DVB Logo
Home
မြန်မာသတင်း
အရေပြားဒဏ်ရာရ သံဃာတော် ဘန်ကောက်မှာသွားရောက်ကုသမည်
DVB
·
December 11, 2012
အရေပြားဒဏ်ရာရ သံဃာတော် ဘန်ကောက်မှာသွားရောက်ကုသမည်
1 / 2
Donate to DVB

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရတုန်းက အရေပြားလောင်ဒဏ်ရာ အပြင်းထန်ဆုံးရခဲ့တဲ့ ဦးဇင်း ဦးတိက္ခဥာဏဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံကြီးမှာ သွားရောက် ကုသတော့မှာ ဖြစ်ပါတယ်။

ဆရာတော်ကို ဘန်ကောက်မြို့က ဆေးရုံမှာ တင်ဆောင်ကုသမှာဖြစ်ပြီး မိသားစုနဲ့ အတူ မန္တလေးဆေးရုံအုပ်ကြီးပါ လိုက်ပါဆောင်ရွက်မှာဖြစ်တယ်လို့ ဦးတိက္ခဥာဏရဲ့ သားတော် ဒေါက်တာ နေသူရိန်က ပြောပါတယ်။

[caption id="attachment_34159" align="alignleft" width="300" caption="အရေပြားလောင်ဒဏ်ရာ အပြင်းထန်ဆုံးရခဲ့သည့် ဦးဇင်း ဦးတိက္ခဥာဏ"][/caption]

မနေ့ ညနေ ၇ နာရီခန့်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆရာတော်ကို ၁ နာရီနီးပါး တွေ့ဆုံခဲ့သလို လိုက်ပါလာတဲ့ ဒေါက်တာတင်မျိုးဝင်းက ဘန်ကောက်ဆေးရုံကို လမ်းညွှန်တယ်လို့ ဒေါက်တာနေသူရိန် က ပြောပါတယ်။

“လေယာဉ်က ၁၃ ရက်နေ့ ညနေ ၄ နာရီခင်ဗျ၊ ထိုင်းဘန်ကောက်ဆေးရုံကြီးပဲ ခင်ဗျ။ ဒေါက်တာတင်မျိုးဝင်းက အဲဒီကိုပဲ ညွှန်လိုက်တာပါ၊ သူက ထိုင်းသံအမတ်ကြီးကို ထိုင်းမှာ သူ ဘယ်ဆေးရုံအဆင်ပြေမလဲပေါ့နော်. မေးပြီးတော့ ဘန်ကောက်ဆေးရုံကြီးကိုပဲ ညွှန်လိုက်တာပါ။ မနေ့က ဒေါ်စုက ည ၇ နာရီထိုးလောက် လာတယ်။ ၈ နာရီထိုးလောက် သူပြန်သွားတယ်။ ဘုန်းဘုန်းကြီးနဲ့ သူ စကားပြောသွားတာပေါ့။ ဘုန်းဘုန်းက ဒေါ်စုလာတဲ့အခါကျတော့ သူက ပျော်လည်း ပျော်တဲ့အခါ စိတ်ရှည်လက်ရှည်ပြောပြတာ။” လို့ ပြောပြပါတယ်။

ဒဏ်ရာရှင်နဲ့ အတူ မိသားစုတွေသွားဖို့ စီစဉ်ထားပေမယ့် ဒီမွန်းလွဲပိုင်းမှာ မန္တလေးဆေးရုံအုပ်ကြီးက သူလည်း လိုက်ပါမယ်လို့ ဖုန်းဆက်အကြောင်းကြား လာတယ်လို့ ဒေါက်တာနေသူရိန်က ပြောပါတယ်။

“ပထမတော့ ကျနော်ရယ်၊ ကျနော့်အမေရယ်၊ ညီမလေးရယ်နဲ့ ဘုန်းဘုန်းကြီးရယ်။ ရက်ရှည်ဆိုတော့လေ. ကျနော်တို့ ၃ ယောက်နဲ့ သွားဖို့ပေါ့။ မန္တလေးဆေးရုံအုပ်ကြီးက ဒီနေ့မနက်ကျမှ သူလိုက်လာပေးမယ်လို့ ပြောတယ်။ သူ ပါတော့ အဆင်ပြေတာပေါ့။ သူက လိုက်အပ်ပြီး ၁ ရက်၊ ၂ ရက်နေပြီးမှ ပြန်မယ်လို့ ပြောပါတယ်။” လို့ ပြောပါတယ်။

ပြည်ပမှာထွက်ပြီး ဆေးကုဖို့ အစစ စီစဉ်ထားပေမယ့် ပြည်ပကို ထွက်ခွာဖို့ ဦးတိက္ခဥာဏအတွက် နိုင်ငံကူးလက်မှတ်ကတော့ လက်ဝယ်မရသေးတဲ့အကြောင်းနဲ့ လေယာဉ်မထွက်ခင်မှာ မီအောင်လုပ်ပေးမယ်လို့ လူဝင်မှုကြီးကြပ်ရေးရုံးတာဝန်ရှိသူတွေက ပြောကြောင်း ဒေါက်တာနေသူရိန်က ပြောပါတယ်။

သက်တော် ၆၆ နှစ် အရွယ်ရှိတဲ့ ဦးဇင်း ဦးတိက္ခဥာဏဟာ လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းတုန်းက ၀မ်ပေါင်ရုံးရှေ့က သပိတ်စခန်းမှာရှိနေပြီး အပြင်းထန်ဆုံး ဒဏ်ရာရခဲ့ပါတယ်။ သပိတ်စခန်းဖြိုခွင်းတဲ့ နိုဝင်ဘာ ၂၉ ရက်ကစလို့ လမ်းမလျှောက်နိုင်၊ မထိုင်နိုင်ဖြစ်ခဲ့ပြီး မန္တလေးဆေးရုံကို ပို့ဆောင်ကုသခဲ့တာပါ။ ဒီနောက် မန္တလေးကနေ လူနာတင်ယာဉ်နဲ့ ရန်ကုန်ကို သယ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့က အရေးပြားအထူးကုဆေးရုံမှာ ကုသနေပါတယ်။ သူဟာ ရန်ကုန်ကို မလာခင်က ဆေးပတ်တီးကိုင်၊ လမ်းမှာ ပင်ပန်းမှုနဲ့ ရန်ကုန်ဆေးရုံအရောက်မှာ ဆေးပတ်တီး ကိုင်တာကြောင့် နွမ်းနေတယ်လို့ ဆိုပါတယ်။

မန္တလေးမှာလည်း ထိုင်းနိုင်ငံကို ပို့ဆောင်ကုသဖို့ စာရင်းလုပ်ထားသူ သံဃာ ၄ ပါးရှိပြီး ၂ ပါးကတော့ လိုက်ပါကုသဖို့ သဘောတူပြီး ကျန် ၂ ပါးကတော့ ခွဲစိတ်ခန်းဝင်နေတာကြောင့် သဘောထားယူဖို့ စောင့်နေတယ်လို့ လူနာသံဃာတွေကို ကူညီနေတဲ့ ဦးပဉ္စင်း ဦးသု ခေါ် ဦးဝိမလက မိန့်ပါတယ်။

ဒီသပိတ်စခန်းဖြိုခွင်းမှုနဲ့ ပတ်သက်လို့ အစိုးရက နိုင်ငံတော်သံဃမဟာနာယက ဆရာတော်တွေကနေ တဆင့် တောင်းပန်ပေမယ့် သံဃာတွေကတော့ ဒဏ်ရာရသံဃာတွေကို တိုက်ရိုက်တောင်းပန်ဖို့နဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုထားပြီး မလိုက်လျောရင် အထွေထွေသပိတ်လုပ်မယ်လို့ ဖိအားပေးထားပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့ မနက် အရုဏ်မတက်ခင် လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှုမှာ သံဃာအပါး ၁၀၀ ကျော်နဲ့ လူ ၁၀ ဦးထက်မနည်း အရေပြားလောင်ကျွမ်း ဒဏ်ရာရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013