DVB Logo
Home
Lead Story
ငြိမ်းချမ်းစွာပြောင်းလဲခြင်း (revisit)
DVB
·
July 30, 2019
ငြိမ်းချမ်းစွာပြောင်းလဲခြင်း (revisit)
Donate to DVB

လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဘရောက်ဒါဝါဒပြန်လည် ဆန်းစစ်ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော် ဆောင်းပါးတပုဒ် ရေးခဲ့ပါတယ်။ အဓိကကတော့ မြန်မာပြည်မှာ ငြိမ်းချမ်းစွာ နိုင်ငံရေး အပြောင်းအလဲ အောင်မြင်ဖို့အတွက် အခွင့်အလမ်းတွေ ကျဉ်းမြောင်းလာတာကို စိုးရိမ်လို့ သတိပေးခဲ့ပါတယ်။

ကံကောင်းသလား၊ ကံဆိုးသလား မပြောနိုင်ပါဘူး။ နောက်ပိုင်း နိုင်ငံရေး အဖြစ်အပျက်တွေဟာ စိတ်ပျက်စရာတွေ ရှိနေဆဲပေမယ့် မျှော်လင့်ချက်တွေလည်း ရှိသလောက် ရှိလာခဲ့ပါတယ်။ ဥပမာ အနေနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အန်အယ်ဒီက အနိုင်ရခဲ့တာနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အန်အယ်ဒီကပဲ တခဲနက် အနိုင်ရခဲ့ရုံမက အာဏာအလွှဲအပြောင်းလည်း ချောမွှေ့ခဲ့ပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်က အပြောင်းအလဲတွေကို အကောင်းမြင်လွန်းတာမျိုး မဟုတ်သလို အဆိုးလည်း မမြင်ခဲ့ပါဘူး။ ရွေးကောက်ပွဲ သတင်းစကားကို စနစ်ဟောင်းကို အသေအလဲ ကာကွယ်ချင်သူတွေ နားလည်သဘောပေါက်ပြီး အပြောင်းအလဲကို လိုက်ပါလာကြမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ 

ဒါပေမယ် ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ပြီးခဲ့တဲ့ သုံးနှစ်ကျော်ကာလကို အားလုံး သိပြီးဖြစ်လို့ အသေးစိတ်တွေ မပြောတော့ပါဘူး။ အခုနောက်ဆုံး အန်အယ်ဒီက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်တွင်းက ကြိုးပမ်းလာပါတယ်။ ရှေ့လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ လွှတ်တော်တွင်း ဒီဘိတ်တွေ ဆူညံလာပါတော့မယ်။ 

ဒါဟာ နောက်ထပ် နတ်ကရာ ကြည့်မော အခြေအနေမျိုးထက် ပိုဖို့တော့ လိုပါတယ်။ မဟုတ်ရင် မြန်မာပြည်ဟာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး ဆိုတဲ့ လမ်းကြောင်းကနေ လမ်းချော်သွားမှာကို ကျနော် စိုးရိမ်ပါတယ်။

ဘရောက်ဒါဝါဒ အကြောင်းကို မြန်မာပြည်သမိုင်းလေ့လာသူတိုင်း သိကြပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ အမေရိကန် ကွန်မြူနစ်ပါတီခေါင်းဆောင် ဘရောက်ဒါ (Earl Browder) ရဲ့ အယူအဆ ဖြစ်ပြီး၊ အိန္ဒိယကွန်မြူနစ်ပါတီကတဆင့် မြန်မာပြည်ကို ရောက်ခဲ့ပါတယ်။

အနှစ်သာရအားဖြင့် စစ်ကြီးပြီးသွားတဲ့ နောက်မှာ အရင်းရှင်နှင့် အလုပ်သမားလူတန်းစားတို့ရဲ့ နောက်ထပ် တိုက်ပွဲတွေ မလိုတော့၊ ဆိုရှယ်လစ်စနစ်ကြီး ကမ္ဘာကို လွှမ်းမယ်၊ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းသွားမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

မြန်မာပြည်လွတ်လပ်ရေးမတိုင်ခင် အနှစ် ၅၀ တ၀ိုက်မှာ နိုင်ငံရေးစနစ်တွေ အဆင့်ဆင့် ပြောင်းလဲခဲ့တာကို တွေ့နိုင်ပါတယ်။ ဒိုင်အာခီခေတ်၊ ၉၁ ဌာနခေတ်၊ ဖဆပလ ကြားဖြတ်ယာယီ အစိုးရခေတ်၊ လွတ်လပ်ရေး စသဖြင့် မျဉ်းဖြောင့်ဆွဲလျှင် အဆင့်ဆင့် တိုးတက်လာတယ်လို့ ယူဆနိုင်ပါတယ်။

တိုးတက်မှုတိုင်းမှာ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ သို့မဟုတ် နှစ်မျိုးစလုံး ရှိခဲ့ပါတယ်။ လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲကလည်း တလှည့်စီဖြစ်ခဲ့တာဖြစ်ပါတယ်။ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ ဆရာစံ တောင်သူလယ်သမားသူပုန်၊ ဒို့ဗမာ အစည်းအရုံးခေတ်၊ ဖက်ဆစ် တော်လှန်ရေးတို့ တလှည့်စီဖြစ်ခဲ့ပြီး နောက်ဆုံး ဖဆပလ တပ်ပေါင်းစုကြီး ဦးဆောင်တဲ့ လူထုတိုက်ပွဲ၊ ဥပဒေတွင်းတိုက်ပွဲ နည်းလမ်းတွေနဲ့ လွတ်လပ်ရေးရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

အောင်ဆန်းအက်တလီ၊ နုအက်တလီစာချုပ်တို့နှင့် လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းတဲ့နည်းနဲ့ (တနည်းအားဖြင့် ဘရောက်ဒါဝါဒအရ) လွတ်လပ်ရေးရခဲ့တယ်လို့ ကောက်ချက်ဆွဲရင် တဖက်သတ်အမြင်ပဲ ဖြစ်ပါလိမ့်မယ်။

စစ်ကြီးအပြီး ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီကို ကြားဖြတ်ယာယီအစိုးရပုံစံဖြစ်အောင်လုပ်ဖို့ ဒေါ်မန်စမစ်နဲ့ ဆွေးနွေးပွဲတွေ ပျက်သွားတဲ့ သာဓက ရှိပါတယ်၊ ဒါကို မကျေနပ်လို့ လူထုလူတန်းစားအားလုံးပါဝင်တဲ့ စက်တင်ဘာ အထွေထွေ သပိတ်ကြီး ပေါ်ပေါက်ခဲ့တာကြောင့် အင်္ဂလိပ်ဘက်က အလျှော့ပေးပြီး ဘုရင်ခံရဲ့ ကောင်စီမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ နေရာရခဲ့တာဖြစ်ပါတယ်။ 

ဒါတောင် ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံပြီး လွတ်လပ်ရေးကို နှောင့်နှေးဖို့ ကြိုးစားခဲ့တာ၊ လူထုရဲ့ နိုင်ငံရေးနိုးကြားမှုကို မဟန်တဲ့အဆုံးမှာ နုအက်တလီစာချုပ်နဲ့ လွတ်လပ်ရေး ပေးခဲ့တာဖြစ်ပါတယ်။ ပြန်ချုပ်လိုက်ရင် မြန်မာပြည်လွတ်လပ်ရေးခရီးမှာ ငြိမ်းချမ်းစွာ အသွင်းကူးပြောင်းခဲ့တဲ့ အချိန်မရှိခဲ့ပါဘူး၊ 

မြန်မာပြည်မှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အန်အယ်ဒီက အာဏာရတာဟာ (၉၁) ဌာနခေတ် အုပ်ချုပ်ရေး အဆင့်ပဲရှိပါတယ်။ ဒါပေမယ့် ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအယူအဆ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်တဲ့အတွက် လောလောဆယ် သည်းခံနေတဲ့ အနေအထားဖြစ်ပါတယ်။ 

သမိုင်းကြောင်း ပြန်ကောက်ရရင် စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလရဲ့ လုပ်ပုံကိုင်ပုံတချို့ကို သခင်ကိုယ်တော်မှိုင်းကြီး ကိုယ်တိုင် အားမရခဲ့တဲ့အချိန်တွေရှိပြီး၊ စစ်ကြိုခေတ် ဒို့ဗမာ အစည်းအရုံးကို ပြန်လည်အသက်သွင်းဖို့ စဉ်းစားခဲ့တဲ့ သမိုင်းရှိပါတယ်။

ဒါတောင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလက ကာကွယ်ရေး၊ ပြည်ထဲရေးကို တောင်းလို့ရမှ ဘုရင်ခံရဲ့ ကောင်စီထဲပါဝင်ခဲ့တာဖြစ်ပါတယ်။ မတူတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဌာနကို ထိန်းချုပ်ခွင့်မရနိုင်မှန်း သိလျက်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကြီးမားတဲ့ နိုင်ငံရေး စွန့်စားခန်း ဖြစ်ပါတယ်။ 

အခြေအနေက ထင်တာထက် စိတ်ပျက်စရာကောင်းပါတယ်။ လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်ဒီ အစိုးရရဲ့ အာဏာဟာ ဘုရင်ခံရဲ့ အမှုဆောင် ကောင်စီထဲကို ဦးအောင်ဆန်း နဲ့ ဖဆပလအဖွဲ့ဝင်ပြီး ရာထူးယူခဲ့တာနဲ့တောင် မနှိုင်းယှဉ်သာပါဘူး။

ဦးအောင်ဆန်းက အကယ်၍ ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီထဲမှာ လွတ်လပ်ရေးအတွက် အလုပ်လုပ်လို့ မရဘူးဆိုရင် ဖဆပလ ဦးစီးအဖွဲ့က ထွက်ခဲ့လို့ ခေါ်တဲ့နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရော တဖွဲ့လုံး ထွက်ရမယ်ဆိုတဲ့ ကတိရှိခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆီက သင်ယူစရာတွေ မကုန်နိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ရွေးတဲ့လမ်းက အလုပ်ဖြစ်မယ်ဆိုရင် တိုင်းပြည်အတွက် အထိမနာတဲ့ နည်းဖြစ်လို့ ကောင်းပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး မဖြစ်နို်င်တော့ဘူးဆိုရင် ပြည်သူက သူ့လမ်းသူရွေးရပါလိ့မ်မယ်။ မြန်မာပြည်သမိုင်းမှာ ဒီအတိုင်းဖြစ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်တည်းက ရေးခဲ့တဲ့ ဆောင်းပါးအတိုင်းပဲ ပြန်နိဂုံးချုပ်ချင်ပါတယ်။ တိုင်းပြည်ကို မနာစေချင်တဲ့ ပြည်သူတယောက်အနေနဲ့ လက်ရှိအပြောင်းအလဲမှာ ဘရောက်ဒါဝါဒ အောင်မြင်ဖို့ ဆုတောင်းပေးချင်ပါတယ်။

ညီစောလွင်

(ဇူလိုင် ၂၉၊ ၂၀၁၉)

မျက်နှာဖုံးပန်းချီ - နုယဉ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013