DVB Logo
Home
မေးမြန်းခန်း
အများလက်ခံယုံကြည်အောင် ဆောင်ရွက်ဖို့က အဓိက စိန်ခေါ်မှုဖြစ်တယ်
DVB
·
December 10, 2012
အများလက်ခံယုံကြည်အောင် ဆောင်ရွက်ဖို့က အဓိက စိန်ခေါ်မှုဖြစ်တယ်
Donate to DVB

ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေကို နိုင်ငံတ၀န်းမှာ ကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်း အအောင်မြင်ဆုံးနဲ့ အထိရောက်ဆုံး ဆောင်ရွက်ချက် ၁ ခုကို ပြောပါဆိုရင်  ဘာကို ထောက်ပြပြီး ပြောချင်ပါသလဲ။

[caption id="attachment_28814" align="alignleft" width="300" caption="မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်"][/caption]

“ကျနော်တို့ အာဆီယံလူ့အခွင့်အရေးဖိုရမ်မှာ အဖွဲ့ဝင်အဖြစ် ၀င်ခွင့်ရအောင် ကြိုးစားနိုင်ခဲ့တယ်။ နောက် Asian Pacific Human Rights Institution ဖိုရမ်ကိုလည်း ၀င်ခွင့်ရအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။”

ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာ ဒီနှစ်အတွင်း ထူးခြားတဲ့ အောင်မြင်မှုလို့ ပြောရမှာပေါ့နော်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုကနေ မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်ဖို့ ဘယ်လိုအထောက်အကူဖြစ်စေနိုင်လဲ။

“လူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်တဲ့အခါမှာ ပြည်တွင်းမှာလည်းပဲ ပူးပေါင်းဆောင်ရွက်ရမယ့် အဖွဲ့အစည်းတွေ၊ ထိုနည်းတူ ဒေသတွင်းမှာလည်း ပူးပေါင်းဆောင်ရွက်ရမယ့် အဖွဲ့တွေ။ အဲတော့ လူ့အခွင့်အရေးကတော့ တဖွဲ့တည်း တယောက်တည်း ဆောင်ရွက်လို့ရတဲ့ ကိစ္စမဟုတ်ဘူးဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှသာလျှင် ကျယ်ပြန့်တဲ့ လူ့အခွင့်အရေးမြှင့်တင် ကာကွယ်ဖို့ ဆောင်ရွက်နိုင်မယ်။ ပြည်တွင်းမှာလည်းပဲ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ တခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နိုင်ဖို့ မျှော်မှန်းပါတယ်။”

ကော်မရှင်ကြေညာချက်ထဲမှာလည်း ပါတယ်။ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ နောက်ဆို ကျင်းပဖို့ ရှိတယ်။  ဒီဆွေးနွေးပွဲတွေက လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးနဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေ၊ ကာကွယ်ရေးနဲ့ဆိုင်တဲ့ ၀န်ကြီးဌာနတွေပါ အကျိုးဖြစ်စေမယ်လို့ ဆိုထားတယ်လေ။ ဘယ်လိုအကျိုးရှိစေမှာလဲဆိုတာ ရှင်းပြပေးလို့ ရမလား။

“လူ့အခွင့်အရေးဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြည်တွင်းအနေနဲ့ဆို သက်ဆိုင်ရာ အစိုးရဌာနတွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဖြစ်တဲ့ ဖြစ်စဉ်တွေကို အများစု ပြည်သူလူထုက အာရုံစိုက်မိတယ်လို့ ယူဆတယ်။ အာရုံစိုက်တဲ့အခါ တရားဥပဒေစိုးမိုးရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေက အများဆုံး အာရုံစိုက်ခံရတာဖြစ်တယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက ယခင်ကလည်းပဲ သူတို့ရဲ့ Capacity Building ခေါ်တဲ့ အရည်အသွေးမြင့်မားရေး ဆောင်ရွက်ခဲ့ကြတယ်။ တဆက်တည်းပဲ ကျနော်တို့ လူ့အခွင့်အရေးကော်မရှင်ကလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ ပိုမြင့်မားလာအောင် ဆောင်ရွက်ခြင်းအားဖြင့် လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲမှုများ၊ ကျူးလွန်မှုများကို ကာကွယ်တားဆီးနိုင်မယ်လို့ မျှော်မှန်းပါတယ်။”

ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်တယ်ပေါ့။ လက်ရှိအခြေအနေမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေလို့လား။

“လက်ရှိ အခြေအနေကတော့ ကျနော်တို့ဖွဲ့စည်းတာလည်း ၁ နှစ်ကျော်ကျော်ပဲရှိသေးတော့ အနည်းငယ်တော့ အားနည်းပါတယ်။ ကျနော်တို့ ၂ ပိုင်းကတော့ အားမြှင့်ရမယ်။ ကျနော်တို့ဘာသာ အားကောင်းလာအောင် more independence ဖြစ်အောင် ကြိုးပမ်းရမယ်။ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့လည်း လက်ချင်းချိတ်ဆက်ပြီး ဆောင်ရွက်ရမယ်၊ ဒါမှပိုပြီး ကောင်းမွန်လာမယ်လို့ ယူဆပါတယ်။”

တိုင်းရင်းသားဒေသတွေမှာ အစိုးရဌာန အထူးသဖြင့် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အခုအချိန်ထိ ရှိတုန်းပဲလို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အစဉ်ထောက်ပြနေတာပေါ့။ မြန်မာစစ်တပ်ဟာ နောင်တချိန်မှာ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ စစ်တပ်ဖြစ်အောင်လို့ ကော်မရှင်အနေနဲ့ ဘယ်လို ပံ့ပိုးကူညီဆောင်ရွက်သွားဖို့ ရှိပါလဲ။

“လောလောဆယ်တော့ တပ်မတော်အတွက်ရယ်လို့ မျှော်မှန်းတာတော့ မရှိပါဘူး။ ကျနော်တို့လုပ်မယ့် RWI လို့ခေါ်တဲ့ ဆွီဒင်က Institute တခုနဲ့ ပူးပေါင်းလုပ်မယ့်ဟာ ရှိပါတယ်။ နောက်ပိုင်းတော့ OHCHR ဒေသတွင်းလူ့အခွင့်အရေးကော်မရှင်မင်းကြီးရုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်။ အဲအခါ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်းပဲ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းစဉ်တွေမှာ အတူလက်တွဲပါဝင်လာအောင် ကြိုးပမ်းသွားဖို့ ရှိပါတယ်။”

နောက် အခြေခံပညာကျောင်းတွေမှာ လူ့အခွင့်အရေးဘာသာရပ်တွေ သင်ကြားပေးနေတာရှိတယ်လို့ သိရတယ်။ ဒီလိုသင်ကြားတော့ ထိရောက်မှု အတိုင်းအတာ ဘယ်လောက်ရှိတယ်လို့ မြင်တွေ့ရလဲ။ ကလေးတွေ၊ ဆရာတွေကြားထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပိုနားလည်လာတယ်လို့ မြင်ရလား။ သင်ကြားမှုတွေက ဘယ်လောက် အတိုင်းအတာအထိ ထိရောက်မှုရှိတယ်လို့ တွေ့ရပါလဲ။

“လူ့အခွင့်အရေးပညာပေးက အခြေခံပညာထဲမှာ လူ့အခွင့်အလမ်းလို့ သုံးပြီး သင်ရိုးတန်းညွှန်းတမ်းမှာ ထည့်တာ ကြာပါပြီ။ စာမေးပွဲစစ်တဲ့ ဘာသာရပ်မဟုတ်ဘဲ အသိပညာပေး ဘာသာရပ်ဖြစ်ပါတယ်။ အမှန်ပြောရရင် စာမေးပွဲစစ်မှသာ သေချာလုပ်တဲ့ သဘာဝလေးက ရှိတော့ စာမေးပွဲမစစ်တဲ့ ဘာသာအပေါ်မှာတော့ အနည်းငယ်ပျော့ပျောင်းတဲ့ အာရုံစိုက်မှုဖြစ်တာကိုတော့ ယေဘုယျ သတိပြုမိပါတယ်။ ဘယ်လောက်ထိရောက်မှုရှိလဲ ဆိုတာတော့ လေ့လာဆန်းစစ်ဖို့ မဆောင်ရွက်ရသေးပါဘူး။”

နောက်ရော လူ့အခွင့်အရေးဘာသာရယ်လို့ နာမည် ဘယ်တော့ တပ်နိုင်မလဲ။

“ကြိုးစားနေဆဲဗျ။ ပြီးခဲ့တဲ့ကာလအတွင်း လူ့အခွင့်အလမ်းလို့ နားယဉ်အောင် သုံးထားတာလေ။ နောက်ပိုင်း လူ့အခွင့်အရေးဆိုတဲ့ ပိုပြီးတိကျတဲ့ပေါ်လွင်တဲ့ အသုံးအနှုန်းသုံးနိုင်ဖို့ မျှော်မှန်းရမှာပါ။”

ပြီးခဲ့တဲ့ စက်တင်ဘာကနေ အခုအချိန် ၁ နှစ်ကျော်အတွင်းမှာ လူ့အခွင့်အရေးဖောက်ဖျက်မှု တိုင်တန်းချက် ၃၀၀၀ ကျော်လောက်တောင် ရတယ်လို့ ကြေညာချက်ထဲမှာ ပါတယ်လေ။ အများစုက ဘယ်လို အမျိုးအစားတွေပါလဲ။

“မြေယာတွေပေါ့။ မြေယာကို ရောင်းချ၊ ပေါင်နှံတာ၊ အစိုးရဌာနတွေက သိမ်းဆည်းတာ၊ ကုမ္ပဏီနဲ့ တပ်မတော်က သိမ်းဆည်းတာ ဒါတွေက အများဆုံးပေါ့။ နောက် ကာယကံရှင်အချင်းချင်း၊ ရွာမှာဖြစ်တဲ့ ပြဿနာ ဒါတွေကအများဆုံးပါပဲ။”

တိုင်တန်းချက်ထဲမှာ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုက ဘာလို့ပြောလို့ရပါလဲ။

“အဆိုးရွားဆုံးအနေနဲ့တော့ အလွန်ဆိုးရွားတာတော့ သိပ်မတွေ့ပါဘူး။ ကချင်ပြည်နယ်မှာ တိုင်တာတော့ ရှိတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတော့ မှန်ပါတယ်၊ အဆိုးဝါးဆုံးလို့တော့ ပြောလို့မရပါဘူး။”

အခုဖြစ်နေတဲ့ ရခိုင်အရေးအခင်းနဲ့ လက်ပန်းတောင်း အရေးအခင်းနဲ့ ပတ်သက်လို့ရော လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘယ်လိုသုံးသပ်လဲ။

“ရခိုင်အရေးအခင်းကတော့ အလွန်အရေးကြီးတယ်လို့ မြင်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်လို့ အလွန်အရေးကြီးတယ်။ ဘာသာရေး ၂ ခု၊ လူမျိုးစု ၂ ခု ဟန်ချက်ညီဖို့ အလွန်အရေးကြီးတယ်လို့ မြင်ပါတယ်။ လက်ပန်းတောင်း အရေးကတော့ ရေရှည်စိတ်ရှည်လက်ရှည်နဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ချက်တွေနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ ပြည်သူရော၊ အစိုးရရော၊ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေရော ဘယ်သူ ဘယ်သူ့မှ မထိခိုက်ဘဲ အဖြေတခု ထုတ်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့တော့ ခန့်မှန်းတာပါပဲ။ အခု ကော်မရှင်ဖွဲ့လုပ်နေတယ်ဆိုတော့ ကျနော်တို့ကတော့ ကြိုတင်ဟောကိန်း မထုတ်လိုပါဘူး။”

လူ့အခွင့်အရေးချိုးဖောက်မှုရော လက်ပန်းတောင်းတောင်မှာတွေ့ရလား။ ဥပမာ သံဃာတော်တွေ ထိခိုက်ဒဏ်ရာရမှု အဖြစ်အပျက်တခုတည်းအတွက်ကိုရော၊ သံဃာတော်တွေ ထိခိုက်ဒဏ်ရာရမှု အပေါ်မှာရော အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့  ဘယ်လိုသဘောရှိလဲ။

“ထိခိုက်မှုအပေါ်မှာတော့ ကျနော်တို့အနေနဲ့ ဒါဟာ လူ့အခွင့်အရေးထိခိုက်တယ်လို့ ယူဆပါတယ်။ ဘာကြောင့် ဒီလိုဖြစ်သွားလဲဆိုတာတော့ အကြောင်းရင်းသိဖို့ လိုလာပြန်တာပေါ့။ ထိခိုက်ဒဏ်ရာရတာ တော်တော်လေးများသွားတဲ့အတွက် တော်တော်လေး စိတ်မကောင်းစရာဖြစ်ပါတယ်။”

အားလုံးကိုခြုံကြည့်လိုက်ရင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေက တော်တော်လေး တိုးတက်လာလား၊ ဆုတ်ယုတ်လာတယ်လို့ ပြောလို့ရလား။ ဘယ်လိုသုံးသပ်ပါလဲ။

“တိုးတက်လာတယ် ပြောရမှာပေါ့။ သူတို့တိုင်ကြားနိုင်တယ်၊ ဖော်ထုတ်နိုင်တယ်။ ဒါတွေကို ကာကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေရှိလာတယ်။ အဖွဲ့အစည်းတွေအနေနဲ့လည်း ထိုက်သည့်အားလျော်စွာ ဆောင်ရွက်ပေးတယ်ဆိုတော့ တိုးတက်လာတယ်လို့ ရှုမြင်ပါတယ်။”

နောင်နှစ်တွေမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးမှတ်တမ်းတွေ တိုးတက်လာဖို့ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘယ်လို ကန့်သတ်မှုတွေ စိန်ခေါ်မှုတွေ၊ တိုးတက်လာအောင် လုပ်ဖို့ ဘယ်လို အခက်အခဲတွေ ရှိနေပါလဲ။

“ဥပဒေ အတည်ပြုပြီးရင်တော့ ဥပဒေသာ အပ်နှင်းထားတဲ့ အာဏာဆိုရင် ကျနော်တို့ တိတိကျကျ ပိုင်ပိုင်နိုင်နိုင် ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ လိုမယ်။ ဒါမှသာလျှင် ကော်မရှင်ရဲ့ အခန်းကဏ္ဍက ပိုမြင့်မားလာမယ်။ အဲတော့ စိန်ခေါ်မှုက ကော်မရှင်အခန်းကဏ္ဍကို အများပြည်သူအပါအ၀င် အစိုးရဌာနတွေ ယုံကြည်လာအောင် လက်ခံလာအောင် ဆောင်ရွက်ဖို့က အဓိက စိန်ခေါ်မှုလို့ မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013