DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်း အကြမ်းဖက်ဖြိုခွင်းမှု မန္တလေး-ရန်ကုန်-မုံရွာတွင် ဆန္ဒပြ
DVB
·
December 8, 2012
လက်ပန်းတောင်း အကြမ်းဖက်ဖြိုခွင်းမှု မန္တလေး-ရန်ကုန်-မုံရွာတွင် ဆန္ဒပြ
Donate to DVB

လက်ပန်းတောင်းတောင်သပိတ်စခန်းတွေ ဖြိုခွင်းခဲ့ရာမှာ ဒဏ်ရာရရှိခဲ့ကြတဲ့ သံဃာတော်တွေ အရေးနဲ့ ပတ်သက်ပြီး ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့တို့မှာ သံဃာတော်တွေ ဦးဆောင်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_34123" align="alignleft" width="300" caption="မန္တလေးသံဃာများ ဆန္ဒပြ"][/caption]

မန္တလေးမြို့မှာ သံဃာအပါး ၅၀၀ လောက်နဲ့ လူပုဂ္ဂိုလ် ၃၀၀ လောက်တို့ဟာ ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့ အိမ်တော်ရာဘုရားကနေ သကျသီဟဘုရားအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး အချက် ၃ ချက် တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဘ၀အလင်းကျောင်းတိုက်ဆရာတော် ဦးဥတ္တမက သူတို့တောင်းဆိုချက်တွေကို အခုလို မိန့်ပါတယ်။

“နံပါတ် ၁က နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရ သံဃာတော်များအား လာရောက် ၀န်ချတောင်းပန်ရန်။ နံပါတ် ၂ က အကြမ်းဖက်မှုတွင် တာဝန်ရှိသောပုဂ္ဂိုလ်များအား အရေးယူပေးရန်။ နံပါတ် ၃ က ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန်။”

ဒီတောင်းဆိုချက်တွေကို ဒီဇင်ဘာ ၁၂ ရက် နောက်ဆုံးထား ဆောင်ရွက်ပေးဖို့နဲ့ ဆောင်ရွက်မပေးရင် ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သံဃာတော်တွေ သပိတ်မှောက် ဆန္ဒပြသွားမယ်လို့ လဲ မိန့်ပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့မှာ အစိုးရက နိုင်ငံတော်သံဃမဟာနာယက ဆရာတော်တွေကို ဖိတ်ကြားပြီး လက်ပန်းတောင်းအရေး လျှောက်ထား တောင်းပန်ခဲ့တဲ့အပေါ် မေးမြန်းရာမှာ “ဦးဇင်းတို့ တောင်းဆိုတာက နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရ သံဃာတော်များအား လာရောက် ၀န်ချတောင်းပန်ရန်။ အခုသူတို့တောင်းပန်တာက သာသနာရေးဝန်ကြီးကလာပြီးတော့ သံဃမဟာနာယက ဆရာတော်ကြီးတွေကို လာကန်တော့သွားတာလေ။ ခံရတဲ့သူကလည်း မဆိုင်တဲ့သူ၊ တောင်းပန်ခံရတဲ့သူကလည်း မဆိုင်တဲ့သူ အဲလိုဖြစ်နေတယ်” လို့ မိန့်ပါတယ်။

ဒါ့အပြင် လက်ပန်းတောင်းအရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က စုံစမ်းစစ်ဆေးနေတဲ့အပေါ် စောင့်ဆိုင်းဖို့ ရှိ မရှိ ဆိုတာနဲ့ပတ်သက်ပြီး အခုလို မိန့်ပါတယ်။

“ဒီဇင်ဘာ ၇ ရက်နေ့က စုံစမ်းစစ်ဆေးရေးကော်မရှင်က မန္တလေးဆေးရုံကြီးကိုလာပြီး သံဃာ ၂ ပါးနဲ့ လူ ၁ ယောက်ကို မေးသွားတယ်။ ကျန်တဲ့ သံဃာတွေကိုတော့ တပည့်တော်တို့က စုံစမ်းစစ်ဆေးရေးကော်မရှင်ကပါဘုရားဆိုတာပဲ ပြောပြီး ပြန်သွားတာ။ ကျန်တဲ့သံဃာတွေကို ဘာမှမမေးဘူး။ ပထမ ၁ ပါးကို ဆေးဝါးကုသမှုနဲ့ပတ်သက်ပြီး ကျေနပ်မှုရှိ မရှိ မေးတယ်။ ဒုတိယ ၁ ပါးကို တော့ ဟိုမှာ ဖြစ်ပျက်ခဲ့တာတွေကို မေးတယ်။ လူကိုကျတော့ ဒေသခံတွေရဲ့ သဘာဝပတ်ဝန်းကျင်မှုနဲ့ ပတ်သက်ပြီး ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာမေးတယ်။ ဒီလိုမျိုးလောက်ကတော့ ဦးဇင်းတို့က ပြည့်စုံတယ် မယူဆဘူးလေ။ ဒီမှာ အပါး ၃၀ လောက်ရှိတာပဲ၊ တပါးလောက်ပဲ ရွေးမေးသွားတာတော့ အဆင်မပြေဘူး။”

အလားတူ မုံရွာမြို့မှာလည်း သံဃာအပါး ၆၀၀ လောက်ဟာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဖမ်းဆီထားသူတွေ ပြန်လွှတ်ပေးဖို့၊ ပြည်ထောင်စုအဆင့် ၀န်ချတောင်းပန်ဖို့ အပါအ၀င် အချက် ၅ ချက် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာတော့ သံဃာတော်အပါး ၃၀ လောက်နဲ့ လူပုဂ္ဂိုလ် ၅၀ လောက် ဗဟန်းကြေးသွန်းဘုရားကြီးရှေ့ကနေ မြို့တော်ခန်းမရှေ့ အရောက် ချီတက်ဆန္ဒပြခဲ့ကြပြီး ကြေညာချက်တရပ် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

ရန်ကုန်မြို့က သံဃာတော်တွေရဲ့ သဘောထားကြေညာချက်ကိုတော့ သတင်းလိုက်ယူခဲ့တဲ့ ဒီဗွီဘီ သတင်းထောက် ကိုညီငယ်က ခုလို ပြောပြပါတယ်။

“ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ သံဃာထုတရပ်လုံး၏ သဘောထား ကြေညာချက်__အကြမ်းဖက်ခံ သံဃာထုတရပ်လုံးအတွက် သံဃာထုတရပ်လုံးကျေနပ်စေရန် နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်ပလင်းမြင်သာစွာ ၀န်ချတောင်းပန်ပေးရေး။ နံပါတ် ၂ အကြမ်းဖက်ခံသံဃာထုနှင့် ပြည်သူလူထုအတွက် နိုင်ငံတော်ဖခင်ကောင်းတယောက်အနေဖြင့် မှန်မှန်ကန်ကန် တာဝန်ယူပေးရေး။ နံပါတ် ၃ အကြမ်းဖက်ခံသံဃာထုအတွက် ဖခင်ကောင်းအနေဖြင့် နိုင်ငံတော် မဟန ဆရာတော်ကြီးများနှင့် တာဝန်ရှိသော သာသနာရေးဝန်ကြီး၊ သာသနာတော်ဆိုင်ရာ ၀န်ကြီးများမှ တာဝန်ယူပေးရေး။ နံပါတ် ၄ လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ ရဟန်းရှင်လူများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး။ နံပါတ် ၅ ငြိမ်းချမ်းစွာဆန္ဒပြသော ရဟန်းရှင်လူတို့အား အကြမ်းဖက်နှိမ်နင်းဖြိုခွင်းသော တာဝန်ရှိပုဂ္ဂိုလ်အားလုံးကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေး။”

အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေးနဲ့ မြို့တချို့မှာ လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုမှာ ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေ အရေးနဲ့ ပတ်သက်ပြီး ဆက်တိုက်လိုလို ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အစပိုင်းမှာ တားဆီးတာတွေ ပြုလုပ်ခဲ့ကြပေမယ့် ဒီရက်ပိုင်းမှာတော့ စောင့်ကြည့်တာမျိုးပဲရှိပြီး နှောင့်ယှက်တားဆီးတာ ဖမ်းဆီးအရေးယူတာ မတွေ့ရဘူးလို့ သတင်းလိုက်ယူနေကြတဲ့  ဒီဗွီဘီသတင်းထောက်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013