DVB Logo
Home
မြန်မာသတင်း
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘိဆစ် နယ်စပ်မြန်မာကျောင်းများကို လေ့လာ
DVB
·
December 6, 2012
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘိဆစ် နယ်စပ်မြန်မာကျောင်းများကို လေ့လာ
Donate to DVB

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘိဆစ်ဝေ့ချာချီဝဟာ ဒီနေ့မနက်ပိုင်းက ထိုင်း - မြန်မာ နယ်စပ် တာ့ခရိုင်အတွင်းမှာရှိတဲ့ မြန်မာစာသင်ကျောင်းနဲ့ မိဘမဲ့ကျောင်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း အဘိဆစ်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ စုစုပေါင်း အဖွဲ့ဝင် ၂၀ ကျော်ဟာ မဲဆောက်မြို့က  မြန်မာတိုင်းရင်းသား လူငယ်တွေတက်ရောက်ရာ စာသင်ကျောင်းနဲ့ မိဘမဲ့ကျောင်းတွေကို လာရောက်လေ့လာခဲ့တယ်လို့ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (Social Action for Women )  အုပ်ချုပ်ရေးမှူး ဒေါ်အေးမာက ပြောပါတယ်။

[caption id="attachment_34064" align="alignleft" width="300" caption="(ဓာတ်ပုံ- Abhisit Vejjajiva ဖေ့ဘွတ်စာမျက်နှာ)"][/caption]

“ကျမတို့ဆီက မိဘမဲ့ကလေးတွေကို လာရောက် ကြည့်ရှုတာဖြစ်ပါတယ်။ ဒီကလေးတွေဟာ ထိုင်းဆေးရုံကြီးနဲ့ မယ်တော်ဆေးခန်းက ပေးတဲ့ ကလေးတွေ၊ မိဘမဲ့တွေဖြစ်တယ်။ ဒီကလေးတွေကို ကျမတို့ ပြုစုစောင့်ရှောက်လာတာ ၁၂ နှစ်ကျော်သွားပြီ။ Stars Flower Center ဆိုတာက မသန်စွမ်းကလေးတွေကို မြန်မာ၊ တိုင်းရင်းသားကလေးတွေကို သင်ကြားပေးနေတဲ့ ကျောင်းရယ်၊ ဆာသူးလေ ကရင်ကျောင်းရယ်နဲ့ စောက Safe House မိဘမဲ့ဂေဟာတွေကို သူသွားတယ်။”

ဝန်ကြီးချုပ်ဟောင်းဟာ မကြာခင် အင်္ဂလန်နိုင်ငံမှာပြုလုပ်မယ့်  The Children Trust  အဖွဲ့အစည်းရဲ့ နှစ် ၃၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ရှိပြီး အဲဒီအခမ်းအနားကို မတက်ရောက်ခင် ထိုင်းနယ်စပ်က ကလေးတွေရဲ့ ပညာရေးအခြေအနေတွေ လာလေ့လာမယ့်အကြောင်း သူတို့အဖွဲ့တွေဆီကို လွန်ခဲ့တဲ့ ၁ ပတ်ကတည်းက ကြိုတင် အကြောင်းကြားခဲ့တယ်လို့ ဒေါ်အေးမာက ဆက်ပြောပါတယ်။

The Children Trust   အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်က ကျောင်းတွေကို ထောက်ပံ့ပေးနေတဲ့ အလှူရှင်အဖွဲ့တွေထဲမှာ တခုဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်း - မြန်မာ နယ်စပ်မှာ ကျောင်းပေါင်း ၈၀ ကျော်ရှိပြီး အဲဒီမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားကလေးတွေ ၁ သောင်းခွဲလောက် ၀င်ရောက် ပညာသင်ကြားနေကြောင်း၊ ဒါပေမယ့် မိဘက အမြဲရွှေ့ပြောင်းနေရတာအပြင် အခြားအခက်အခဲတွေကြောင့် ပညာမသင်နိုင်တဲ့ ကလေးတွေ ၁ သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။

ရှေ့လျှောက် မြန်မာရွှေ့ပြောင်းကလေးငယ်တွေ မွေးစာရင်း အထောက်အထားတွေ အဆင်ပြေအောင် တိုက်တွန်းပေးနိုင်ဖို့နဲ့ ပညာရေးအခွင့်အရေး၊ ကလေးအခွင့်အရေးတွေ ပိုမိုကောင်းမွန်အောင် သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ကြောင်း ၀န်ကြီးချုပ်ဟောင်းကို ပြောပြခဲ့တယ် လို့ ဒေါ်အေးအေးမာက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013