DVB Logo
Home
Lead Story
မြေယာပြဿနာနှင့် ရွာ၂ရွာရန်ပွဲကပေးသည့် သင်ခန်းစာ 
DVB
·
July 31, 2019
မြေယာပြဿနာနှင့် ရွာ၂ရွာရန်ပွဲကပေးသည့် သင်ခန်းစာ 
Donate to DVB

မြန်မာ့မြေယာပြဿနာသည် တဖြည်းဖြည်း နိုင်ငံရေးအသွင်ဆောင်လာနေသည်ကို မျက်ကွယ်ပြု၍မရတော့။ နေရာဒေသ အသီးသီး၌ မြေယာမြေမှုသေခင်းများစွာဖြစ်ပျက်ခဲ့သည်။

လက်ပန်းတောင်းတောင်အရေးကအစပြု၍ အောင်သပြေရွာ ဘိလပ်မြေစက်ရုံ ပြဿနာမှသည် ဇူလိုင် ၂၃ရက်က ဖြစ်ပွားခဲ့သည့် ရေနံချောင်းမြို့နယ်ရှိ ဖရဲကျွန်းကျေးရွာနှင့် ကံသာယာကျေးရွာ အဓိကရုဏ်းတို့က သက်သေခံနေသည်။

ရွာသား ၄၀ နီးပါး သေပျောက်ခဲ့ရသည့် ကံသာယာကျေးရွာနှင့် ဖရဲကျွန်းမြေနုကျွန်း ကိစ္စသည် ဖြစ်နေကျမြေနု ကျွန်းပြဿနာနှင့် မတူပါ။ တနှစ်တကြိမ်ပေါ်လာသော မြေနုကျွန်းမျိုးမဟုတ်။ အချိန်ကာလကြာမြင့်စွာတည်ရှိနေခဲ့ သောမြေနုကျွန်းတခု ဖြစ်ဟန်ရှိပါသည်။ မြေနုကျွန်းသည် မည်သည့်အမျိုးအစားဖြစ်သည်ကို မြေစာရင်းဦးစီးဌာနမှ တိကျသော ရှင်းလင်းချက်ရှိရမည် ဖြစ်သည်။ လွန်ခဲ့သော ၂၀၀၃ခုနှစ်ကတည်းပေါ်နေခဲ့သော ကျွန်းဖြစ်သည်ဟု ဒေသခံတို့၏ ပြောစကားအရ ယူဆ၍ ရနိုင်သည်။

၂၀၁၈ခုနှစ်တွင် ရေတိုက်စား၍ ကမ်းပြိုခဲ့သော ကံသာယာကျွန်းရွာသားတို့က ဝင်ရောက်အိမ် ဆောက်နေထိုင်ခြင်းကို မြို့နယ်ထွေအုပ်ရုံးသို့ ဖရဲကျွန်းရွာသားတို့က   ကန့်ကွက်စာတင်ခဲ့ကြသည်။ နောက်တလအကြာတွင် ခရိုင်ထွေအုပ်ရုံးသို့ တင်ပြကြပြန်သည်။

ထွေအုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သေးသည်ဟုဆိုသည်။ ၁၅နှစ် လုပ်ပိုင်ခွင့်ပြုခဲ့သည်ဟု လည်းဆိုသည်။ မည်သို့ပင်ဖြစ်စေ ထွေအုပ်တို့ ယင်းဖြစ်စဉ်ကို သိပြီးဖြစ်သည်မှာသေချာသည်။ ဒီကိစ္စ ၂၀၁၈ စက်တင်ဘာနောက် ပိုင်း ထပ်မံဖြေရှင်းပေးခြင်း ရှိမရှိမသိတော့။

ဒီနောက်  ဇူလိုင် ၂၃ရက်နေ့က ရွာနှစ်ရွာအကြား ပဋိပက္ခ ဖြစ်စဉ်တို့ ပေါ်ပေါက်လာခဲ့သည်ဟုဆိုရပါမည်။ အဆိုပါ ဖြစ်စဉ်ပေါ်လာခဲ့သော အခြေနေအရပ်ရပ်ကို သုံးသပ်ကြည့်ပါက ရဲတပ်ဖွဲ့တွင်လည်း တာဝန်မကင်းခဲ့ပေ။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင်လည်း တာဝန်မကင်းပေ။ ထို့ထက်ပို၍ တာဝန်ခံရမည့်သူမှာ မကွေးတိုင်း အစိုးပင် ဖြစ်သည်။

ယင်းကိစ္စအတွက် မကွေးတိုင်းအစိုးရက စုံစမ်းရေးကော်မရှင်ဖွဲ့၍ စုံစမ်းမည်ဟုဆိုသည်။ စုံစမ်းရေးကော်မရှင်ကို ဇူလိုင်၂၆ရက်က စတင်ဖွဲ့စည်းဆောင်ရွက် နေပေပြီ။ သေချာတွက်ကြည့်ပါက မြေယာဆိုင်ရာမြေနုကျွန်းသတ်မှတ်ချက် အားနည်းမှုသာမက အုပ်ချုပ်ရေးယန္တယားပိုင်း လိုအပ်ချက်လည်းရှိနေသည်ဟု ယူဆမိသည်။ 

ကိုလိုနီခေတ်၏ကောင်းမွေတခုအဖြစ် မှတ်တမ်းများအရသိရသည်မှာ ခရိုင်ထွေအုပ်ရုံးတွင် ဂေဇက်တီးယားမှတ်တမ်းများကို ပုံမှန် လစဉ်မှတ်တမ်းပြုခဲ့ကြရသည်။ ခရိုင်ဝန် တယောက်ပြောင်းသွားသော်လည်း ထိုမှတ်တမ်းများကို နောက်ရောက် လာသည့် ခရိုင်ဝန်က ဖတ်ရှု၍ ဒေသကိုအုပ်ချုပ်လေ့ရှိသည်။ ထိုမှတ်တမ်းတွင် ဒေသတခုခြင်း၏ ရေကြီးရေလျံဖြစ် ခြင်း မြေနုကျွန်းခွဲဝေခြင်းမှ အစ ခိုးမှု၊ လူသတ်မှု၊ ရာဇဝတ်မှုများအပြင် မိုးရေချိန်ရာသီဥတုမကျန် မှတ်တမ်းတွင်ပါလေ့ရှိသည်။

လွတ်လပ်ရေးရပြီး ဖဆပလကာလအထိ ဂေဇက်တီးယားယဉ်ကျေးမှုရှိခဲ့သည်ဟု မှတ်သားခဲ့ဖူးသည်။ ယခုမူထိုသို့သောဂေဇက်တီးယား ယဉ်ကျေးမှုကွယ်ပျောက်ခဲ့သည်မှာ  နှစ်ပေါင်း ၆၀ ကျော်သွားခဲ့ပြီဖြစ်သည်။

ထိုသို့သော မှတ်တမ်းတင်မှုအားနည်းခြင်းကြောင့် အုပ်ချုပ်သူတို့၏ ဒေသဆိုင်ရာ အခြေအနေကို လေ့လာမှု အားနည်းလာခဲ့သည်။ ဒေသလူထု၏ ဆန္ဒနှင့်ဖြစ်ပျက်နေမှု မြေပြင် အခြေအနေနှင့် အုပ်ချုပ်သူတို့အလှမ်းဝေးသွားခဲ့သည်။ ထိုကဲ့သို့ အလှမ်းဝေးသွားခြင်းကြောင့် အုပ်ချုပ်စီမံကွပ်ကဲမှုကို ထိခိုက်စေသည့်အပြင် ပြည်သူလူထု၏ ပကတိအခြေနေကို အစိုးရပိုင်း အနေဖြင့် သိမှတ်နားလည်ခွင့်လည်း ဆုံးရှုံးသွားခဲ့ရတော့သည်။

ဤသည်ကပင် အစိုးရနှင့် ပြည်သူတို့ ကင်းဝေးစေသောအချက်တခု ဖြစ်လာပေတော့သည်။ နောက်အချက်တခုမှာ မြေယာဥပဒေပြဿနာရပ်များကို ဖြေရှင်းရာတွင် မြေယာကော်မတီ၏ အဆုံးအဖြတ်တခုတည်းဖြင့်သာ ဖြေရှင်းခဲ့သည်တွေ့ရသည်။

မြေနုကျွန်းခွဲဝေသတ်မှတ်ပေးရာတွင် သက်ဆိုင်ရာတရားသူကြီး၏ အခန်းကဏ္ဍ ကွယ်ပျောက်နေသည်မှာလည်း စီမံခန့် ခွဲမှုအတွက်အားနည်းချက်တခုဟု ဆိုရန်ရှိသည်။

ပြည်သူတို့၏ အသက်နှင့် ဘ၀များ မလိုအပ်ဘဲ ဆုံးရှုံးခဲ့ကြရသည့် ဖရဲကျွန်းရွာနှင့် ကံသာယာရွာ ပဋိပက္ခပြဿနာကို သင်ခန်းစာယူ၍  ပျောက်ကွယ်သွားသော ဂေဇက်တီးယား ယဉ်ကျေးမှုနှင့် မြေယာစီမံခန့်ခွဲမှုတို့ကို သေချာစွာ ပြန်လည် သုံးသပ်သင့်ပြီဟု ရှုမြင်သည်။

ယင်းသို့သုံးသပ်ရာတွင် မြေယာပြဿနာသက်သက်ဟု သဘောမထားပဲ မြေယာနိုင်ငံရေး အမြင်သစ်ဖြင့် ကြည်ရှုသုံးသပ်ရန်လို အပ်ကြောင်းလည်း တိုက်တွန်းလိုက်ရပေသည်။

  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013