DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်းသပိတ် အကြမ်းဖက်ဖြိုခွင်းမှု ပြည်ထောင်စုအစိုးရ တောင်းပန်ရန် တောင်းဆို
DVB
·
December 6, 2012
ကြေးနီစီမံကိန်းသပိတ် အကြမ်းဖက်ဖြိုခွင်းမှု ပြည်ထောင်စုအစိုးရ တောင်းပန်ရန် တောင်းဆို
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွင်းမှုကို အစိုးရက တောင်းပန်ဖို့ အထက်မြန်မာပြည် သံဃာတော်တွေက အိမ်တော်ရာဘုရားကြီးဝင်းမှာ နေ့ခင်း ၁ နာရီမှာ ထိုင်သပိတ်စတင်ပြီး ကျန်မြို့နယ်တွေမှာပါ အရှိန်မြှင့်မယ်လို့ ဦးဆောင်သံဃာ ဘ၀အလင်းဆရာတော် ဦးသောဘိတက မိန့်ပါတယ်။ ဦးသောဘိတကို ဆက်သွယ်မေးမြန်း ထားပါတယ်။

ဒီနေ့ဘာတွေ အစီအစဉ်ရှိလဲ ဘုရား။

“ဒီနေ့ အိမ်တော်ရာဘုရားထဲမှာ နေ့ခင်း ၁ နာရီ ထိုင်သပိတ်လုပ်မယ်။ ကျန်တဲ့မြို့နယ်တွေက တောင်ကြီး လုပ်မယ် ချောက်လုပ်မယ်။ ပခုက္ကူက အသေအချာမသိသေးဘူး။ မိုးကုတ်လည်း လုပ်မယ်။ စစ်ကိုင်းက ဒီနေ့မလုပ်လည်း နောက်နေ့လုပ်မယ်။ ဒီနေ့မလုပ်ရင်လည်း နောက်နေ့ ပိုကျယ်ပြန့်သွားမယ်။ ဦးဇင်းတို့က အခု အရှိန်မြှင့်မယ်လေ/ ဒီနေ့ကနေ စလိုက်ပြီးတော့ လိုချင်တဲ့ အဖြေထွက်မလာဘူးဆိုရင် အရှိန်ကိုမြှင့်သွားမယ်။”

ဦးဇင်းတို့ရဲ့ အဓိက လိုရင်း တောင်းဆိုချက်တွေ ဘယ်နှချက်ရှိလဲ။ ဘာတွေလဲ ဘုရား။

“တောင်းဆိုချက် ၅ ချက် လုပ်ထားတယ်။ နံပါတ် ၁ က နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသံဃာတော်တွေကို အမြန်ဆုံးလာရောက် ၀န်ချတောင်းပန်ရမယ်။ နံပါတ် ၂ က အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို ထိရောက်စွာအရေးယူပေးရမယ်။ နံပါတ် ၃ က ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးရမယ်။ နံပါတ် ၄ က ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့ ပြည်သူတွေ ကျေနပ်လက်ခံအောင် ဆောင်ရွက်ပေးရမယ်။ နံပါတ် ၅ က ဒီမိုကရေစီအစိုးရ စစ်စစ် ပေါ်ပေါက်လာဖို့နဲ့ နောက်နောင်မှာ ခုလိုအကြမ်းဖက်မှုတွေ မပေါ်ဖို့အတွက် လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ ပါဝင်တဲ့ တပ်မတော်သားတွေ အမြန်ဆုံး နုတ်ထွက်ပေးရမယ်။ ဦးဇင်းတို့ အထက်မြန်မာပြည်သံဃာတော်များဆိုတဲ့ ပုံစံမျိုးပဲ။ အဖွဲ့အစည်းတော့ မဟုတ်ဘူး။ သံဃာတော်တွေအားလုံးရဲ့ ဆန္ဒ သဘောထားပါ။”

ရန်ကုန်မှာ လက်ပန်းတောင်းတောင်နဲ့ ပတ်သက်လို့ ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး တရားစွဲဆိုတာမှာ ပုဒ်မ ၂ ခု၊ တခုက ပုဒ်မ ၁၈ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လှည်မှုနဲ့ နောက်တချက်က နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ဂုဏ်သိက္ခာကျစေတယ်ဆိုပြီး အဲတော့ ဒီလို ပုဒ်မတွေနဲ့ ပတ်သက်လို့ရော အထက်မြန်မာပြည်သံဃာတော်များအနေနဲ့ အရှိန်မြှင့်မယ်ဆိုတော့ ဘယ်လိုပြင်ဆင်ထားပါလဲဘုရား။

“ဦးဇင်းတို့ကတော့ သူတို့ ပုဒ်မတွေနဲ့ စွဲချင်စွဲ မစွဲချင်နေ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက သူတို့တာဝန်မထမ်းဆောင်တဲ့အတွက် ဦးဇင်းတို့ တာဝန်သိတဲ့ပုဂ္ဂိုလ်တွေက လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်တယ်လို့ ခံယူထားတယ်။ အဲအတွက်ဖြစ်လာမယ့်အရာအားလုံးကို ရင်ဆိုင်ဖို့ အဆင့်သင့်ပြင်ပြီးသား။”

ဆန္ဒပြပွဲတွေကို ရေပိုက်ဖြန်းတယ်၊ မျက်ရည်ယိုဗုံးနဲ့ပစ်တယ်။ အခု သူတို့က ကြောက်လန့်စရာဖြစ်လောက်အောင် သံဃာတော်တွေကို အရေပြားလောင်အောင် လုပ်တော့ အခု ဦးဇင်းတို့သံဃာတော်တွေ အခု ဆန္ဒပြပွဲတွေလုပ်လို့ ထပ်ဖြစ်မယ်ဆိုရင် မြန်မာပြည်ရဲ့အခြေအနေကထိန်းနိုင်ပါ့မလား။ ဒီလိုနှိပ်ကွပ်နိုင်တာတွေ ဦးဇင်းတို့ ကြိုမစဉ်းစားထားဘူးလား။

“ဒါတွေ စဉ်းစားထားပြီးသားပါ။ လက်ပန်းတောင်းမှာဖြစ်တဲ့ သံဃာတော်တွေကို ဦးဇင်းတို့က မျက်မြင်ကိုယ်တွေ့ ခံစားခဲ့ရပြီးပြီ။ ဒါတွေကို တာဝန်ရှိပုဂ္ဂိုလ်တွေက ဦးဇင်းတို့ မတောင်းဆိုခင်ကတည်းက ဖြေရှင်းပေးရမှာ။ အဲလိုမဖြေရှင်းပေးဘဲ မျက်နှာလွှဲခဲပစ်လုပ်တဲ့အခါ အဲထက်ပိုဆိုးတာက မုံရွာမှာ အများပြည်သူတွေကို လိမ်လည်ဖို့ အယောင်ပြ ဩ၀ါဒခံယူပွဲ လုပ်လိုက်တာက အစော်ကားခံရတဲ့ သံဃာထုကို အနာဆွသလိုမျိုး အနာကို ဆားနဲ့ပက်သလို ဦးဇင်းတို့ ခံစားရတယ်။ ကျန်တဲ့သံဃာတွေကလည်း တခြား ခံစားရတဲ့ သံဃာနဲ့လူထုလိုပဲ ဦးဇင်းတို့က ထပ်တူထပ်မျှ ရပ်တည်သွားမယ်လို့ ဆုံးဖြတ်ထားပြီးသားပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013