အမေရိကန်၊ ယူကရိန်း ၃ ပွင့်ဆိုင် ဆွေးနွေးပွဲဟာ ရုရှား၊ ယူကရိန်းနဲ့ ဥရောပတို့ရဲ့ လုံခြုံရေး သေချာစေဖို့ အဓိကဆွေးနွေးမှာ ဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
အောက်တိုဘာ ၂၂ ရက်က ရုရှားနိုင်ငံပိုင်ရုပ်သံနဲ့ အင်တာဗျူးမှာ ပူတင်က အခုလို ပြောခဲ့တာပါ။
ယာယီအပစ်အခတ်ရပ်စဲမှုတွေအစား နောက်ဆုံး ငြိမ်းချမ်းရေးသဘောတူညီမှု ရပြီးတဲ့နောက် လုံခြုံရေးဆိုင်ရာ အစီအမံတွေ လုပ်ဆောင်ဖို့စတဲ့ အနာဂတ် ဆွေးနွေးမှုတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ထည့်သွင်း ပြောပါတယ်။
အဲဒီထဲမှာ ဥရောပရဲ့ နယ်စပ်လုံခြုံရေးပါ ထည့်သွင်းဆွေးနွေးမှာ ဖြစ်တဲ့အကြောင်းလည်း ပြောပါတယ်။
“ရုရှား၊ ယူကရိန်းနဲ့ ဥရောပတိုက်တို့ရဲ့ လုံခြုံရေးကို ဆွေးနွေးသွားဖို့ လိုအပ်ပါတယ်။ ယေဘူယျအားဖြင့်လည်း ကျနော်သဘောတူပါတယ်။ ဘယ်လို တိုးတက်မှုတွေ ရှိမလဲ ဆိုတာတော့ လာမဲ့နေ့တွေမှာ စောင့်ကြည့်ရမှာပါ” လို့ ပူတင်က ပြောပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အဓိက အာရုံစိုက်မှုက နယ်မြေအငြင်းပွားမှုတွေပဲ ဖြစ်ပါတယ်။
ယူကရိန်းရဲ့ ဒွန်ဘတ်စ်ဒေသအားလုံးကို ရုရှားက သူ့ပိုင်နက်ဖြစ်တယ်လို့ တောင်းဆိုနေပြီး ယူကရိန်းကလည်း ပယ်ချထားပါတယ်။
ယူကရိန်းနယ်မြေဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ မေးမြန်းမှုကို ပူတင်က “ပထမဆုံး ကျနော်ပြောချင်တာက ဒီနယ်မြေတွေက သူတို့ပိုင်တဲ့ နယ်မြေတွေ မဟုတ်ပါဘူး။ သမိုင်းအစဉ်အဆက်ကတည်းက ဒီမြေတွေကို ရုရှားက ပိုင်ခဲ့တာပါ။ ဒီမြေပေါ်မှာနေတဲ့ သူတွေက မဲပေးခဲ့ကြဖူးပါတယ်။ ဒါ့ကြောင့် နယ်မြေဆုံးရှုံးမှုတွေ ရှိတယ်ဆိုတာမျိုးတော့ ကျနော်က မပြောစေချင်ပါဘူး။ ဒီကိစ္စပဲ အငြင်းပွားစရာ ဖြစ်နေတာပါ” လို့ ပူတင်က ဖြေပါတယ်။
ဒါ့အပြင် ပူတင်က ရုရှားနိုင်ငံဟာ ဥရောပကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိပါဘူးလို့လည်း ထပ်မံပြောဆိုခဲ့ပါသေးတယ်။
Source: Reuters











