
ယီမင်နိုင်ငံထဲက အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီသူပုန်တွေက ဒုံးကျည်တွေနဲ့ ဒရုန်းတွေကိုသုံးပြီး ၂၄ နာရီအတွင်း အစ္စရေးနိုင်ငံအပေါ် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ပြီး လာမဲ့ ရက်တွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ အဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။
ဟူသီသူပုန်တွေ အီရန်ပဋိပက္ခထဲ ဝင်လာတာက ဒေသတွင်းတင်းမာမှုတွေကို ပိုဆိုးရွားစေတာပါ။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွေအပြီးမှာ ဂါဇာက ဟားမတ်စ်တွေကို ထောက်ခံတဲ့အနေဖြင့် အာရေဗျကျွန်းဆွယ်နဲ့ ပင်လယ်နီတဝိုက်က သင်္ဘောလမ်းကြောင်းတွေကို ဟူသီတွေက နှောင့်ယှက်ဖူးပါတယ်။
ယီမင်နိုင်ငံ မြို့တော်ဆာနာနဲ့ မြောက်ပိုင်းပြည်နယ် အများအပြားမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၁ သန်းအထိရှိတဲ့ လူအုပ်ကြီးက အီရန်၊ လက်ဘနွန်နဲ့ အီရတ်နိုင်ငံတို့ကို ထောက်ခံကြောင်း ထုတ်ဖော် ပြသခဲ့ပါတယ်။
ယီမင်ပြည်နယ် ၁၄ ခုက ပြည်သူ့ရင်ပြင် ၂၂၀ ကျော်မှာ စုဝေးခဲ့ကြပြီး ဆန္ဒပြသူတွေက အလံတွေ လွှင့်ထူရင်း အီရန်ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးအရှိန်မြှင့်မှုကို ပယ်ချခဲ့ကြပြီး အီရန်ရဲ့ရပ်တည်ချက်ကို ထောက်ခံရင်း လက်ဘနွန်၊ အီရတ်တို့နဲ့ စည်းလုံးညီညွတ်မှုကို ဖော်ပြခဲ့ကြပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ဖွင့်ဖို့ အမေရိကန်အစိုးရက မိုက်မဲတဲ့ လုပ်ဆောင်ချက်တွေကို ကြိုးစားရင် ဘာဘ်အယ်လ်မန်ဒက်ရေလက်ကြားမှာ အမေရိကန်ကို ဆန့်ကျင်တဲ့ နောက်ထပ် စစ်မျက်နှာတခု ဖွင့်နိုင်တယ်လို့ အီရန်က ခြိမ်းခြောက်ပြီးတဲ့နောက် ဒေသတွင်း အခြေအနေ ပိုတင်းမာလာခဲ့ပါတယ်။
ဒီတင်းမာမှုတွေက ကမ္ဘာ့အရေးအကြီးဆုံး သင်္ဘောလမ်းကြောင်းတွေထဲက တခုကို အန္တရာယ်ဖြစ်စေပြီး အရင်အကျပ်အတည်းတွေမှာ မမြင်ဖူးတဲ့အဆင့်အထိ တင်းမာမှုတွေ မြင့်တက်စေလိမ့်မယ်လို့ မီဒီယာတွေက သုံးသပ်ဖော်ပြပါတယ်။










