DVB Logo
Home
မြန်မာသတင်း
လားရှိုး Gold Luck Water Park ကစားကွင်းက  ဆေးသုတ်လုပ်သားများ လုပ်ခမရသဖြင့် ဆန္ဒပြ
DVB
·
July 30, 2019
လားရှိုး Gold Luck Water Park ကစားကွင်းက  ဆေးသုတ်လုပ်သားများ လုပ်ခမရသဖြင့် ဆန္ဒပြ
1 / 3
Donate to DVB

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ  Gold Luck Water Park ကစားကွင်းက နေ့စားလုပ်​အားခ မရတဲ့ ဆေးသုတ်အလုပ်​သမားတွေဟာ ဒီကနေ့ မနက်က လားရှိုးမြို့အတွင်း စီတန်းလှည့်လည်  ဆန္ဒပြကြပါတယ်။

လားရှိုးမြို့၊ ရပ်​ကွက်​ ၁၁ ရှိ Gold Luck Water Park ကစားကွင်း လုပ်ငန်းခွင်က  ​ဆေးသုတ်​လုပ်​သား ၁၅ ​ယောက်​အတွက်​ လုပ်​အားခ ကျပ်သိန်း ၁၃၀ ကျော်ကို အလုပ်ရှင်က ရှင်းမ​ပေးလို့ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုကြတာ ဖြစ်​ပါတယ်​။

ဆန္ဒပြတဲ့ ဆေးသုတ်​လုပ်​သား​တွေဟာ ရေပန်းဥယျာဉ်ကစားကွင်းမှာ ၂၀၁၈ ခုနှစ်​ အောက်တိုဘာကစပြီး ၂၀၁၉ ခုနှစ်​ ဇူလိုင် ၁၆ ရက်အထိ ဆေးသုတ်လုပ်​ငန်းကို လုပ်ကိုင်ခဲ့ကြ​ပေမယ့် အလုပ်ရှင် ဦးရဲနိုင်က လုပ်​အားခ အပြည့်အဝရှင်းမ​ပေးတာ​ကြောင့်​ ဆန္ဒပြ​ရတာလို့   အလုပ်​သမား​ခေါင်းဆောင် ကို​ယောဟန်​က​ပြောပါတယ်​။

"ကျ​နော်​ ဦးရဲနိုင်​နဲ့ အလုပ်​စလုပ်​ခဲ့ချိန်​က စာချုပ်​ချုပ်​ဆိုပြီးလုပ်​ထားတာရှိပါတယ်​၊ အဲ့ဒါ​တွေကပြီးသွားပါပြီ။ အခုရမယ့် ပိုက်​ဆံ​တွေက စာချုပ်​အပြင်​ ပုတ်​ပြတ်​ယူပြီးလုပ်​ထားတဲ့ ပိုက်​ဆံ​တွေကို မရှင်း​ပေးတာပါ။ ကျ​နော့်​အ​နေနဲ့ လုပ်​ငန်းအားလုံးကို ဇူလိုင်​လ ၁၆ ရက်​က​ နောက်​ဆုံးထားပြီးလုပ်​​ပေးခဲ့ပြီး​ပေမယ့်​ ဦးရဲနိုင်​က လုပ်​အားခ ရှင်းမ​ပေးဘူး။ ကျနော်တို့ လုပ်​အားခမရ​တော့ စားဝတ်​​နေ​ရေးနဲ့ ဒီရက်​မှာ ​နေမ​ကောင်းလို့​ ဆေးခန်းသွားစရာ ပိုက်​ဆံမရှိပါဘူး။ ဒါ​ကြောင့်​ ကျ​နော်​တို့ လုပ်​အားခ အမြန်​ရဖို့ ဒီ​နေ့ ဆန္ဒ​ဖော်​ထုတ်​တာပါ" 

ဆန္ဒပြရာမှာ ပါဝင်​တဲ့ အလုပ်​သမားတ​ဦးကလည်း “ကျ​နော်​ ဦးရဲနိုင်​ခြံထဲမှာ အလုပ်​လုပ်​တာ ၂၀၁၈ ခုနှစ်​ ၄ လပိုင်းကတည်းကပါ။ လုပ်​အားခ ၄၅ ရက်​စာ တရက်​ကို တသောင်းခွဲနဲ့ ​၆ သိန်း​ကျော်​ရမှာပါ။ ကျ​နော်​တို့ လုပ်​အားခကို အမြန်​ဆုံးရှင်း​ပေးဖို့​တောင်းဆိုပါတယ်​"လို့ ပြောပါတယ်​။

အလုပ်​ရှင်​ထံကရမယ့် လုပ်အားခက စုစုပေါင်း  ငွေကျပ် ၁၃၄ သိန်းဖြစ်ပြီး ဒီငွေတွေ ပြန်ရဖို့ အလုပ်​သမား​ခေါင်း​ဆောင်​အ​နေနဲ့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ညှိနှိုင်းဖြန်ဖြေရေး ကော်မတီထံ တိုင်ကြားထားပါတယ်။

အလုပ်​သမား​တွေကို လုပ်အားခရှင်းမ​ပေးတဲ့ ကိစ္စနဲ့ပတ်​သက်​ပြီး Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်​ကို​မေးမြန်းမှာ​တော့ သူအ​နေနဲ့ အလုပ်​အားခရှင်းမ​ပေးတာမဟုတ်​ဘဲ အလုပ်​ သမား​ခေါင်း​ဆောင်​အ​နေနဲ့ လုပ်​ငန်းပြီးပြတ်​​အောင်​ လုပ်​မ​ပေးလို့​​ ငွေမ​ပေးရ​သေးတာလို့ ပြောပါတယ်​။

"ကျ​နော်​က ရှင်းမ​ပေးတာမဟုတ်​ဘူး သူတို့အလုပ်​မပြီးပြတ်​​သေးတာ။ ကျ​နော်​ အလုပ်​လုပ်​တာ ​ယောဟန်​တယောက်​ထဲနဲ့ပဲ စာချုပ်​ချုပ်​ပြီးလုပ်​တာ။ ကျန်​တဲ့အလုပ်​သမား လုပ်​အားခ မရတာ ကျ​နော်​နဲ့မဆိုင်​ဘူး။ ယောဟန်​​ပေးရမှာဖြစ်​တယ်​" လို့ ဦးရဲနိုင်​က​ပြောပါတယ်​။

အလုပ်​ရှင်​ဦးရဲနိုင်​အ​နေနဲ့ ကို​ယောဟန်​ကို လုပ်​ငန်း ကန်​ထရိုက်​​ပေးပြီး လုပ်​ခိုင်း​စေခဲ့ တာလို့ပြော​ပေမယ့် အလုပ်​သမား​ခေါင်း​ဆောင်​ ကို​ယောဟန်​​ကတော့ သူဟာ အလုပ်​သမား​ခေါင်း​ဆောင်​အဖြစ်​သာလုပ်​ကိုင်​ခဲ့ပြီး လုပ်​ငန်းရှင်​က လုပ်​ခ ရှင်းမ​ပေးလို့ သူတာဝန်​ယူပြီး ခေါ်ထားတဲ့ အလုပ်​သမား ၁၄ ​ယောက်​ကို လုပ်​အားခမရှင်း​ပေးနိုင်​ဘူး ဆိုပြီး အလုပ်​ရှင် ​အလုပ်​သမားကြား အငြင်းပွားမှုလည်း ရှိနေပါတယ်​။

Gold Luck Water Park ​​ရေပန်းဥယျာဉ်​ကစားကွင်း စတင်​​ဆောက်​လုပ်​စဉ်​က ပန်​ရံလုပ်​သားတွေကို လုပ်​အားခ ကျပ် သိန်း ၁၀၀ လောက် ရှင်းမ​ပေးလို့ စာရင်းကွာဟတဲ့ ပြဿနာနဲ့ ပန်ရံ​အလုပ်​သမား​ခေါင်း​ဆောင်​ကို တရားစွဲခဲ့ပြီး ခုချိန်​ထိ အမှုမရုပ်​သိမ်းသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013