DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်း စုံစမ်းရေးကော်မရှင် ကွင်းဆင်းစစ်ဆေး
DVB
·
December 6, 2012
လက်ပန်းတောင်း စုံစမ်းရေးကော်မရှင် ကွင်းဆင်းစစ်ဆေး
Donate to DVB

လက်ပန်းတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ၈ ဦးဟာ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တုံအလယ်ရွာမှာ ဒေသခံရွာသားတွေကို ဒီကနေ့ လာရောက်တွေ့ဆုံပြီး သိလိုတာတွေကို မေးမြန်းသွားတယ်လို့ ရွာသားတွေက ပြောပြပါတယ်။

ရွာသားတွေက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို လုံးဝရပ်ဆိုင်းရေး လိုလားတယ် ဆိုတာကို ဆားလင်းကြီး လွှတ်တော်အမတ် ဦးသန်းမြင့် အပါအ၀င် ကော်မရှင်အဖွဲ့ဝင်တွေထံ တင်ပြခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေကလည်း ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ နယ်မြေတွင်း ဖြစ်ပျက်မှုအထွေထွေကို ရွာသားတွေထံ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ရွာသားတဦးက လွှတ်တော်မှာ ကာကွယ်ရေးဝန်ကြီး ပြောကြားခဲ့တဲ့ ရွာသားတွေကို  ၁ ဧက ၅ သိန်း ၂ သောင်းနှုန်းနဲ့ လျောက်ကြေးပေးချေခဲ့တယ်ဆိုတဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ အောက်ခြေမှာရွာသားတွေက လယ် ၁ ဧကကို ၃ နှစ်စာ သီးနှံလျော်ကြေးအဖြစ်သာ လက်ခံကြတယ်ဆိုတာ  တင်ပြလိုက်ကြတယ်လို့ ဆိုပါတယ်။

“၀န်ကြီးပြောတာက ကျနော်တို့ကို မြေယာလျော်ကြေးပေးပြီးပြီလို့ ပြောတယ်။ သူတို့စပေးတာက ၃ နှစ်စာ သီးနှံလျော်ကြေးလို့ ပြောပေးသွားတာ။ မြေယာလျော်ကြေးမဟုတ်ဘူးဗျ၊ လယ်ယာကွက်ထဲမှာဗျာ ကားတွေ၊ စက်ယန္တရားတွေနဲ့ သွားမှာဖြစ်လို့ ဖြတ်သွားဖြတ်လာအတွက် ၁ ဧကကို ၅ သိန်း ၂ သောင်းနှုန်းနဲ့ ၃ နှစ်စာ ပေးတာ။”

လျော်ကြေးငွေမယူသူ ရွာသားတဦး အချုပ်ချခံရတာ အပါအ၀င် ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးက အထောက်အထားဖြတ်ပိုင်းမပေးဘဲ လက်မှတ်ထိုးခိုင်းလို့ ထိုးပေးခဲ့ရတယ်လို့လည်း အဲဒီရွာသားက ပြောပါတယ်၊

“ကျနော်တို့မှာ သူတို့ရဲ့ စာရွက်စာတမ်းတွေနဲ့ကိုလည်း ကြည့်ပိုင်ခွင့်မရှိပါဘူး။ ငွေသွားထုတ်တုန်းကလည်း ဒီနေရာ လက်မှတ်ထိုးဆိုရင် ထိုးရတယ်၊ ဒီနေရာ ရေးဆိုရင် ရေးရတယ်။ ကြည့်ပိုင်ခွင့်မရှိဘူး၊ ပြောပြပိုင်ခွင့် မရှိဘူး။ အဲတုန်းက ကျနော်တို့ ချောင်းသာရွာက ဦးသိန်းကို စံပြအနေနဲ့ လျော်ကြေးငွေ မယူလို့ဆိုပြီး ၁၈ ရက် အချုပ်ချတယ်။ ကျနော်တို့ ကြောက်ကြောက်လန့်လန့်နဲ့ ယူခဲ့ရတယ်။”

ရွာသားတွေက သပိတ်စခန်းဖြိုခွင်းခံရမှုဖြစ်စဉ်ကို တင်ပြပြီး အကြမ်းဖက်ဖြိုခွင်းမှုကို ဘယ်လိုအရေးယူဆောင်ရွက်မလဲလို့ မေးခွန်းထုတ်ခဲ့ရာမှာတော့ ကော်မရှင်အဖွဲ့ဝင်တွေက ကော်မရှင်ဥက္ကဋ္ဌ တားမြစ်ချက်အရ ဖြေဆိုခွင့်မရှိဘူးလို့ ဖြေဆိုတယ်လို့ ဆိုပါတယ်။

ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မှာ ဒီနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သပိတ်ဖြိုခွင်းမှုနဲ့ ပတ်သက်လို့ အထောက်အထားတချို့ ရရှိထားပြီးဖြစ်ကြောင်းနဲ့ ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်မယ်လို့ ရှင်းလင်းပြောဆိုခဲ့ပြီး ဒဏ်ရာရသံဃာတွေနဲ့ တွေ့ဖို့ ကော်မရှင်က မန္တလေးကို သွားရောက်မယ်လို့ ဆိုပါတယ်။
စုံစမ်းရေးကော်မရှင်ဟာ မနေ့က ၀က်မှေးရွာမှာ သွားရောက် စုံစမ်းမေးမြန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013