
အီရန်ရဲ့ နာတန်ဇ် နျူကလီးယားသန့်စင်စက်ရုံကို မတ် ၂၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတဲ့နောက်မှာ ပြင်ပမှာ ဓာတ်ရောင်ခြည်အဆင့် မြင့်တက်လာတာ မရှိဘူးလို့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က X လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။
အီရန်က ဒီတိုက်ခိုက်မှုအကြောင်း IAEA ဆီ အကြောင်းကြားခဲ့ပြီး အေဂျင်စီက အစီရင်ခံစာကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
မတ် ၂၁ ရက် မနက်ပိုင်းမှာ အမေရိကန်-အစ္စရေးတို့က အီရန်ရဲ့ နာတန်ဇ်ယူရေနီယံ သန့်စင်စက်ရုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အီရန်ရဲ့ တက်စ်နင်မ်သတင်းဌာနက ပြောပါတယ်။
ရေဒီယိုသတ္တိကြွယိုစိမ့်မှု တစုံတရာ မဖြစ်ခဲ့ဘဲ အနီးအနားက နေထိုင်သူတွေအတွက် အန္တရာယ် မရှိဘူးလို့လည်း တက်စ်နင်မ်က ထပ်ပြောပါတယ်။
မတ်လအစောပိုင်းက အမေရိကန်-အစ္စရေး စစ်ရေးတိုက်ခိုက်မှုတွေရဲ့ တစိတ်တပိုင်းအဖြစ် အီရန်ရဲ့ မြေအောက် ယူရေနီယံသန့်စင်စက်ရုံနဲ့ အရင်က ဗုံးကြဲခံခဲ့ရတဲ့ နာတန်ဇ် ယူရေနီယမ်ကြွယ်ဝရေး စက်ရုံဆီ ဝင်ပေါက်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပါတယ်။
Source: Reuters










