DVB Logo
Home
မြန်မာသတင်း
အမျိုးသားအောင်ပွဲနေ့ ရန်ကုန်နှင့်မန္တလေးတွင် ကျင်းပ
DVB
·
December 8, 2012
Donate to DVB

ဒီဇင်ဘာ ၈ ရက်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက် ၊ ၉၂ နှစ်မြောက် အမျိုးသားနေ့မှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အမျိုးသားနေ့အထိမ်းအမှတ် လှုပ်ရှားမှု တချို့ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အရင်နှစ်တွေလိုပဲ စာရေးဆရာ၊ ကဗျာဆရာတွေက အမျိုးသားနေ့အကြောင်း ဟောပြောခဲ့ကြပါတယ်။ ဒီနှစ်မှာ ထူးခြားတာတခုကတော့ ဂျပန်ရောက်မြန်မာတွေက ပေးအပ်တဲ့ အညတရအကျဉ်းသားဆုကို ပေးအပ်ခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ၁ ဦးလျှင် ငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့တာပါ။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်က အမျိုးသားကျောက်စာတိုင်ရှေ့မှာတော့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအသီးသီးက ကိုယ်စားလှယ်ကျောင်းသား ၄၀ လောက် တက်ရောက် အလေးပြုခဲ့ကြပါတယ်။ ဒါ့အပြင် တက္ကသိုလ်ကျောင်းသားအသီးသီးကို ပေးပို့တဲ့ အမျိုးသားနေ့ သ၀ဏ်လွှာကိုလဲ ဖတ်ကြားခဲ့ကြတယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကိုစည်သူမောင်က ပြောပါတယ်။ သ၀ဏ်လွှာပါ အကြောင်းအရာတွေကိုလည်း သူက ခုလို ပြောပြပါတယ်။

“အဓိကကတော့ ဒီနေ့ဟာ ကိုလိုနီပညာရေးစနစ်ကို သပိတ်မှောက်တဲ့ ပထမဆုံးကျောင်းသားသပိတ်ပေါ်ထွန်းလာတဲ့နေ့ဖြစ်တယ်။ နောက် မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဟာ ကျောင်းသားထုတွေရဲ့လှုပ်ရှားမှုနဲ့ ဆက်စပ်နေသလိုမျိုး လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီအရေးလှုပ်ရှားမှုသမိုင်းမှာလည်း ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို ဒီသ၀ဏ်လွှာမှာ ဖော်ပြထားတယ်။ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီအရေးလှုပ်ရှားတဲ့နေရာမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ပိုမိုကျယ်ပြန့်ခိုင်မာ၊ အားကောင်းခိုင်မာလာစေရေးအတွက် နိုင်ငံအနှံ့က သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှာ သက်ဆိုင်ရာကျောင်းသားသမဂ္ဂတွေပေါ့။ တကသ တွေ ဖွဲ့စည်းထားတယ်။ အခြေခံပညာကျောင်းသားသမဂ္ဂ(အကသ)တွေ ဖွဲ့စည်းထားတယ်။ အဲလိုသမဂ္ဂတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်နိုင်ရေးဟာ လက်ရှိဖော်ဆောင်နေတဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ပိုပြီး ပီပြင်လာစေမယ်လို့ ယုံကြည်တယ်။ ဒါကြောင့် အခုလက်ရှိ ကျောင်းသားကျောင်းသူတွေအကုန်လုံးဟာ ခေတ်အဆက်ဆက်မှာ အမျိုးသားရေးတာဝန်ကျေပွန်ခဲ့ကြတဲ့ နောင်တော် ကျောင်းသားကြီးတွေ နည်းတူ ကျနော်တို့မျိုးဆက်ကလည်း သက်ဆိုင်ရာတက္ကသိုလ်အလိုက် ဖွဲ့စည်းထားတဲ့ ကျောင်းသားသမဂ္ဂတွေကို ၀င်ရောက်ပြီး သမိုင်းအဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်ကို အမြင့်မားဆုံး လွှင့်ထူပြီးတော့ အမျိုးသားပညာရေးမှသည် ဒီမိုကရေစီပညာရေးဆီသို့ ချီတက်ကြပါစို့ ဆိုပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို ပန်ကြားလွှာ ၁ စောင် ထုတ်ပါတယ်။”

ရန်ကုန်မြို့က အမျိုးသားနေ့ အငွေ့အသက်နဲ့ပတ်သက်ပြီး စာနယ်ဇင်းဆရာ ကိုဇော်သက်ထွေးက အခုလို မှတ်ချက်ပေး ပြောပါတယ်။

“အမျိုးသားနေ့နဲ့ ပတ်သက်ပြီး ဒီမှာတော့ အောက်မေ့ကျင်းပတဲ့ပွဲတွေ သိပ်မတွေ့ရဘူး။ အားလုံးက ဘယ်ကိုအာရုံရောက်နေလဲဆိုတော့ လက်ပန်းတောင်းတောင် ဆန္ဒပြမှုတွေ ဘယ်နေရာမှာလုပ်မယ်ဆိုတာတွေကို နားစွင့်ပြီး ကြည့်နေတယ်။ အားလုံးက မုံရွာကြေးနီစီမံကိန်းကိုပဲ အာရုံရောက်ပြီး အမျိုးသားနေ့ဆိုတာကို အာရုံမရောက်ဘူးဖြစ်နေတယ်လို့ ကျနော်ခံစားရတယ်။”

မန္တလေးမြို့က ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာတော့ အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနဲ့ ပဒေသာကပွဲ ကျင်းပခဲ့ပြီး စာရေးဆရာတွေ ဖြစ်ကြတဲ့ ဆူးငှက်၊ ညီစေမင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်တဲ့ ဦးမင်းကိုနိုင်နဲ့ ဦးချစ်ထူးတို့က ဟောပြောခဲ့ကြပါတယ်။

မန္တလေးမြို့ အမျိုးသားနေ့ အခြေအနေကို သတင်းစာဆရာ မင်းထက်ငြိမ်းချမ်းက ခုလို ပြောပြပါတယ်။

“အမျိုးသားနေ့က အစဉ်အလာကြီးတဲ့ နေ့ဆိုတော့ မမေ့မလျော့တော့ လုပ်ကြပါတယ်။ သို့သော်လည်းပဲ အမျိုးသားနေ့က နှစ်ပေါင်း ၉၀ လည်း ကျော်သွားတယ်။ ကိုလိုနီခေတ်က စတင်ခဲ့တာလည်းဖြစ်တော့ ကြီးကြီးကျယ်ကျယ်ကြီးတွေတော့ သိပ်မတွေ့ရပါဘူး။ အခမ်းအနားလေးတွေတော့ ထိုက်သင့်သလောက် ကျင်းပပါတယ်။ အရင်တုန်းကလိုတော့ မြို့လူထုသိလောက်တဲ့ အခမ်းအနားကြီးတွေတော့ နည်းသွားတယ်ပေါ့လေ။ နောက်ပြီး လက်ရှိက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ သံဃာများကလည်း ဆန္ဒဖော်ထုတ်နေတာနဲ့ တိုက်ဆိုင်နေတာ့ ဒီဘက်မှာအာရုံနည်းနည်း နည်းသွားတာပေါ့လေ။ အစိုးရဘက်ကတော့ သိပ် ကျယ်ကျယ်ပြန့်ပြန့်လုပ်တာ မတွေ့ရဘူး။ မန္တလေးနဲ့ အနီးအနားတ၀ိုက်မှာတော့ သက်ဆိုင်ရာ ပါတီရုံးခန်းတွေမှာ၊ လူမှုရေးအသင်းအဖွဲ့တွေမှာ၊ အရင်တုန်းက အစဉ်အလာရှိတဲ့နေရာတွေမှာတော့ လုပ်ဖြစ်တယ်။ ဘယ်ရွေ့ဘယ်မျှလုပ်ဖြစ်တယ်ဆိုတာတော့ အသေအချာမသိရသေးပါဘူး။”
နယ်ချဲ့ အင်္ဂလိပ် အစိုးရကို ထိထိရောက်ရောက် တော်လှန်ခဲ့တဲ့ ၁၉၂၀ ပြည့်၊ ရန်ကုန် တက္ကသိုလ် အက်ဥပဒေ ကို ကျောင်းသားများ သပိတ်မှောက်ခဲ့တဲ့  တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013