DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ထဲ စစ်တပ်ကလယ်သိမ်းထားမှုများ လွှတ်တော်ကော်မရှင် စစ်ဆေး
DVB
·
December 7, 2012
Donate to DVB

လွှတ်တော် လယ်ယာမြေပြဿနာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲ စစ်တပ်နဲ့ ထောက်လှမ်းရေးတို့ သိမ်းယူထားတဲ့ လယ်မြေတွေကို ဒီနေ့ သွားရောက်စစ်ဆေးကြပါတယ်။

ရခိုင်ပြည်နယ်ထဲ လယ်ယာမြေသိမ်းဆည်းတဲ့ ပြဿနာတွေကို စုံစမ်းမေးမြန်းနေတဲ့ စုံစမ်းရေးအဖွဲ့ဟာ ကျောက်ဖြူနဲ့ ဓည၀တီရေတပ်စခန်း နယ်မြေတို့မှာ သွားရောက် စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့သွားရောက် စစ်ဆေးခဲ့ပုံကို စုံစမ်းရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ခုလို ပြောပါတယ်။

“တပ်ပိုင်မြေ ၅၄၂ ဧက သိမ်းထားတာရှိတယ်။ ဓည၀တီရေတပ်စခန်းက သိမ်းထားတာရှိတယ်။ ထောက်လှမ်းရေး အမှတ်  ၁၀ က သိမ်းထားတာရှိတယ်။ နောက် ရွှေစီးပွားကုမ္ပဏီဆိုတာ ရှိတယ်။ သူတို့ သိမ်းထားတာတွေ။ ထောက်လှမ်းရေးသိမ်းထားတာတော့ ဗိုလ်ကြီး နိုင်ဌေးဆိုတဲ့သူက ဒေါ်ခင်ခင်ညွန့်ဆီက သူတို့ခေတ်က ခြိမ်းခြောက်ပြီး အတင်း သိမ်းထားတာပေါ့။ အဲမြေကွက်ကို ကျနော်တို့ သွားကြည့်တဲ့အခါ ထောက်လှမ်းရေး အမှတ် ၁၀ ပိုင်ဆိုင်မှုအနေနဲ့ ဦးပိုင်ဖောက်ထားတာရှိတယ်။ ဒါတွေကို စစ်ဆေးချက်အနေနဲ့ လွှတ်တော်ကို သွားတင်ပြရမှာဖြစ်တယ်။”

တပ်မတော်ထောက်လှမ်းရေးက သိမ်းထားတဲ့ မြေဟာ ကျောက်ဖြူမြို့ပေါ်မှာဖြစ်ပြီး ဧက၀က်လောက်ရှိတဲ့ လူနေအိမ်နဲ့ ခြံဝင်းဖြစ်တယ်လို့လည်း ပြောပါတယ်။

ဓည၀တီရေတပ်စခန်းက သိမ်းထားတဲ့ လယ်မြေတွေအကြောင်းကိုလည်း ဦးဖေသန်းက ခုလို ပြောပါတယ်။

“ဓည၀တီရေတပ်စခန်းမှာ လယ်စပါးဧက ၁၀၀ ကျော်ပါတယ်။ သူတို့က ပြည်ထဲရေးဝန်ကြီးရဲ့ လယ်သိမ်းအမိန့်သိမ်းထားတာ။ ဒါပေမယ့် လယ်သမားတွေက လုပ်စားစရာမရှိဖြစ်နေတယ်။  တပ်ရဲ့နယ်မြေဧရိယာထဲဝင်နေတယ်။ ပထမတော့ လယ်သမားတွေကို ၁ ဧကကို ၁၃ တင်းနှုန်းနဲ့ ပြန် သီးစားချထားတယ်။ နောက် လွှတ်တော်မှာ ဒါတွေ ဆွေးနွေးတယ်၊ တပ်ကလည်း သီးစားချထားခွင့်မပေးတော့ဘူးဆိုတော့ လယ်သမားတွေက သီးစားလည်းမလုပ်ရတော့ လွှတ်တော်ကို တိုင်တာပါ။ ဒါကြောင့် သွားစစ်ဆေးတာပါ။”

အဖွဲ့ဝင် ၄ ဦးပါ စုံစမ်းရေးအဖွဲ့မှာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးစောရွှေက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း၊ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်၊ ရခိုင်ပြည်နယ် အမှတ် ၆ နယ်မြေ အမျိုးသားလွှတ်တော်အမတ် ဦးအုန်းတင်တို့က အဖွဲ့ဝင်တွေ အဖြစ် ပါဝင်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ရာမှာ နယ်မြေခံစစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းတွေက လိုလို လားလား ၀ိုင်းဝန်းကူညီကြတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

လယ်ယာမြေစစ်ဆေးရေးအဖွဲ့ဟာ လွှတ်တော်ရပ်နားချိန်အတွင်း ကျောက်ဖြူမြို့နယ်မှာ လယ်သိမ်းမှု ၇ မှု စုံစမ်းစစ်ဆေးပြီး  ဖြစ်ပါတယ်။

လွှတ်တော်လယ်ယာမြေပြဿနာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ အဖွဲ့ ၉ ဖွဲ့ပြီး တနိုင်ငံလုံးမှာရှိတဲ့ လယ်သိမ်း အမှုပေါင်း ၁၀၀၀ ကျော်ကို စုံစမ်းဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။

“တနိုင်ငံလုံး အမှုပေါင်း ထောင်ကျော်ရှိပါတယ်။ တချိန်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေက ဌာနဆိုင်ရာတွေကို လွှမ်းမိုးတာပေါ့ အထူးသဖြင့် စစ်တပ်ပေါ့။ စစ်တပ်က အာဏာပိုင်တွေနဲ့ လုပ်ထုံးလုပ်နည်းကျတာတွေရော မကျတာတွေရော လုပ်တာပေါ့။ လုပ်ထုံးလုပ်နည်းကျတယ်ဆိုတဲ့ အပိုင်းမှာလည်း သူတို့လိုချင်တဲ့ ထောက်ခံစာတွေကို ယူပြီးတော့ ဦးပိုင်ဖောက်တာ၊ မြေသိမ်းတာတို့ လုပ်ကြတယ်။ တပ်တွေဆိုရင်လည်း လိုတဲ့ မြေဧရိယာထက်ပိုပြီး သိမ်းကြတယ်။ လုပ်ငန်းရှင်တွေဆိုရင်လည်း သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့ ပေါင်းပြီးတော့ အမှု ၁ မှုမှာဆို ၃ ရက်အတွင်း အပြီးလုပ်ရမယ်ဆိုပြီး မြေစာရင်းကိုညွှန်ကြားလို့၊ ဗိုလ်ကြီးကညွှန်ကြားလို့ လုပ်ပေးရတာတမျိုး၊ ၀န်ကြီးဌာန ၀န်ကြီးကတော်ကပါလို့ လုပ်ပေးရတာမျိုးတွေ အများကြီး။ ဒါပေမယ့် ဒီကနေ့ ပွင့်လင်းမြင်သာလာတဲ့အချိန်မှာ လွှတ်တော်လည်း ရှိလာတဲ့အချိန်မှာတော့ ဒါတွေကို လွှတ်တော်က တာဝန်ခံစစ်နေပါပြီ။”

စစ်ဆေးတွေ့ရှိချက်တွေကို စုံစမ်းရေးဗဟိုကော်မရှင်ထံတင်ပြပြီး ကော်မရှင်ကတဆင့် ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ အစိုးရအဖွဲ့ကို ဆက်လက်ပေးပို့မှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ထံ တင်ပြတဲ့အခါ အစိုးရပိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပုံကိုလည်း ဦးဖေသန်းက ခုလို ပြောပါတယ်။

“လွှတ်တော်ရဲ့ စစ်ဆေးချက်တွေကို အသိအမှတ်မပြုဘဲ ဌာနဆိုင်ရာတွေကို ပြန်စစ်ကွာ. ဆိုပြီး တိုင်းနဲ့ပြည်နယ်ကို ချပေးရင်တော့ ဂျာအေးသူ့အမေရိုက်သလို ဘာမှ ထူးလာမှာမဟုတ်ဘူး။ အဲအပေါ်မှာ ကျနော်တို့က အစိုးရအဖွဲ့တွေနဲ့ ကော်မရှင်လုပ်ရပ်အပေါ်မှာ ဘယ်လောက် ယုံကြည်မလဲ၊ အသိအမှတ်ပြုမလဲ။ ပြည်သူတွေ ဒုက္ခခံနေရတာကို ဘယ်လောက် စိတ်ဝင်စားမလဲ ဆိုတာပေါ်မှာ အမှုတွေက အဆုံးအဖြတ်ပေးပါလိမ့်မယ်။ မဟုတ်ရင်တော့ ဘာကော်မရှင်ပဲလုပ်လုပ် အထူးကော်မရှင်ပဲလုပ်လပ် ဘာမှ ဖြစ်မှာမဟုတ်ဘူး။”
သူတို့အဖွဲ့ဟာ နောက်နေ့မှာ သံတွဲနဲ့ ဂွမြို့နယ်တို့က လယ်သိမ်းမှု  ၇ မှုကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013