DVB Logo
Home
မြန်မာသတင်း
မော်ချီးခဲမဖြူ သတ္တုတွင်း တိုးချဲ့လုပ်ကိုင်မှုကို ရပ်တန့်ဖို့ တောင်းဆို
DVB
·
December 11, 2012
မော်ချီးခဲမဖြူ သတ္တုတွင်း တိုးချဲ့လုပ်ကိုင်မှုကို ရပ်တန့်ဖို့ တောင်းဆို
Donate to DVB

ကယားပြည်နယ်မှာရှိတဲ့  မော်ချီးခဲမဖြူ သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘ၀တွေ ပျက်စီးမှု ဖြစ်ပေါ်စေတဲ့အတွက် သတ္တုတွင်းလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်မှုကို ရပ်တန့်ပေးဖို့  မိုလိုအမျိုးသမီးများ သတ္တုတွင်းစောင့်ကြည့်လေ့လာရေး ကွန်ယက်က တောင်းဆိုလိုက်ပါတယ်။

မော်ချီးခဲမဖြူ သတ္တုတွင်း လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရေထုညစ်ညမ်းမှု၊ မြေပြိုမှုတွေနဲ့ ဒေသခံရွာသားတွေရဲ့ လယ်ယာမြေတွေဆုံးရှုံးပြီး ကျန်းမာရေး ထိခိုက်မှုတွေပါ ရှိနေတဲ့အတွက်  စီမံကိန်း ရပ်ဆိုင်းဖို့ ကရင်နီအမျိုးသမီးတွေက ဒီဇင်ဘာလ ၁၁ ရက်နေ့က  ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သတင်းစာရှင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်တာပါ။

[caption id="attachment_34231" align="alignright" width="300" caption="မိုလိုအမျိုးသမီးအဖွဲ့က နော်အားမူ ရှင်းလင်းပြောကြားနေစဉ်(ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]

ဧကပေါင်း ၃ ထောင်ဝန်းကျင်ရှိတဲ့ မော်ချီးသတ္တုတူးဖော်ရေး လုပ်ငန်းမှာ  သတ္တုတွင်းကြီး ၈ ခုရှိပြီး တွင်းကြီးတွေမှာ  လိုင်းခွဲပေါင်း ၂၀၀ ကျော် အထိ တူးဖော်လုပ်ကိုင်နေကြတာပါ။  သတ္တုတွင်း မိုင်းခွဲမှုတွေကြောင့်   ဒေသခံတွေရဲ့ နေအိမ်တွေ တုန်ခါပြီး အန္တရာယ်များတဲ့အတွက်  ကျဉ်းတွေကို ပိတ်ပေးဖို့ တောင်းဆိုတာလို့ မိုလိုအမျိုးသမီးအဖွဲ့က နော်အားမူက ပြောပါတယ်။

“အဓိက ကျင်းက ၁၃ ကုန်းမှာပေါ့။ ၁၃ ကုန်းမှာမှ သူတို့ခေါ်တာ အမှတ် ၂၊ ၃၊ ၄၊ ၅ ကျင်းကြီးတွေကတော့ အန္တရာယ် အရမ်းရှိနေပြီ။ ၁၃ ကုန်း အိမ်တလုံး နေရင်းနဲ့ သူ့ဘာသာသူ မြေကြီးအောက်ထဲ ကျွံသွားတယ်၊ အမျိုးသမီးလေး ၁ ယောက် ပါသွားတာဆို အစအနတောင် ရှာမတွေ့ဘူး။ မိုးရာသီမှာဆို ၁၃ ကုန်းမှာ ရှိတဲ့ အမှတ် ၂၊ ၃၊ ၄၊ ၅ မှာဆို မြေပြိုတော့ ကျင်းလုပ်သား ၂ ဦးလည်း သေဆုံးခဲ့တယ်။”

သတ္တုတွင်း လုပ်ငန်းတွေကြောင့် မော်ချီးကနေ သံလွင်မြစ်အတွင်း  စီးဝင်သွားတဲ့ မိုလိုချောင်းမှာ ရေအရင်းအမြစ် လျော့နည်းကျဆင်းမှုရှိနေပြီး၊ ဒီစီမံကိန်းကနေ  ဒေသခံတွေအနေနဲ့ တစုံတရာ အကျိုးအမြတ်မရရှိဘဲ အစိုးရနဲ့ ကုမ္ပဏီကိုသာ အကျိုးအမြတ်ရစေတယ်လို့ မိုလိုအမျိုးသမီးများအဖွဲ့က ပြောပါတယ်။

မော်ချီးသတ္တုတွင်းကို ၁၈၃၀ ခုနှစ်ကတည်းက ဗြိတိသျှတွေ မြန်မာပြည်ကို အုပ်ချုပ်စဉ်ကာလကတည်းက လုပ်ကိုင်ခဲ့ပြီး လက်ရှိ  ဦးပိုင်ကုမ္ပဏီလီမိတက်နဲ့ အမှတ် ၂ သတ္တုတွင်းဝန်ကြီးဌာတို့ အကျိုးတူဖက်စပ်  လုပ်ကိုင်နေတယ်လို့ သူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတ္တုတွင်းလုပ်သားတွေဟာလည်း  နေ့စဉ်လိုလို လုပ်ငန်းခွင်ထဲမှာ ယမ်းဖောက်မိုင်းခွဲ လုပ်ရပေမယ့် သူတို့အတွက် ကျန်းမာရေးအာခံချက်မရှိဘဲ   အဆုတ်၊ တီဘီလို ရောဂါတွေနဲ့ အသက်ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ မိုလိုအမျိုးသမီးအဖွဲ့က နော်အားမူက ဆိုပါတယ်။

“ကျင်းထဲဝင်တယ်၊ ယမ်းတွေဘာတွေ ဖောက်ရတယ်၊ ဘာအကာအကွယ်မှ မပါဘူး။ သူတို့အတွက်က ကျန်းမာရေးအာမခံချက်ပဲဖြစ်ဖြစ် ဘာမှ အာမခံချက်မရှိဘူး။ ကုမ္ပဏီဘက်ကလည်း ဘာမှ ကြည့်မပေးဘူး။ ဥပမာ ကျင်းလုပ်သား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီဆိုရင် ကျင်းတကျင်းလုပ်ကွက်က ပိုင်ရှင်ကပဲ သူတို့တွေကို ကြည့်ရတာပေါ့။ နေရာထိုင်ခင်းတွေအကုန်လုံးကိုလည်း ကျင်းပိုင်ရှင်ကလုပ်ပေးတယ်၊ ကုမ္ပဏီကဘာမှလုပ်မပေးဘူး။ အဆိုးဆုံးက ကျင်းလုပ်သား ၁ ယောက်ဟာ ယမ်းတွေဖောက်လိုက်လို့ မြေပြိုပြီး သေဆုံးသွားခဲ့ရင်လည်း ကုမ္ပဏီက ဘာမှ လုပ်မပေးဘူး။ ခဲတွင်းမှာ အလုပ်လုပ်သူတွေက အဆုတ်တီဘီရောဂါတွေ၊ ကျီးပေါင်းရောဂါရကြတယ်။ အဆုတ်တီဘီရောဂါနဲ့ အသက်ဆုံးသွားတာတွေ ရှိပါတယ်။”

အခုလို အန္တရာယ်ကြီးတဲ့ သတ္တုမိုင်းတွေကို ပိတ်ပေးဖို့ ဒေသခံလူထုတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးတာတွေ မလုပ်မချင်း ဘယ်သတ္တုတူးဖော်ရေး လုပ်ငန်းကိုမှ အလိုမရှိဘူးလို့လည်း မိုလို အမျိုးသမီးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

မိုလို အမျိုးသမီးများအဖွဲ့ကို ၂၀၁၂ ဇန်န၀ါရီလက ကရင်နီ အဲဗားဂရင်း။ ကရင်နီ လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ကရင်နီ အမျိုးသမီး အစည်းအရုံး ၃ ဖွဲ့ ပေါင်း ပါဝင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013