
တိုင်ဖွန်းမုန်တိုင်း ဘာဗီက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အနောက်ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး ဖိလစ်ပိုင်ပင်လယ်ထဲကို ဝင်လာချိန်မှာ အပူပိုင်းမုန်တိုင်းအဖြစ်ကနေ အင်အားကြီး စူပါတိုင်ဖွန်း အဖြစ် အမြန်အားကောင်းလာတာကို ဂြိုဟ်တုပုံရိပ်တွေမှာ တွေ့ရပါတယ်။
ဘာဗီဟာ မာရီယာနာကျွန်းစုတွေကို ဖြတ်ကျော်နေချိန်မှာ ထင်ရှားတဲ့ မုန်တိုင်းမျက်စိနဲ့ ပိုကျယ် ပြန့် လာနေတဲ့ မုန်တိုင်းမျက်စိ နံရံတွေရဲ့ ပုံရိပ်တွေကို ရိုက်ကူးထားပါတယ်။
မုန်တိုင်း မျက်စိနံရံဟာ မုန်တိုင်းတခုရဲ့ ငြိမ်သက်နေတဲ့ ဗဟိုကို ကပ်လျက်ဝန်းရံထားတဲ့ မိုးကြိုး မုန်တိုင်းတွေပါတဲ့ ပြင်းထန် သိပ်သည်းပြီး စဉ်ဆက်မပြတ် ဖြစ်တည်နေတဲ့ ကွင်းဆက်တခုပါ။ မုန်တိုင်းရဲ့ အပြင်းထန်ဆုံးနဲ့ အကြမ်းဆုံး ရာသီဥတုဖြစ်စဉ်တွေ ပါဝင်နေပါတယ်။
မုန်တိုင်း ဘာဗီဟာ ဇူလိုင် ၅ ရက်ကနေ ၆ ရက် အထိ ကျွန်းစုရဲ့ တောင်ပိုင်းရိုတာကျွန်းကို ဖြတ်သန်း တိုက်ခတ်ခဲ့ပြီး ဖျက်ဆီးနိုင်တဲ့ အဆင့် ၅ မုန်တိုင်း အခြေအနေတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
မုန်တိုင်းဟာ တနင်္လာနေ့မှာ ဂူအမ်၊ တီနီယန်၊ ဆိုင်ပန်နဲ့ ရိုတာကျွန်းတွေဆီကို ဖြတ်ကျော် ဝင်ရောက် လာချိန်မှာ တနာရီ မိုင် ၁၈၀အထိ ပြင်းထန်တဲ့ လေတိုက်နှုန်းနဲ့ တိုက်ခတ်နေတယ်လို့ အမေရိကန် အမျိုးသားရာသီဥတုဌာနက ပြောပါတယ်။
ဒေသတွင်း ရာသီဥတုစိုးရိမ်မှုတွေ မြင့်တက်လာနေချိန်မှာ တိုင်ဖွန်းမုန်တိုင်းဟာ ထိုင်ဝမ် အနောက်ဘက်ကို ဆက်ရွေ့နေပါတယ်။ တရုတ်နိုင်ငံက ပြည်နယ်အတော်များများမှာ ရေကြီးရေလျှံ နေပြီး မိုးသည်းနေလို့ သတိထားနေရဆဲဖြစ်ပါတယ်။
Source:Reuters










