိုက်ပွဲတွေမှာ ရဟတ်ယာဉ်ပေါ်ကနေ သေနတ်တွေနဲ့ အသုံးပြုတိုက်ခိုက်တာတွေ လုပ်တယ်လို့လည်း ပြောပါတယ်။

ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်တာတွေကို ရုပ်သိမ်းပေးခဲ့ပေမယ့် လက်နက်တင်ပို့တာကိုတော့ တားမြစ်ထားဆဲ ဖြစ်ပါတယ်။ ဒီအတွက် ဆွီဒင်က မြန်မာကို လက်နက်တင်ပို့တာကို လုပ်ဆောင်ခဲ့မယ်ဆိုရင် တားမြစ်ချက်ကို ချိုးဖောက်ရာ ရောက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013