DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးသမားများနှင့် တိုင်းရင်းသားများ လူ့အခွင့်အရေးနေ့ ဆင်နွှဲ
DVB
·
December 10, 2012
လူ့အခွင့်အရေးသမားများနှင့် တိုင်းရင်းသားများ လူ့အခွင့်အရေးနေ့ ဆင်နွှဲ
Donate to DVB

လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကွန်ရက် (အိပ်ခ်ျအာရ်ဒီပီ) က နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကယားပြည်နယ်မှာ ဒီနေ့ကျင်းပရာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း တက်ရောက်ကြပါတယ်။

လွိုင်ကော်မြို့ ပန်ဂမ်းကျေးရွာမှာ ကျင်းပတဲ့ ဒီပွဲကို ကယန်းပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြပါတယ်။

[caption id="attachment_31246" align="alignleft" width="300" caption="အိပ်ခ်ျအာရ်ဒီပီ ကွန်ရက်ခေါင်းဆောင် ဦးမြင့်အေး"][/caption]

အဓိကဆွေးနွေးချက်နဲ့ ပတ်သက်ပြီး အိပ်ခ်ျအာရ်ဒီပီ ကွန်ရက်ခေါင်းဆောင် ဦးမြင့်အေးက “ကျနော်တို့ကတော့ လူ့အခွင့်အရေးရှုထောင့်ကနေပြီးတော့ တောင်တန်းနဲ့ ပြည်မ တန်းတူညီမျှရေး ဆိုတဲ့အချက်ကို ပီပီပြင်ပြင်တင်ပြခဲ့ပါတယ်။ အဓိကကတော့ တန်းတူညီမျှရေးပေါ့။ အိပ်ခ်ျအာရ်ဒီပီဟာ ဗမာအတွက် အလုပ်လုပ်နေတာမဟုတ်ဘူး။ အဲဒီလိုပဲ ကယား၊ ချင်း၊ ကချင်၊ ကရင် အစရှိတဲ့ တိုင်းရင်းသားတွေအတွက် အလုပ်လုပ်နေတာလည်း မဟုတ်ပါဘူး။ အိပ်ခ်ျအာရ်ဒီပီ အလုပ်လုပ်တာက တန်းတူညီမျှရေးကို အလုပ်လုပ်နေတာပါ။ အဲဒီတော့ တိုင်းရင်းသားလူမျိုးစုတွေဟာ ပြည်မနည်းတူ တန်းတူအခွင့်အရေးရကြဖို့၊ တကယ်လို့ ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်မှာ စဉ်းစားမယ်ဆိုရင်လည်း တန်းတူညီမျှရေးဆိုတဲ့အချက်ကို ထောက်ပြတာပါ” လို့ ပြောပါတယ်။

တက်ရောက်လာတဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြည်ထောင်စုစစ်စစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ် ရှိမှသာ ငြိမ်းချမ်းရေးရနိုင်မယ်ဆိုတဲ့ ၂ ချက်ကို အဓိကထား ရှင်းလင်းဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

လက်ရှိကာလမှာ မြန်မာနိုင်ငံအပြောင်းအလဲတွေအပေါ် နိုင်ငံတကာက အသိအမှတ်ပြုမှု ရှိပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ ရှိနေတုန်းပဲလို့ ဦးမြင့်အေးက ထောက်ပြပါတယ်။

“ပြည်သူတွေဟာ မိမိဆန္ဒမပါဘဲ၊ ညှိနှိုင်းခြင်းမရှိဘဲနဲ့ မိမိပိုင်ပစ္စည်းကို လက်လွတ်ဆုံးရှုံးရတဲ့ လယ်သမားတွေရှိတယ်။ လုပ်အားနဲ့မညီမျှတဲ့ လစာတွေနဲ့ မ၀ရေစာလုပ်နေရတဲ့ အလုပ်သမားပြဿနာတွေ ရှိနေသေးတယ်။ အဲဒီအချိန်မှာ အစိုးရကနေ တိကျတဲ့  ဥပဒေတရပ် ထုတ်ပြန်ထားခြင်းမရှိပါဘူး။ အဲဒီတော့ ဒီဟာတွေက လူ့အခွင့်အရေးချိုးဖောက်မှုရဲ့ တစိတ်တပိုင်းဖြစ်တယ်။ ဒီတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ ရှိနေဆဲပါပဲလို့ ဖြေရမှာပဲ” လို့ ပြောပါတယ်။

လက်ရှိအစိုးရက အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ ဖွဲ့စည်းတာဝန်ပေးထားတဲ့ အပေါ် အဲဒီအဖွဲ့နဲ့ လက်တွဲလုပ်ဆောင်ဖို့ ရှိ၊ မရှိမေးမြန်းရာမှာ - လူ့အခွင့်အရေးအဖွဲ့ဟာ လွတ်လပ်ရမယ်၊ အမှီအခိုကင်းရမယ်ဆိုတဲ့ မူကိုင်စွဲထားပါတယ်လို့ ဖြေဆိုသွားပါတယ်။

အိပ်ခ်ျအာရ်ဒီပီဟာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို  ၇ ကြိမ်မြောက် ကျင်းပခဲ့တာဖြစ်ပြီး သူတို့ဟာ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ မလုပ်ဘဲ နယ်တွေနဲ့ နယ်စပ်တွေကို ရွေးချယ်ကျင်းပနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013