DVB Logo
Home
ဆောင်းပါး
တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ
DVB
·
December 6, 2012
တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ
Donate to DVB

ဧရာဝတီ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းပြီးချိန် နောက်ပိုင်း လက်ရှိ မြန်မာပြည်သူတွေကြားထဲမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် အမြင့်ဆုံးရောက်နေတယ်လို့ ပြောနိုင်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းကစ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်၊ တိုင်းပြည်ကို ဘယ်နိုင်ငံနဲ့မှ မတူ နိမ့်ပါးအောင် ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်တွေဘက်က ရပ်တည်ပေးခဲ့တဲ့အတွက်၊ မြန်မာပြည်မြောက်ပိုင်းက နိုင်ငံရဲ့ ခေါင်မိုးလို့ ခေါ်နိုင်လောက်တဲ့ သစ်တောကြီးတွေ ပြုန်းတီးကုန်သည်အထိ တရားမ၀င် သစ်ထုတ်ယူပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေခဲ့တဲ့အတွက်၊ ကျောက်စိမ်းနဲ့ ကျောက်မျက် အပါအ၀င် တိုင်းပြည်သယံဇာတတွေကို ၀ါးမျိုခဲ့တဲ့အတွက်၊ နေပြည်တော် တည်ဆောက်ရေးလို အဓိပ္ပာယ်မဲ့တဲ့ စီမံကိန်းကြီးတွေအတွက် ငွေချေးပေးရင်း မြန်မာပြည်သူတွေကို အကြွေးလည်ပင်းခိုက်စေခဲ့တဲ့အတွက်၊ မမျှတတဲ့ ကုန်သွယ်ရေးနဲ့ ပြည်သူတွေ အကျိုးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့တဲ့အတွက်၊ ငွေကြေးဓန အင်အား အသုံးပြုပြီး မန္တလေးအပါအ၀င် မြန်မာပြည်အတွင်းပိုင်း နေရာဒေသတွေအထိ အတင်းတိုးဝင် အခြေချနေထိုင်ရင်း တိုင်းရင်းသားတွေကို မြို့ပြနဲ့ ဝေးကွာရာ ရောက်သွားစေခဲ့တဲ့အတွက် ပြည်သူတွေဟာ တရုတ်အစိုးရနဲ့ တရုတ်စီးပွားရေးသမားတွေကို မုန်းတီးနေခဲ့တာ ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားလိုက်ကာစမှ တရုတ်ပြည်ဘက်က သိပ် အသံမထွက်ခဲ့ပေမယ့် အခု လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာ ပေါ်ပေါက်လာတဲ့အခါမှာတော့ တရုတ်အစိုးရဆီကရော တရုတ် မီဒီယာတွေဆီကပါ အသံတွေ ထွက်လာပါတော့တယ်။ အဓိကကတော့ မြန်မာအစိုးရနဲ့ ဆင်းရဲတဲ့ မြန်မာပြည်သူတွေ ကျောင်းမှန်းကန်မှန်းသိအောင် ဒဏ်ခတ်ဖို့ တိုက်တွန်းတာမျိုးတွေ ဖြစ်ပါတယ်။ တကယ်တော့ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်ဖို့ အချက်ပေးခေါင်းလောင်း မြည်နေတယ် ဆိုတာ ကောင်းကောင်း သဘောပေါက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေ လက်ထဲကနေ အရပ်ဝတ် ၀တ်ထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ အာဏာဆက်ပြီး ချုပ်ကိုင်ထားတာ မှန်ပေမယ့် ဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေကိုပဲ ယုံကြည်ကိုးစား၊ သူတို့နဲ့ပဲ ဆက်ဆံရုံနဲ့ မြန်မာနိုင်ငံထဲက တရုတ်အကျိုးစီးပွားတွေကို မကာကွယ်နိုင်တော့ဘူးဆိုတာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာက မီးမောင်းထိုးပြနေပြီ ဖြစ်ပါတယ်။

တရုတ်တွေရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ မြစ်ဆုံစီမံကိန်း ပြီးတဲ့နောက် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဘက် လှည့်လာတဲ့ မြန်မာ ပြည်သူတွေဟာ နောက်ပိုင်း တရုတ်နဲ့ ကုန်သွယ်ရေး၊ ကျောက်ဖြူ - ကူမင်း ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း၊ မန္တလေးနဲ့ မြန်မာပြည် အလယ်ပိုင်းမှာ အခြေချ ၀င်ရောက်နေထိုင်တဲ့ တရုတ်တွေ အရေးအထိ အာရုံစိုက်သွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လာ ၁ ဘီလျံကျော် တန်ဖိုးရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရဲ့ ကံကြမ္မာကို ဦးသိန်းစိန် အစိုးရကရော စစ်တပ်ကပါ အာမမခံနိုင်တော့တဲ့အတွက် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ စုံစမ်းရေး ကော်မရှင်လက်ထဲကို ရောက်သွားခဲ့ပါပြီ။

ဒီ ပြဿနာမှာ အခြားအခြားသော အတိုက်အခံ နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေနဲ့ မတူတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံအပေါ်မှာ တရုတ်အကျိုးစီးပွားတွေအပေါ် မျှတတဲ့ သမာသမတ်ကျတဲ့ စိတ်ထားကို တကမ္ဘာလုံး အတိုင်းသား မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒီ ကိစ္စမှာ ဒေါ်စုက အိမ်နီးချင်းတွေနဲ့ အဆင်ပြေအောင် ဆက်ဆံကြရမယ်၊ ပြဿနာကို ဂုဏ်သိက္ခာရှိစွာနဲ့ အပေးအယူလုပ်ပြီး ဖြေရှင်းကြရမယ်လို့ အများကြိုက်မလိုက်ဘဲ ရဲရဲတင်းတင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါသည်သာ တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီအတွက် စိတ်အေးစရာ အချက်ဖြစ်လာပါတယ်။

တကယ်တော့ တရုတ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေးဟာ အခုမှ ပြန်ထူထောင်ရမှာမျိုး မဟုတ်ပါဘူး။ ၁၉၈၈ နောက်ပိုင်း တရုတ်သံအမတ် ချန်ယုရှန်ဟာ ဒေါ်စုနဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးလေ့ရှိပြီး ဒေါ်စုကိုယ်တိုင်လည်း အတိုက်အခံနဲ့ စစ်အစိုးရအကြား တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာဖို့ တရုတ်ပြည်အစိုးရက ပါဝင်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ဖူးသလို သံအမတ် ချောင်ယုရှန်ကလည်း စစ်အစိုးရဘက် နားဖောက်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေဘက်က လက်မခံခဲ့တဲ့အတွက် တရုတ်အစိုးရအနေနဲ့ ဘာမှ မတတ်နိုင်ခဲ့သလို တွေ့ဆုံဆွေးနွေးရေးလည်း မပေါ်ပေါက်ခဲ့ပါဘူး။ ဒါပေမယ့် တိုင်းပြည် စစ်အာဏာရှင်လက်အောက် အမှောင်ထုထဲ ရောက်နေချိန် တရုတ်အစိုးရဟာ မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေး၊ ပြည်သူတွေ ကြွယ်ဝ ချမ်းသာရေး ဆိုတာထက် သယံဇာတ တွေထုတ်ယူဖို့၊ ကုန်သွယ်ရေးကနေ ခေါင်းပုံဖြတ်ဖို့၊ စီမံကိန်းကြီးတွေကနေ အကျိုးအမြတ်ရဖို့ တခုတည်းကြည့်ပြီး စစ်အာဏာရှင်တွေဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့သူအဖြစ် အသုံးတော်ခံ ကပြခဲ့ပါတယ်။ ဒါတင်မက ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်း အနောက်နိုင်ငံ အစိုးရတွေနဲ့ မတူ ပြည်သူ့ခေါင်းဆောင်ဆိုတာကို လက်မခံ အေးစက်စက်ပဲ ဆက်ဆံခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာတော့ တရုတ်အစိုးရအတွက် လမ်းဆုံလမ်းခွကို ရောက်လာပါပြီ။ မြန်မာပြည်သူတွေရဲ့ မုန်းတီးမှုကို ခံယူပြီး လက်ရှိ အစိုးရနဲ့ပဲ တဖက်သတ် ဆက်ဆံမလား၊ ၂ နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး အစိုးရနဲ့ တင်မက တရုတ်နိုင်ငံအပေါ် သဘောထားမှန်တဲ့၊ ပြည်သူလူထုကို ဖျောင်းဖျစည်းရုံးနိုင်သူ တဦးတည်းသော ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီး ချစ်ကြည် လေးစားတဲ့ ဆက်ဆံရေး ထူထောင်မှာလား ဆိုတာ ရွေးချယ်ရတော့မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013