DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှု အဆိုးဆုံးနိုင်ငံများထဲတွင် မြန်မာပါဝင်
DVB
·
December 6, 2012
အဂတိလိုက်စားမှု အဆိုးဆုံးနိုင်ငံများထဲတွင် မြန်မာပါဝင်
Donate to DVB

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ကြီးကနေ ၂၀၁၂ ခုနှစ် အဂတိလိုက်စားမှုရှိခဲ့တဲ့ နိုင်ငံတွေစာရင်းကို ထုတ်ပြန်ရာမှာ ၁၇၄ နိုင်ငံထဲမှာ မြန်မာနိုင်ငံက ၁၇၂ နေရာမှာ ပါရှိတဲ့အတွက် အဆိုးဆုံး နိုင်ငံတွေစာရင်းမှာ တတိယမြောက် နိုင်ငံ ဖြစ်သွားပါတယ်။

အဂတိတိုက်လိုက်စားမှု အနည်းဆုံး နိုင်ငံက ဥရောပက ဖင်လန်၊ ဒိန်းမတ်နဲ့ ဩစတြေးလျတိုက်က နယူးဇီလန် နိုင်ငံတို့ဖြစ်ပြီး အဆိုးဆုံးကတော့ အာရှတိုက်က မြောက်ကိုရီးယားနဲ့ အာဖဂန်နစ္စတန် တောင်အာဖရိကတိုက်က ဆိုမာလီးယား နိုင်ငံတို့ကို အဆိုးဆုံးအဖြစ် ၂၀၁၂ ခုနှစ်စာရင်းမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်မှာ မကြာသေးခင်ကပဲ လာဘ်ပေးလာဘ်ယူကိစ္စတွေကို တိုင်ကြားရင် စုံစမ်းအရေးယူပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လွှတ်တော်မှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမူကြမ်းကို တင်ပြထားတုန်း ရှိပါသေးတယ်။

အခုလို အဂတိလိုက်စားမှုစာရင်းထဲ အဆိုးဝါးဆုံးနေရာမှာ ပါရှိနေတာနဲ့ ပတ်သက်ပြီး ပြည်တွင်းဂျာနယ်တွေမှာ ဆောင်းပါးတွေရေးနေတဲ့ ဆရာကောင်းဆက်နိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်လို့ ပြည်ထဲရေးတခုတည်းကပဲ ရှင်းနေလို့ ပြီးမလား။ လွှတ်တော်ကလည်း ဥပဒေကြမ်း မရှိသေးဘူးဆိုတော့ အခုထိ အဆိုးဆုံးထဲ ပါနေတုန်းဆိုတော့ ဒီအပေါ်မှာ၊ လာဘ်ပေးလာဘ်ယူမှုအပေါ်မှာ ဘယ်လိုမြင်ပါလဲ။ ဆရာလည်း ဒီအပေါ် စာတွေရေးသားနေတော့ကာ။ ဆရာအမြင်သိပါရစေ။

“လာဘ်ပေးလာဘ်ယူကတော့ ပေးတဲ့လူကိုပါ ပညာပေးရမှာ။ လာဘ်ယူတဲ့ကိစ္စကတော့ တော်တော် အမြစ်တွယ်နေပြီလေ။ ဒါက တကဏ္ဍပေါ့။ ပေးတဲ့လူမရှိရင် ယူလို့လည်း မရတော့ဘူး။ တချို့ကလည်း ပြောတယ်လေ၊ မပေးရင်မဖြစ်အောင် ရစ်ထားတာ၊ ကျစ်ထားတာတွေ ရှိတယ်တဲ့၊ ဒါကို ဘယ်လိုလုပ်မလဲတဲ့။ ဆိုတော့ အဲ ဒဏ်ကို ခံနိုင်ရမယ်လေ။ သည်းခံပြီး တက်ညီလက်ညီနဲ့ ဘယ်နေရာမှ မပေးဘဲ ညီညီညွတ်ညွတ်နဲ့၊ လာဘ်ပေးသူမှာ ပြစ်ဒဏ်ရှိတယ်ဆိုတာ သိအောင် ပညာပေးရမယ်။ ကျနော်က လာဘ်ပေးသူတွေကို အပြစ်ပြောတာ မဟုတ်ဘူး။ လာဘ်ယူသူတွေက တကယ် အပြစ်ရှိတာလေ။ လာဘ်ယူသူတွေကို တဖက်က အရေးယူသလို လာဘ်ပေးသူတွေကလည်း မပေးဘဲ တင်းခံနိုင်ရမယ်။ ဒါက ကျနော့်ရဲ့ အယူအဆပါ။”

အမြစ်တွယ်နေပြီဆိုတော့ လာဘ်ပေးသူတွေကို မပေးပါနဲ့လို့ ပြောရုံနဲ့ ပြီးပါ့မလား။

“ဒီအမြစ်တွယ်နေတဲ့ကိစ္စကို ဥပဒေထွက်လာတဲ့အခါ အရေးယူမယ်။ အခုလည်းပဲ ၀န်ကြီးဌာန ၁၅ ခု စာရင်းတွေ မမှန်မကန် ကမောက်ကမတွေ ဖြစ်တယ်။ နောက် ပြည်ထဲရေးကလည်း စသုံးလုံးကို တိုင်နိုင်တယ်လို့ ပြောတယ်။ နောက်ထပ် ပြည်သူတွေက တိုင်ရင် ပေါ်လာဦးမှာတွေ ရှိပါတယ်။ တဖက်က ဒါတွေအရေးယူသလို လာဘ်ပေးလာဘ်ယူတာက အမြစ်တွယ်နေသလို လာဘ်ပေးတာကလည်း အစဉ်အလာလိုဖြစ်နေတယ်၊ တအားကို ပေးချင်ကြတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက အစကတည်းက အလှူဒါနက တအားစိတ်သန်တာလေ။ တခုခု ကိုယ့်ကို ဆောင်ရွက်ပေးလိုက်တာနဲ့ ပေးချင်နေပြီ။ အဲအကျင့်ကို ဖျောက်သင့်နေပြီ။ ဒါဟာ လာဘ်ယူအောင် သင်ပေးနေသလိုဖြစ်နေတယ်။”

လာဘ်ပေးလာဘ်ယူပြဿနာက တရားဝင်ထုတ်တဲ့ စာရင်းတွေထဲမှာ အောက်ဆုံး ၅ နိုင်ငံမှာ ပါနေတော့ အကူးအပြောင်းကာလမှာ နိုင်ငံရဲ့ ပုံရိပ်ကို ဘယ်လောက်ထိခိုက်နိုင်မလဲ။ ဒါလေး ဆွေးနွေးပေးပါ။

“တော်တော် ထိခိုက်ပါတယ်။ ဒါတွေဟာ နိုင်ငံတနိုင်ငံရဲ့ ပြယုဂ်ပေါ့လေ။ လာဘ်ပေးလာဘ်ယူနဲ့ ချိန်ထိုးလို့ရတယ်။ လာဘ်ပေးလာဘ်ယူ ဆိုးဆိုးဝါးဝါး ရှိနေသမျှ ကာလပတ်လုံး သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ ဘယ်လိုနည်းနဲ့မှ ဖြစ်မလာနိုင်ဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013