DVB Logo
Home
မြန်မာသတင်း
အယ်လ်ဂျာဇီးယား ရုပ်သံလွှင့်ချက် တဖက်သတ်လုပ်ကြံမှုဟုဆို
DVB
·
December 10, 2012
အယ်လ်ဂျာဇီးယား ရုပ်သံလွှင့်ချက် တဖက်သတ်လုပ်ကြံမှုဟုဆို
Donate to DVB

ကာတာအခြေစိုက် အယ်လ်ဂျားဇီးယား ရုပ်သံက ထုတ်လွှင့်နေတဲ့ ရခိုင်ပြည်နယ် ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ရုပ်သံမှတ်တမ်း ထုတ်လွှင့်ချက်တွေဟာ အမှန်တရားနဲ့ ဆန့်ကျင်နေတယ်လို့  ရခိုင်တိုင်းရင်းသားများ  တိုးတက်ရေး ပါတီခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာလူမျိုးတုန်းသတ်ဖြတ်မှုတွေရှိနေတယ် ဆိုတဲ့အကြောင်း ထုတ်လွှင့်သွားတဲ့ ဒီရုပ်သံမှတ်တမ်းကို  အယ်လ်ဂျာဇီးယားရုပ်မြင်သံကြားကနေ ဒီဇင်ဘာ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အာရပ်ဘာသာ၊ ဒီဇင်ဘာ ၉ ရက်ကနေ ၁၃ ရက်နေ့အထိ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်နေတာပါ။

[caption id="attachment_25306" align="alignleft" width="202" caption="​ဒေါက်တာ​အေး​မောင်"][/caption]

ဒီရုပ်သံမှာ ရခိုင်ပြည်နယ် အဓိကရုဏ်းဖြစ်ပွားမှုအတွက်  ရခိုင်အမျိုးသားတိုးတက်ရေးပါတီကို စွပ်စွဲထားချက်တွေပါဝင်ပြီး  ဒီပဋိပက္ခမှာ တာဝန်အရှိဆုံးသူဟာ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ဖြစ်တယ်လို့ ရုပ်သံမှာ ပါဝင်ပြောကြားခဲ့သူ တဦးကလည်း စွပ်စွဲပြောကြားထားပါတယ်။

ဒေါက်တာ အေးမောင်ကတော့ ဒီရုပ်သံမှတ်တမ်းဟာ တဖက်သတ်ဆန်ပြီး လုပ်ကြံဖန်တီးထားတဲ့ သဘောမျိုးဖြစ်တယ်လို့ ပြောပါတယ်။

“တစ်အချက်က တဖက်သတ် ဆန်တယ်။ ဖြစ်စဉ်အပေါ်မှာ ခြုံငုံသုံးသပ်တာတွေက စတူဒီယိုမှာ ဖန်တီးပုံဖော်သွားတဲ့ ဇာတ်လမ်းမျိုးအဖြစ် ယူဆတယ်။ ပြီးတော့ သူတို့လုပ်ကြံဖန်တီးထားတဲ့ ဇာတ်ကောင်ပေါ့နော်။ အမျိုးသမီးတယောက်ဆိုရင် မုဒိမ်းကျင့်ခံရတယ်၊ ဆေးရုံတက်တယ်၊ ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ကို ဆေးသွားကုတယ်။ အဲအမျိုးသမီးကိုလည်း သတ်ပစ်လိုက်ပြီ၊ သေသွားပြီဆိုတဲ့ သဘောမျိုးတောင် လုပ်လိုက်တော့ ကျနော်တို့က ပြန်လှန်မေးမြန်းခွင့်တို့ ဘာတို့ မရလိုက်တဲ့အခါ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နိုင်ငံတော်အစိုးရနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ ဒီဖြစ်စဉ်အပေါ် သုံးသပ်တဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးဟာ၊ ဥပမာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ကနေ ပွင့်ပွင့်လင်းလင်း ဒီဖြစ်စဉ်အပေါ် ပြန်သုံးသပ်ဖို့ လိုလိမ့်မယ်။ တခုချင်းဖြစ်စဉ်အမှန်၊ ကမ္ဘာကသိအောင် လူထုသိအောင် တကွက်ချင်း တကွက်ချင်းပေါ့။ မောင်တောဖြစ်သွားတဲ့အခြေအနေ၊ တောင်ကုတ်မှာဖြစ်သွားတဲ့ အခြေအနေ၊ စစ်တွေမှာဖြစ်သွားတဲ့ အခြေအနေတွေကို အဖြစ်မှန်တွေ ကမ္ဘာကိုပြန်ပြီး မြန်မာ့ရုပ်မြင်သံကြားကဖြစ်ဖြစ် သတင်းဖြန့်ချိရေးကဖြစ်ဖြစ် ပြန်လည်တင်ပြဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။”

ဒီသတင်းအတွက် တွေ့ဆုံမေးမြန်းသွားတဲ့ သတင်းထောက်က အယ်လ်ဂျာဇီးယား သတင်းဌာနကလို့ ပြောဆို အင်တာဗျူးတာမဟုတ်ဘဲ  လန်ဒန်က သတင်းဌာနတခုအတွက် ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် သူ့အနေနဲ့ ဖြေကြားခဲ့တာလို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒီရုပ်သံမှတ်တမ်း ထွက်ပေါ်လာတဲ့အပေါ်ကိုလည်း ဦးအေးမောင်က အခုလို ပြောပါတယ်။

“မှတ်တမ်းရုပ်ရှင်ကားဆိုတာ၊ ဒီလို ကာလမျိုးပေါ့။ ဒုတိယအကြိမ် ဖြစ်သွားပြီးနောက် အခြေအမြစ်မရှိ ပေါ်လာတာရယ်၊ တခုခုကို လှုံ့ဆောာ်သလိုမျိုး ဖြစ်သွားမယ်ဆိုရင် ဒီအယ်လ်ဂျားဇီးယား သတင်းဌာနဟာ သတင်းတခုကို ဖော်ပြတာမျိုး မဟုတ်ဘဲနဲ့ တတိယအကြိမ် ပြဿနာတခုကို ပြန်စေ့ဆော်သလို၊ ပြန်ဆွပေးသလိုမျိုး ဖြစ်သွားစေနိုင်တဲ့ သတင်းမျိုးထုတ်လွှင့်တာမျိုးကို ဒီလိုကာလမှာ ထုတ်လွှင့်တာကို ကန့်ကွက်ပါတယ်။ ဆင်ဆင်ခြင်ခြင်နဲ့ ဖြစ်စဉ်အမှန်ကို နိုင်ငံတကာသတင်းဌာနကြီးအနေနဲ့ သုံးသပ်ပြီးကာမှ တကယ် အရည်အသွေးပြည့်ဝတဲ့ သတင်းထောက်တွေ သတင်းယူတဲ့အဖွဲ့တွေနဲ့ ပြန်လှန်စိစစ်ပြီးမှ ဒါကို ပြန်သုံးသပ်သင့်တယ်လို့ ယူဆပါတယ်။”

မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန် လုပ်ကြံပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ပြသဖို့  အယ်လ်ဂျာဇီးယား သတင်းဌာနရဲ့ လုပ်ဆောင်ချက်တွေကို ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၇ ရက်နေ့က ကြေညာခဲ့ပါတယ်။

အလားတူ ဒုသမ္မတ ဒေါက်တာ  စိုင်းမောက်ခမ်းကလည်း လူမျိုးစုမျိုးနွယ်တုံးအောင် ကြိုးပမ်းတဲ့ ပုံစံအနေအထားမျိုးဖြစ်အောင် သတင်း ထင်ယောင်ထင်မှား ပုံဖော်ကြိုးစား ရေးသားမှုတွေ ရှိခဲ့ကြောင်း၊ ဒါတွေဟာ အမှန်တရားနဲ့ ဆန့်ကျင်တယ်လို့ ပြီးခဲ့တဲ့ စနေနေ့က ရခိုင်ပြည်နယ်ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

အယ်လ်ဂျားဇီးယား သတင်းဌာနကတော့ ကြည့်ရှုသူတွေက ဒီရုပ်သံမှတ်တမ်းကို ကိုယ်ပိုင်ဆုံးဖြတ်ပါ ဆိုပြီးတော့ အစိုးရ ထုတ်ပြန်ချက်ကို တုံ့ပြန်လိုက်ပါတယ်။

ဒီမှတ်တမ်းအတွက် ရုပ်သံကို ရိုက်ကူးတဲ့ ဖီလ်းရီလ်းကလည်း ရုပ်သံအတွက် ခိုင်လုံတဲ့ အထောက်အထားတွေကို စုစည်းနိုင်ခဲ့တယ်လို့ သတင်းဌာနရဲ့ ကြေညာချက်မှာ ဆိုပါတယ်။ ဒါပေမယ့် ရုပ်သံမှတ်တမ်းထဲမှာတော့  တချို့ပြောဆိုတဲ့ အချက်အလက်တွေဟာ အတည်မပြုနိုင်တဲ့အကြောင်း ထည့်သွင်းပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013